ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခဲ့သည့်နောက်ပိုင်းတွင် ရခိုင်လက်နက်ကိုင်နှစ်ဖွဲ့ကြား တင်းမာမှုမြင့်တက်လာခဲ့သည်။
ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းသည် ဇွန်လလယ်က စစ်ကောင်စီဖိတ်ခေါ်သော နေပြည်တော် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ သွားရောက်ခဲ့သည်၊ သြဂုတ် ၂ ညနေပိုင်းတွင် AA က သူ့ကို စစ်တွေမြို့ နေအိမ်၌ ဝင်ရောက်ဖမ်းဆီးလိုက်သည်။
ပြည်သူများတိုင်တန်းချက်အရ ဖမ်းဆီးရခြင်းဖြစ်သည်ဟု ဩဂုတ် ၁၁ သတင်းစာရှင်းလင်းပွဲတွင် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
“ခိုင်ပေါ်လင်းကို ကျွန်တော်တို့ ဖမ်းဆီးတာကတော့ သူကို ALP အဖွဲ့ဝင်ဖြစ်လို့ ဖမ်းတယ်ဆိုတာထက် ရက္ခိုင်ပြည်သူလူထုတွေအပေါ်မှာ ကျူးလွန်ထားတဲ့ သူရဲ့ ရာဇဝတ်မှုတွေကြောင့် ဖမ်းဆီးရတာ ဖြစ်ပါတယ်“ ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက ပြည်သူတစ်ဦးချင်းစီ၏ ဖုန်းများကို စစ်ဆေးနေသည့် အခြေအနေမျိုးတွင်ပင် စစ်တွေမြို့အတွင်း လက်နက်ကိုင်ဆောင်ကာ ပြည်သူများကို ခြိမ်းခြောက်၊ အနိုင်ကျင့်နေခြင်းမှာ စစ်ကောင်စီနှင့် ALP အကြား ပူးပေါင်းဆောင်ရွက်မှုများရှိနေကြောင်း ပြသနေသည်ဟု AA က စွပ်စွဲသည်။
“ALP တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတယ်ဆိုတာက သူတို့တွေဟာ မြန်မာစစ်တပ်နဲ့ ပေါင်းပြီး ရခိုင်ပြည်သူလူထုကို မလုံခြုံအောင် လုပ်တာတွေရှိတယ်။ ပလက်ဝဘက်မှာဆိုရင်လည်း ALP တပ်ဖွဲ့ဝင်တွေကပဲ လမ်းပြအဖြစ် ဦးဆောင်ပြီး မြန်မာစစ်တပ်ကို ခေါ်လာတာတွေရှိပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ဘက်က ဖမ်းဆီးရတာပါ။ စစ်ဆေးပြီးရင်လည်း ပြန်လွှတ်ပေးတာတွေလည်း ရှိပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။
“နောက်တစ်ခုက ဒီလိုအုပ်စုဖွဲ့လို့ ရာဇဝတ်မှုကျုးလွန်တာတွေဟာ ပြည်သူလူထုရဲ့လုံခြုံရေးကို ခြိမ်းခြောက်နေတာ ဖြစ်သလို တစ်ဖက်မှာ ရန်သူနဲ့ ပူးပေါင်းပြီး ပြည်သူလူထုကို သစ္စာဖောက်နေတာ ဖြစ်ပါတယ်”
အပြန်အလှန် ဖမ်းဆီးမှု
ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ထိုသို့ ဖမ်းဆီးခြင်းသည် ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိပါးစေသည်၊ ရခိုင်တော်လှန်ရေးအဖွဲ့ အချင်းချင်းအကြားတွင် လုံးဝမဖြစ်သင့်ဟု ALP က ထုတ်ပြန်ထားသည်။
ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ဖမ်းဆီးရာတွင် ပါဝင်သည်ဟု ယူဆရသည့် စက်ရုံစုရပ်ကွက်မှ ရာအိမ်မှူး ဦးဘစော၊ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ကို စစ်ကောင်စီတပ်က သြဂုတ် ၂ ရက်နှင့် ၃ ရက် တို့တွင် ဖမ်းဆီးခဲ့သည်။
ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် ပါတီဝင်တွေကို ထိခိုက်လာရင် လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဆောင်သွားမယ်
ထိုသို့ ဖမ်းဆီးရာတွင် ALP က ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲချက်များ ရှိသော်လည်း ALP က ငြင်းဆိုခဲ့သည်။
သြဂုတ် ၇ ရက်နေ့တွင်လည်း စက်ရုံစုရပ်ကွက် အကွက် (၆) မှ အမျိုးသား နှစ်ဦးကို ALP က ဖမ်းဆီးစဉ် ကိုအေးကိုလှိုင်ဆိုသူကို မိခဲ့ပြီး ကိုသိန်းဆန်းဆိုသူ လွတ်မြောက်သွားခဲ့သည်ဟု ဆိုသည်။
ကိုသိန်းဆန်းထွက်ပြေးစဉ် ALP က ပစ်ခတ်သဖြင့် ခြေသလုံးတွင် ဒဏ်ရာရရှိသွားသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီး ALP ခေါင်းဆောင်များကမူ ပစ်ခတ်မှု မရှိခဲ့ကြောင်း သတင်းဌာနများကို ပြောဆိုထားသည်။
“ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် ပါတီဝင်တွေကို ထိခိုက်လာရင် လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဆောင်သွားမယ်” ဟု ALPပါတီ၏ ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးက သတင်းထောက်များကို ပြောသည်။
ပါတီ၏ ဗိုလ်မှူးကြီးများ၊ ဗဟိုကော်မတီဝင်များ၊ ရဲဘော်များ AA ဖမ်းသွားခြင်းကို အကြိမ်ကြိမ် သည်းခံခဲ့သော်လည်း ယခုအချိန်တွင် သည်းခံနိုင်မည်မဟုတ်တော့ကြောင်း ALP က ပြောဆိုလာသည်။
ယခင် ဖမ်းဆီးမှုများ
၂၀၂၀ သြဂုတ် ၁၀ ရက်က ALP ၏တွဲဖက်အတွင်းရေးမှူး ခိုင်အောင်စိုးသန်း၊ ဆက်ဆံရေးရုံး ဝန်ထမ်း ခိုင်ဌေး၊ ဆေးဘက်ဆိုင်ရာ ရခိုင်လူထုကျန်းမာရေးလုပ်သားအဖွဲ့ (RCHWA) မှ ခိုင်မျိုးဇံ၊ ခိုင်မိုးဇက်နှင့် ခိုင်ဟိန်းဇော်တို့ကို ပုဏ္ဏားကျွန်းမြို့နယ်၊ မြောင်ကြီးကျေးရွာအနီး AA က ဖမ်းဆီးခဲ့သည်။ ထိုလ ၁၈ ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။
၂၀၂၀ မေလအတွင်းကလည်း ALP/ALA တပ်ဖွဲ့ဝင်များဖြစ်သည့် ပေါက်တောမြို့နယ်၊ ရီဗက်ချိုင်ကျေးရွာမှ ခိုင်မောင်ခင်ဝင်း၊ ခိုင်မောင်လုံး၊ ခိုင်မြတ်စံနှင့် တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာမှ (ALP) ပြည်ပစည်းရုံးရေးကော်မတီအဖွဲ့ဝင် ခိုင်ဝင်းလှိုင်ကို AA ဖမ်းဆီးသွားခဲ့ပြီး ထိုနှစ် နိုဝင်ဘာလ၊ ၂၀၂၁ ဇန်နဝါရီလတို့တွင် ပြန်လွှတ်ပေးခဲ့သည်။
ယခင်ကလည်း အဖမ်းခံရသည့် ALP/ALA အရံဗဟိုကော်မတီဝင် ခိုင်အောင်သိန်းဌေးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦးကျော် ယနေ့အထိ ပြန်မလွတ်သေးကြောင်း ALP ဘက်က ဆိုသည်။
စစ်ဆေးမေးမြန်းပြီးလျှင် တချို့ကို လိုအပ်ချက်အရ တာရှည်ထိန်းသိမ်းသည်ဟု AA ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ပြောသည်။
ထိုသို့ ဖမ်းဆီးခြင်းများ ၂၀၁၇ တွင် ၂ ကြိမ်၊ ၂၀၂၀ တွင် ၂ ကြိမ် ရှိခဲ့ဖူးသည်ဟု ALP ၏ ၂၀၂၀ သြဂုတ် ၁၁ ရက်နေ့ထုတ်ပြန်ချက်တွင် ပါရှိသည်။
AA နှင့် ALP တိုက်ပွဲ
