
ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် နေထိုင်သည့် အပစ်ရပ်လက်နက်ကိုင်အဖွဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးကို နေအိမ်တွင် သွားရောက်ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်ခြင်း မရှိသေးသလို သတင်းဌာနများ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်တုံ့ပြန်ခြင်း မရှိသေးပေ။
ဖမ်းဆီးခံရသူမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA) ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ၈ ဦးတွင် ပါဝင်သည့် ဒုဗိုလ်မှူးကြီးခိုင်ပေါ်လင်းဖြစ်သည်။
ဩဂုတ် ၂ ညနေပိုင်းက နာဇီရွာတွင် သူနှင့်အတူ ရှစ်တန်းကျောင်းသား မောင်စိုးမင်းနိုင်လည်း ဖမ်းဆီးခံရသည်ဟု ALP က နောက်တစ်နေ့တွင် ကြေညာပြီး ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။
ဒုဗိုလ်မှူးကြီးခိုင်ပေါ်လင်းသည် ဇွန်လက နေပြည်တော်သို့ သွားရောက် ဆွေးနွေးသည့် ALP ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သူတစ်ဦးလည်း ဖြစ်သည်။
ALP ခေါင်းဆောင်ကို ဖမ်းခြင်းမှာ ပုဂ္ဂိုလ်ရေးအရလည်း ဖြစ်နိုင်ကြောင်း မြေပုံမြို့နယ်အမတ်ဟောင်းလည်းဖြစ်၊ နိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ်သည့် ဦးဖေသန်းက မှတ်ချက်ပြုသည်။
“အမှန် အဲဒီသတင်းသေချာတယ်ဆိုရင် စဉ်းစားရမှာက ALP ဖြစ်လို့ ဖမ်းတာလား။ သို့မဟုတ် ပုဂ္ဂိုလ်ရေးတစ်ခုခု မှားယွင်းမှု၊ အပြောအဆို အပြုအမူ အလုပ်အကိုင်မှားယွင်းလို့ ဖမ်းတာလား၊ အဲဒီဟာတစ်ချက် စဉ်းစားဖို့ လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြား ALP အဖွဲ့ဝင်တွေကို မဖမ်းဘဲ သူ့ကိုသာ ဖမ်းတယ်ဆိုရင် အဲဒီအပေါ်မှာလည်း ဘာကြောင့်ဖမ်းတယ်ဆိုတာ ပြောရခက်ပါတယ်” ဟု ဦးဖေသန်းက ပြောသည်။
ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး AA ၏ဖြေရှင်းချက်ပေးခြင်းကို မတွေ့ရသေးကြောင်း၊ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်သူဖြစ်၍ ဖမ်းဆီးခြင်းလည်း မဟုတ်နိုင်ကြောင်း သူက ဆက်ပြောသည်။
“အစည်းအဝေးတက်တာက တခြားပါတီတွေကလည်း တက်ကြတာပဲ။ တခြားပါတီကလူတွေကို မဖမ်းဘဲနဲ့ အစည်းဝေးကို တက်ရုံလောက်နဲ့ ဖမ်းတာတော့ မဖြစ်နိုင်ဘူး။ သို့သော် သူ့အနေနဲ့ ULA/AA အပေါ် ဘယ်လို ဖေဝန်မှုတွေ၊ သူတို့ မကြိုက်တာတွေကို လုပ်မိလဲဆိုတာ တစ်ချက်ကိုတော့ စဉ်းစားမိပါတယ်” ဟု ဦးဖေသန်းက ပြောသည်။
