
ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်အနီး ဇူလိုင် ၁ က ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုဥက္ကဋ္ဌ အပါအဝင် ၃ ဦး ပစ်သတ်ခံရသည်။
ALP ပါတီရုံးမှ ပြန်လာသော ဒုဥက္ကဋ္ဌ ခိုင်နီရောင်၊ ALA (ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်) အမှတ် (၁၀၁) တပ်ရင်းမှ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့ စီးလာသော ကားကို ဇူလိုင် ၁ မွန်းတည့် ၁၂ နာရီကျော်တွင် စစ်တွေမြို့၊ မင်းဂံလမ်းဆုံ၊ စစ်တွေတက္ကသိုလ်အနီး အခြားကားတစ်စီးပေါ်မှနေ၍ သေနတ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“စစ်တွေမြို့က ALP ရုံးချုပ် စက်ရုံစုရပ်ကွက်နားမှာပဲ။ တက္ကသိုလ်နဲ့လည်း နီးတယ်။ သေနတ်သံတွေတော့ ကြားတယ်။ လူ ၃ ဦး သေတယ်၊ ၃ ဦး ဒဏ်ရာရတယ် ကြားတယ်” ဟု စက်ရုံစုရပ်ကွက်နေသူတစ်ဦးက ပြောသည်။
မိုခါမုန်တိုင်းကယ်ဆယ်ရေးအတွက် ပြုလုပ်ခဲ့သော အစည်းအဝေးမှ ပြန်လာသည့် ဒုဥက္ကဋ္ဌအပါအဝင် ၃ ဦး သေဆုံးကြောင်း ALP က ဇူလိုင် ၂ တွင် ထုတ်ပြန်ခဲ့ပြီး ရက္ခိုင့်တပ်တော် (ULA/AA) က ရည်ရွယ်ချက်ရှိရှိ ချောင်းမြောင်းပစ်ခတ် လုပ်ကြံသည်ဟု စွပ်စွဲထားသည်။
ALP ပါတီသည် စက်ရုံစုရပ်ကွက်တွင် ဌာနချုပ်ဖွင့်လှစ်ထားပြီး သေဆုံးသူများသည် ဒေါ်စောမြရာဇာလင်း ဦးဆောင်သောအဖွဲ့မှ တာဝန်ရှိသူများဖြစ်ကြသည်။
ထိုပစ်ခတ်မှုနှင့် ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက AA နှင့် ပတ်သက်မှုမရှိကြောင်း Myanmar Now ကို ဇူလိုင် ၂ က ပြောသည်။
“ဒီထုတ်ပြန်ချက်ကလည်း အခြေအမြစ်မရှိ စွပ်စွဲပြီးတော့ ထုတ်ပြန်တာပဲ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ သူတို့ ALP အဖွဲ့အစည်းထဲမှာ အချင်းချင်း မကျေနပ်မှုတွေ၊ အကွဲအပြဲတွေ၊ ပြီးရင် စီးပွားရေးစားကျက်လုမှုတွေ ဒီဟာတွေအပေါ်မှာ အခြေခံပြီးတော့မှ တစ်ဖက်နဲ့ တစ်ဖက် မကျေနပ်မှုတွေ များလာပြီးတော့ လုပ်ကြံသတ်ဖြတ်တာ ဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။
“နောက်တစ်ချက်ကတော့ ALP အဖွဲ့ဝင်တွေဟာ စစ်တွေမြို့ထဲမှာ ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက်၊ အနိုင်ကျင့် လုပ်နေတာမျိုးတွေ ရှိတယ်။ နောက်ပြီးတော့ ပြန်ပေးဆွဲပြီးမှ ငွေတောင်းတဲ့ဖြစ်စဉ်တွေ၊ ရာဇဝတ်မှုတွေကိုလည်းပဲ တောက်လျှောက် ကျူးလွန်နေတာ ရှိတယ်။ ဒါကြောင့်မို့လို့ စစ်တွေဒေသခံတွေကြားမှာ မကျေနပ်မှုတွေလည်း တိုးပွားနေတာရှိတယ်။ ဒါကြောင့် မကျေနပ်သူတစ်ယောက်ယောက်က လက်တုံ့ပြန်တာမျိုး ဖြစ်နိုင်တာပေါ့” ဟု ခိုင်သုခက ဆက်ပြောသည်။
ယခုနှစ် ဇန်နဝါရီ ၄ ကလည်း ပြည်နယ်စစ်ကောင်စီ ပြုလုပ်သည့် လွတ်လပ်ရေးနေ့အခမ်းအနား တက်ရောက်အပြီး ပြန်လာသော ALP စစ်ဦးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ ဗိုလ်မှူးကြီးခိုင်ကျော်စိုး၊ ဗိုလ်ကြီးခိုင်သူရိန္ဒတို့ စီးနင်းလာသော ကား ပါတီရုံးအနီးတွင် ပစ်ခတ်ခံရပြီး ၃ ဦးလုံး ပွဲချင်းပြီး သေဆုံးခဲ့သည်။
ထိုစဉ်ကလည်း AA လက်ချက်ဟု ALP က ပြောခဲ့ပြီး AA ဘက်ကလည်း ငြင်းဆန်ထားသည်။
ဖြစ်စဉ်အသေးစိတ်နှင့် ပတ်သက်ပြီး ALP တာဝန်ရှိသူများထံ Myanmar Now က ဆက်သွယ်ထားသော်လည်း ပြန်လည်ဖြေကြားခြင်း မပြုသေးပေ။
ပါတီဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းသည် အာဏာသိမ်းစစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးဖြစ်ပြီး ဇွန် ၂၆ မှ ၂၈ အထိ နေပြည်တော်၌ ပြုလုပ်သော စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ခဲ့သည်။

လက်ရှိတွင် စစ်တွေမြို့ပေါ်၌ ALP က ဒေသခံများကို မကြာခဏ ဖမ်းဆီးစစ်ဆေးနေသည်ဟု မြို့ခံများက ပြောသလို စစ်ကောင်စီက ALP ကို နယ်ခြားစောင့် (BGF) တပ်ဖွဲ့အဖြစ် ထားမည်ဟု သတင်းများ ထွက်ပေါ်နေပြီးနောက် ယခုကဲ့သို့ ပစ်ခတ်ခံရခြင်း ဖြစ်သည်။
ALP သည် AA နှင့် ဆက်ဆံရေး တင်းမာနေပြီး ALP တပ်ဖွဲ့ဝင်များကို AA က မကြာခဏ ဖမ်းဆီး စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။
ယမန်နှစ် ဇွန်လလယ်က စစ်ကောင်စီဖိတ်ခေါ်သော နေပြည်တော် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ သွားတက်ခဲ့သည့် (ALP) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို သြဂုတ် ၂ ညနေတွင် AA က စစ်တွေမြို့ နေအိမ်၌ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ယနေ့အထိ ပြန်မလွှတ်သေးပေ။
ထိုကိစ္စနှင့် ပတ်သက်ပြီး စစ်ဆေးမေးမြန်းလေ့ရှိကြောင်း၊ တချို့ကို လိုအပ်ချက်အရ တာရှည်ထိန်းသိမ်းထားကြောင်း AA ဘက်က ပြောထားသည်။
၂၀၂၀ ခုနှစ် သြဂုတ် ၁၀ က ALP ၏ တွဲဖက်အတွင်းရေးမှူး ခိုင်အောင်စိုးသန်း၊ ဆက်ဆံရေးရုံးဝန်ထမ်း ခိုင်ဌေး၊ ဆေးဘက်ဆိုင်ရာ ရခိုင်လူထုကျန်းမာရေးလုပ်သားအဖွဲ့ (RCHWA) မှ ခိုင်မျိုးဇံ၊ ခိုင်မိုးဇက်နှင့် ခိုင်ဟိန်းဇော်တို့ကို ပုဏ္ဏားကျွန်းမြို့နယ်၊ မြောင်ကြီးကျေးရွာအနီး AA က ဖမ်းဆီးပြီး ၈ ရက်အကြာတွင် ပြန်လွှတ်ခဲ့သည်။
အလားတူ ယင်းနှစ် မေလအတွင်း ALP/ALA တပ်ဖွဲ့ဝင်များဖြစ်သည့် ပေါက်တောမြို့နယ်၊ ရီဗက်ချိုင်ကျေးရွာမှ ခိုင်မောင်ခင်ဝင်း၊ ခိုင်မောင်လုံး၊ ခိုင်မြတ်စံနှင့် တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာမှ (ALP) ပြည်ပစည်းရုံးရေးကော်မတီအဖွဲ့ဝင် ခိုင်ဝင်းလှိုင်တို့ကို AA ဖမ်းဆီးသွားခဲ့ပြီး ထိုနှစ် နိုဝင်ဘာလ၊ ၂၀၂၁ ဇန်နဝါရီလတို့တွင် ပြန်လွှတ်ပေးခဲ့သည်။
ရခိုင်ပြည်သူများ လွတ်မြောက်ရေးနှင့် တိုင်းရင်းသားအခွင့်အရေး အပြည့်ရရှိရန် တောင်းဆို တိုက်ပွဲဝင်မည်ဟု ရည်ရွယ်ချက်ဖြင့် ALP ကို ၁၉၆၈ ခုနှစ် နိုဝင်ဘာ ၂၀ တွင် စတင်ဖွဲ့စည်းခဲ့သည်။
ALP သည် ၂၀၁၅ တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခဲ့ပြီး ထိုစဉ်က စစ်ဘက်ဆိုင်ရာ ခန့်မှန်းအင်အား ၁၀၀ ခန့်နှင့် ပါတီအဖွဲ့ဝင် ၂၀၀၀ ခန့်ရှိသည်။
NCA ထိုးပြီးနောက်ပိုင်း ပါတီတွင်း သဘောထားကွဲလွဲကာ ပါတီထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြသော ဥက္ကဋ္ဌ ခိုင်ရဲခိုင်၊ ဒေါ်စောမြရာဇာလင်းတို့ ဦးဆောင်သောအဖွဲ့နှင့် ပါတီဒု-ဥက္ကဋ္ဌဟောင်း ခိုင်စိုးနိုင်အောင်နှင့် ခိုင်ကျော်လှိုင်တို့ ဦးဆောင်သောအဖွဲ့ နှစ်ခြမ်းကွဲသွားသည်။
ယခုနှစ် မတ်လအတွင်း ALP ပါတီတွင် ဌာနတွင်းအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ကာ ဥက္ကဋ္ဌ ခိုင်ရဲခိုင်အစား ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ဥက္ကဋ္ဌဖြစ်လာခဲ့ပြီး မတ် ၂၀ တွင် ပါတီကို ပြန်လည်ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ ထိုကာလအတောအတွင်း ALP ဒုစစ်ဦးစီးချုပ် ခိုင်စိုးမင်းကို ဖမ်းဆီးစစ်ဆေးခဲ့ကာ ၎င်းကို ပြန်လွှတ်ကြောင်း ဧပြီ ၉ တွင် ထုတ်ပြန်ခဲ့သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)