ကချင်တွင် အစပြုဖွဲ့စည်းခဲ့သည့် AA သည် ရခိုင်ပြည်တွင်းသို့ ဝင်ရန် စတင်ကြိုးပမ်းချိန်က မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဖွင့်လှစ်ထားသော ALP ၏ ဂိတ်စခန်းတွင် ရခိုင်လက်နက်ကိုင်အဖွဲ့များကြား နှစ်ဖက်နားလည်မှုဖြင့် သွားလာလှုပ်ရှားကြရန် သဘောတူထားခဲ့ကြသည်။ သို့သော်လည်း ၂၀၁၄ နောက်ပိုင်းတွင် နှစ်ဖက်တပ်ဖွဲ့ဝင်များကြား မကြေလည်သည့်ကိစ္စရပ်များကြောင့် ချောင်းမြောင်းတိုက်ခိုက်မှုများရှိခဲ့သည်။
၂၀၁၆ ဇွန် တွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ဌာနချုပ်သို့လာသည့် ALP/ALA ၏ စစ်ကြောင်းတစ်ခုနှင့် AA တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း ALP ရဲဘော်တစ်ဦးကို AA ဖမ်းဆီးသွားကြောင်းနှင့် နောက်ထပ်ရဲဘော်တစ်ဦးလည်း ပျောက်ဆုံးနေကြောင်း ALP က ကြေညာချက်ထုတ်ခဲ့သည်။
AA အဖွဲ့အတွက် စစ်သုံးဖိနပ်အရံ ၆ဝ နှင့် အခြားပစ္စည်းများ သယ်လာပေးသူများကို လမ်းတွင် တားဆီး လုယူသွားခဲ့သည့်အတွက် လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ခြင်းသာဖြစ်သည်ဟု AA က ထုတ်ဖော်ပြောဆိုခဲ့သည်။
ယင်းဖြစ်စဉ် နောက်ပိုင်းတွင်လည်း မပြေလည်မှုများ ဆက်ရှိနေသည့်အတွက် မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ် တြိဂံနယ်မြေရှိ ALP ၏ ဗဟိုဌာနချုပ်ကို AA က ၂၀၁၇ သြဂုတ်တွင် ဝင်တိုက်ခဲ့သည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားစဉ် ALP မှ ရိန်းဂျားတပ်ဖွဲ့ဝင် (၃) ဦးကျဆုံး၊ (၄)ဦး သုံ့ပန်းဖြစ်သွားသည်ဟု ALP က ပြောသည်။ ဌာနချုပ်စခန်းလည်း ဆုံးရှုံးလိုက်ရသည်။
နှစ်ဖက် အငြင်းပွားမှု
AA နှင့် ALP အကြား အငြင်းပွားမှုတစ်ခုမှာ ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့သည်။ မြန်မာ-အိန္ဒိယနယ်စပ် လုံတလိုင်မြို့ နေအိမ်တစ်လုံးကို ၂၀၁၉ အောက်တိုဘာလတွင် မျက်နှာဖုံးစွပ်ထားသူများ ဝင်ရောက် စီးနင်းကာ AA အဖွဲ့ဝင်တချို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်လက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် AA နှင့် ALP အကြား အငြင်းပွားမှု ဖြစ်ပေါ်နေကြောင်း နှစ်ဖက်အဖွဲ့အစည်းများ၏ သတင်းထုတ်ပြန်ခဲ့ကြသည်။
ကွန်ပျူတာ၊ ဖုန်း၊ စာရွက်စာတမ်းနှင့် ငွေကြေးအချို့ပါ သိမ်းဆည်းခံခဲ့ရသည့် ဖြစ်စဉ်ကြောင့် အိန္ဒိယ-ရခိုင်နယ်စပ်ရှိ ရခိုင်လူမျိုးများ၊ ရခိုင်မျိုးနွယ်စုများ၏ စိုးရိမ်ကြောက်လန့်မှုကို မြင့်တက်စေပြီး နယ်စပ်တည်ငြိမ်ရေးနှင့် လူမျိုးရေးပြဿနာများ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း၊ ယင်းဖြစ်စဉ်တွင် ALP ပါဝင်ပါက မည်သူ့မျက်နှာကိုမျှ ထောက်ထားမည်မဟုတ်ဘဲ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း AA က ချက်ချင်း သတင်းထုတ်ပြန်ခဲ့သည်။