AA ၏ ပြောရေးဆိုခွင့်ရှိသူထံ Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်ချက် မရသေးပေ။
ALP ၏ ယမန်နေ့က ထုတ်ပြန်ချက်တွင် ၎င်းဖြစ်စဉ်သည် ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိပါးစေပြီး ရခိုင့်တော်လှန်ရေးအဖွဲ့ အချင်းချင်းကြားတွင် လုံးဝမဖြစ်သင့်သည့် ဖြစ်ရပ်ဟု ရှုမြင်ကြောင်း၊ ယခင်ကလည်း ALP ၏ ခေါင်းဆောင်တချို့နှင့် ပါတီဝင်ရဲဘော်များကို AA က ဖမ်းဆီးခဲ့ပြီး ယနေ့အချိန်အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ဖော်ပြထားသည်။

နောက်ဆက်တွဲဖြစ်ရပ်
ဒုဗိုလ်မှူးကြီးခိုင်ပေါ်လင်း ပျောက်ဆုံးသွားပြီးနောက် ထိုရွာတွင် ဖမ်းဆီးမှုတစ်ခု ထပ်မံပေါ်ပေါက်လာသည်။
ခိုင်ပေါ်လင်းကို AA က ဖမ်းဆီးရာတွင် ပါဝင်သည်ဟု စွပ်စွဲပြီး နာဇီရွာမီးလောင်ကွင်းမှ ရာအိမ်မှူး အသက် ၅၀ ခန့်အရွယ် ဦးဘစောကို ဩဂုတ် ၂ ရက် ညပိုင်း၌ ALP က ဖမ်းဆီးသွားကြောင်း မျက်မြင်သက်သေများကို ကိုးကား၍ Arakan Princess Media က သတင်းဖော်ပြထားသည်။
ALP အတွင်းရေးမှူး ခိုင်အောင်စိုးသန်းကမူ ထိုရာအိမ်မှူးဆိုသူကို ရဲနှင့် စစ်တပ် ပူးပေါင်းအဖွဲ့က ကားတစ်စီးဖြင့် ရောက်လာပြီး ဖမ်းဆီးသွားခြင်းသာဖြစ်သည်ဟု ပြောသည်။
“ကျွန်တော်တို့ဆီက ဖမ်းတာမဟုတ်ပါ။ စစ်ကောင်စီက ဖမ်းသွားတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ဆရာ ခိုင်ပေါ်လင်းကို ဖမ်းတဲ့အခါ အဲဒီစစ်ကောင်စီတွေက ကျွန်တော်တို့ ရုံးနားကို ရောက်ကြတယ်။ ပြီးတော့ အဲဒီနားက မျက်မြင်သက်သေတွေကို လိုက်စစ်ပါတယ်တဲ့” ဟု ခိုင်အောင်စိုးသန်းက ပြောသည်။
“(ရာအိမ်မှူးကို) ကျွန်တော့်ဘက်က ဖမ်းတာမဟုတ်ပါ။ ကျွန်တော်တို့ဘက်က ဖမ်းစရာကြောင်းလည်း မရှိပါ”
ထို့နေ့ညက နာဇီရွာတွင်ရှိသော ALP ရုံးကိုလည်း ထိုစစ်သားနှင့် ရဲများက ရောက်လာခဲ့ကြောင်း ခိုင်အောင်စိုးသန်းက ပြောသည်။
“အဲဒါကို စစ်ကောင်စီအဝတ်တွေ ဝတ်ပြီး ကျွန်တော်တို့ဘက်လူတွေ ဖမ်းတယ်ဆိုပြီးရတာ လျှောက်ပြောနေကြတာ။ အဲဒါ မဟုတ်ပါဘူး။ စစ်ကောင်စီတပ်က ကျွန်တော်တို့ ရုံးကိုဝင်တယ်။ အဲဒီအနားက မျက်မြင်သက်သေတွေကို ခေါ်ပြီးတော့ အခင်းဖြစ်တဲ့နေရာကို သွားကြတယ်လို့ သိရတယ်” ဟု ၎င်းက ဆက်ပြောသည်။
ALP သည် စစ်ကောင်စီ ဖိတ်ခေါ်သဖြင့် နေပြည်တော်သို့ သွားရောက်ပြီး ဗိုလ်ချုပ်ကြီးများနှင့် ဆွေးနွေးခဲ့သဖြင့် ရှုတ်ချကြောင်း ရက္ခိုင်ပြည်ကျေင်းသားသမဂ္ဂအပါအဝင် ၂၄ ဖွဲ့က မေ ၁၅ တွင် ကြေညာချက် ထုတ်ပြန်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)