ပါတီခေါင်းဆောင်နှင့် တပ်ခေါင်းဆောင်တို့က ထိုသို့ စီးနင်းရန် ညွှန်ကြားထားခြင်း မရှိဟု အခိုင်အမာ ပြောကြားလိုကြောင်း၊ AA သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားချက်များ မှန်ကန်ပါက လိုအပ်သလို အရေးယူသွားမည်ဖြစ်ကြောင်း ALP ကလည်း မဆိုင်းမတွပင် သတင်းထုတ်ပြန်သည်။
ALP သည် နှစ်ပေါင်း ၅၀ ကျော် တော်လှန်ရေးသမိုင်းတွင် ယခုကဲ့သို့သောလုပ်ရပ်မျိုးကို မည်သည့်အခါမျှ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း၊ နောင်ကိုလည်း ပြုလုပ်မည်မဟုတ်ကြောင်း၊ အမျိုးသားရေးကို အခြေခံပြီး ဖွဲ့စည်းထားခြင်း၊ ငြိမ်းချမ်းရေးကို တန်ဖိုးထား လုပ်ကိုင်နေသော အဖွဲ့အစည်းဖြစ်ခြင်းကြောင့် ရခိုင်လူမျိုးအချင်းချင်း ထိခိုက်နစ်နာစေသော အပြုအမူနှင့် လုပ်ရပ်များကို လုပ်ဆောင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ALP သမိုင်းအကျဉ်း
ရခိုင်ပြည်သူများ လွတ်မြောက်ရေးနှင့် တိုင်းရင်းသားအခွင့်အရေးအပြည့်ရရှိရန် တောင်းဆို တိုက်ပွဲဝင်မည်ဟု ရည်ရွယ်ချက်ဖြင့် ALP ကို ၁၉၆၈ နိုဝင်ဘာ ၂၀ တွင် စတင်ဖွဲ့စည်းခဲ့သည်။ ဌာနချုပ်ကို အိန္ဒိယနယ်စပ်၊ ရွေ့လျားဌာနချုပ်ကို ကရင်ပြည်နယ်တွင် ထားရှိခဲ့သည်။ အိန္ဒိယနိုင်ငံ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် ၊ မလေးရှားနှင့် အမေရိကန်ဌာနခွဲများလည်းရှိသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ကရင်ပြည်နယ်အတွင်းတွင် စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်ခဲ့သည်။
ALP သည် ၂၀၁၅ တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းဖြစ်သည်။
NCA တွင် ပါဝင်ပြီးနောက် စစ်ဘက်ဆိုင်ရာခန့်မှန်းအင်အား ၁၀၀ ခန့်နှင့် ပါတီအဖွဲ့ဝင် ၂၀၀၀ ခန့်ရှိသည်။
ALP သည် ဥက္ကဋ္ဌကြီး ခိုင်မိုးလင်း လက်ထက်ကတည်းက လွတ်လပ်ရေးဆိုသည့်မဟာဗျူဟာကို လက်ကိုင်ထားခဲ့သော်လည်း NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ပါတီအတွင်း သဘောထားကွဲလွဲမှု အကျိုးဆက်အဖြစ် ပါတီထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြသော ပါတီဥက္ကဋ္ဌ ခိုင်ရဲခိုင်၊ စောမြရာဇာလင်းတို့ ဦးဆောင်သောအဖွဲ့နှင့် ပါတီဒု-ဥက္ကဋ္ဌဟောင်း ခိုင်စိုးနိုင်အောင်နှင့် ခိုင်ကျော်လှိုင်တို့ ဦးဆောင်သောအဖွဲ့တို့ နှစ်ခြမ်းကွဲသွားကြသည်။
စစ်မျက်နှာ များစွာ ဖွင့်ထားသော စစ်ကောင်စီက လက်နက်ကိုင်အဖွဲ့များကို နေပြည်တော်သို့ “ငြိမ်းချမ်းရေး” ဆွေးနွေးရာ ALP လည်း တက်ရောက်ခဲ့သည်။
အများပြည်သူကို သတ်ဖြတ်နေချိန် ဒုဥက္ကဋ္ဌဒေါ်စောမြရာဇာလင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ခိုင်စိုးမြနှင့် ခိုင်ပေါ်လင်းတို့ စစ်ကောင်စီနှင့် သွားရောက် တွေ့ဆုံသည့်အတွက် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၂၉ ခုက ကန့်ကွက်ခဲ့ကြသည်။
ULA/AA
ရခိုင်ပြည်သူများကို ကာကွယ်ရန်၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် လွတ်လပ်ရေး၊ ဖွံ့ဖြိုးရေး ရည်မှန်းချက်များဖြင့် ရခိုင်အမျိုးသားအဖွဲ့ချုပ်(Union League of Arakan)ကို ၂၀၀၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရက္ခိုင့်တပ်တော် (Arakan Army -AA)ကို ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်တွင် စတင်တည်ထောင်ခဲ့သည်။ စစ်ဦးစီးချုပ်သည် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဖြစ်ပြီး ဒုတိယစစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင် ဖြစ်သည်။
AA သည် ၂၀၁၅ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်ရန် စတင်ကြိုးပမ်းခဲ့ပြီး စစ်တပ် စစ်ကြောင်းများနှင့် ထိတွေ့တိုက်ပွဲ ရှိခဲ့သည်။ ၂၀၁၈ နှစ်ကုန်ပိုင်းက စတင်၍ တိုက်ပွဲများ ထပ်မံ ဖြစ်ပွားလာပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့် ရဲစခန်း ၄ ခုကို AA ဝင်တိုက်ခဲ့သည်။ ထို့နောက် ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများ လက်ရှိအချိန်အထိ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
၂၀၁၉ မတ်လ ၂၁ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် NRPC နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ တွေ့ဆုံမှုသို့ AA အဖွဲ့မှ ဗိုလ်မှူးကြီးကျော်ဟန် ဦးဆောင်၍ တက်ရောက်ခဲ့သည်။
ထို့ပြင် ၂၀၁၉ ဧပြီလ ၃၀ ရက်က မူဆယ်မြို့တွင် ပြုလုပ်ခဲ့သည့် (NRPC) ကိုယ်စားလှယ်အဖွဲ့ နှင့် KIO (ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့) , MNTJP (မြန်မာအမျိုးသားအမှန်တရားနှင့် တရားမျှတရေးပါတီ) , PSLF (ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး) နှင့် ULA (ရခိုင်အမျိုးသားအဖွဲ့ချုပ်) တို့ တွေ့ဆုံမှုကိုလည်း ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင် ဦးဆောင်၍ တက်ရောက်ခဲ့သည်။
၂၀၁၉ ခုနှစ် သြဂုတ် ၁၅ ရက်တွင် AA, MNDAA, TNLA ပူးပေါင်းအဖွဲ့က ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ်နှင့် နေရာငါးနေရာကို တိုက်ခိုက်ခဲ့ပြီးနောက် လက်ရှိအချိန်ထိ စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။
သို့ရာတွင် ၂၀၁၉ သြဂုတ် ၃၁ ရက်၌ ကျိုင်းတုံမြို့တွင် မြောက်ပိုင်း ၄ ဖွဲ့နှင့် NRPC တို့ တွေ့ဆုံရာ AA အဖွဲ့မှ ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင် ဦးဆောင်၍ တက်ရောက်ခဲ့ပြီး တွေ့ဆုံပွဲအပြီးတွင် ပူးတွဲ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
၂၀၂၀ မတ်လ ၂၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတအမိန့်ဖြင့် ULA နှင့် AA ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ထုတ်ပြန်ကြေညာခဲ့ပြီး စစ်ကောင်စီ၏ မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က AA ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားခြင်းမှ ပြန်လည်ရုပ်သိမ်းကြောင်း ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၁၈ နှစ်ကုန်ပိုင်းကစတင်ပြီး မီးကုန်ယမ်းကုန် တိုက်ခဲ့သည့် AA နှင့် မြန်မာစစ်တပ်အကြား ၂၀၂၀ နိုဝင်ဘာလမှစ၍ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်စေ့စပ်ချက်အရ မည်သည့် နိုင်ငံရေး သဘောတူညီချက်မှမပါဘဲ နှစ်ဖက်နားလည်မှုဖြင့် အပစ်အခတ် ရပ်စဲခဲ့သည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း ရခိုင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ဘဲ စစ်ကောင်စီတပ်နှင့် AA နှစ်ဖက်လုံး အင်အား ဖြည့်တင်းနေခဲ့သည်။
ဖေဖော်ဝါရီ ၁၂ ရက်က ကျင်းပသည့် ၇၅ ကြိမ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့ ULA/AA နိုင်ငံရေးမှူးအဖြစ် ဦးဦးလှစောနှင့် တပ်မှူးချုပ်၏ညီဖြစ်သူတို့ တက်ရောက်ခဲ့ကြသည်။
ရခိုင်ပြည်မှာ လက်နက်ကိုင်တပ်တွေ အများကြီးမလိုအပ်ပါဘူး။ ရခိုင်တစ်မျိုးသားလုံးက ထောက်ခံတဲ့ ရက္ခိုင့်တပ်တော် ရှိရင် ရပါပြီ”
စစ်ပွဲရပ်နားနေချိန် တစ်နှစ်ကျော်အတွင်း ULA-ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်သည် စစ်ဒေသနယ်မြေများတွင် “ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့” (Arakan People`s Authority- APA) ကို ဖွဲ့စည်း၍ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ၊အခွန်ကောက်ခံရေး တို့ကိုပါ အစိုးရတစ်ရပ်အသွင် ဆောင်ရွက်လာခဲ့သည်။
တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့များကိုပါ ဖွဲ့စည်းနိုင်ခဲ့ပြီး တရားစီရင်ရေးအတွက်လည်း တရားသူကြီးများကို လစာပေးခန့်အပ်ကာ တရားရေးမဏ္ဍိုင် ခိုင်မာအောင် တည်ဆောက်ခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး နှစ်ဖက် အပြန်အလှန် ဖမ်းဆီးမှုများ ရှိနေသည်။
ရခိုင်မှာ AA ကလွဲပြီး အခြားတပ် မလိုအပ်
ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော်မှလွဲ၍ တခြားတော်လှန်ရေးတပ်များ မလိုအပ်ဟု ULA/AA က အတိအလင်း ပြောဆိုလာပြီဖြစ်သည်။
ယမန်နေ့ (သြဂုတ် ၁၁) သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “ရခိုင်ပြည်မှာ လက်နက်ကိုင်တပ်တွေ အများကြီးမလိုအပ်ပါဘူး။ ရခိုင်တစ်မျိုးသားလုံးက ထောက်ခံတဲ့ ရက္ခိုင့်တပ်တော် ရှိရင် ရပါပြီ” ဟု ဆိုသည်။
ယခင်က ရခိုင်ဒေသအတွက် ကိုယ်စားပြုတော်လှန်ရေးအင်အားစုများကို စုစည်းရန် ၂၀၀၉ နှင့် ၂၀၁၅ ကြား ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေခဲ့ဟု ဆိုသည်။
ရခိုင်တွင် ရခိုင်ဒေသကိုယ်စားပြုတော်လှန်ရေးတပ်များအနေဖြင့် ALP/AA, ANC/AA, ULA/AA တို့ ရှိနေပြီး နိုင်ငံရေးအားအာစုများအနေဖြင့် ပြည်နယ်တွင်း ပါတီအများအပြားလည်း ရှိနေသေးသည်။
ရခိုင်ပြည်တွင်း စစ်ကောင်စီ၏ ဗျူဟာ
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ရခိုင်နိုင်ငံရေး၊ တော်လှန်ရေး၊ လူမှုရေး စသည့် အင်အားကြီးအဖွဲ့အစည်းများကို ဖြိုခွင်းရန် ကြိုးပမ်းခဲ့သည်။
ရခိုင်တွင် အင်အားအကြီးဆုံးပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာဦးဆောင်သူ တစ်ဦးဖြစ်သည့် ဒေါ်အေးနုစိန်ကို နိုင်ငံတော်အဆင့်တွင် ခန့်အပ်ခဲ့သည်။ ထို့ပြင် ဦးဇော်အေးမောင်ကို ပြည်ထောင်စုအဆင့် ဝန်ကြီးနေရာ ခန့်အပ်ခဲ့သည်။ ယင်းနောက်ပိုင်းအကျိုးဆက်အဖြစ် ANP ပါတီတွင် အကွဲအပြဲ ပေါ်ထွက်ခဲ့သည်။ လူထုထောက်ခံမှုပါ ကျဆင်းသွားခဲ့ရသည်။
ထို့ပြင် တော်လှန်ရေးတွင် ရခိုင်ပြည်နယ်တွင် အခြေစိုက်နှစ်ဖွဲ့ဖြစ်သည့် ALP နှင့် AA နှစ်ဖွဲ့ကြားတွင်လည်း အချက်ကျကျ ကစားပြနိုင်သည်။ ALP သည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအခမ်းအနားသို့ မပြတ်တက်ရောက်နေပြီး လိုအပ်သည့်ထောက်ပံ့မှုများ ပေးထားသည်ကို တွေ့ရသည်။
ထို့ပြင် AA ၏ တရားစီရင်ရေး၊ အုပ်ချုပ်ရေးများ ကမောက်ကမဖြစ်စေရန် နှင့် လူမှုသဟဇာတ ပျက်ပြားစေရန်လည်း တစ်နည်းနည်းနှင့် စစ်ကောင်စီက လုပ်ဆောင်နေသည်ကို မြင်တွေ့နေရသည်။
AA သည် ရခိုင်မြောက်ပိုင်းရှိ ဒေသများကို ၆၀ ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်သည်ဟုဆိုသော်လည်း အဓိကကျသည့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကုန်သွယ်မှုနှင့် အခွန်အခများမှာ စစ်ကောင်စီလက်ထဲတွင် ရှိနေဆဲဖြစ်သည်။ အကျပ်အတည်းတစ်ခုခုဖြစ်ပေါ်တိုင်း AA ကြောင့်ဟု ခေါင်းစဉ်တပ်ကာ ဝါဒဖြန့်လေ့ရှိသည်။
စစ်ကောင်စီသည် ရခိုင်တွင် AA ၏ သြဇာကြီးထွားမှုကို ချိုးဖျက်ရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းလျက် ရှိနေသည်။ နောက်ဆုံး ALP ကို AA ၏ ရက္ခိတလမ်းစဉ်အတွက် ဆူးငြောင့်ခလုတ်အဖြစ် ပုံဖော်နိုင်ခဲ့သည်။
AA နှင့် ALP သည် လူမျိုးတစ်မျိုးတည်းဖြစ်ပြီး ပန်းတိုင်တစ်ခုတည်းကို ချီတက်နေသော အဖွဲ့အစည်းများဖြစ်ကြောင်း၊ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကာလတွင် ရခိုင့်တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား ယခုကဲ့သို့ ဖြစ်ပေါ်နေခြင်းသည် တိုင်းရင်းသားမဟာမိတ်အသိုင်းအဝိုင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကြား ရခိုင်လူမျိုး၏ ဂုဏ်သိက္ခာ ကျဆင်းစေကြောင်း အဖွဲ့အစည်းပေါင်းစုံက ပြောဆိုဝေဖန်နေကြသည်။
စစ်ကောင်စီက NCA ထိုးထားသည့်အဖွဲ့ကို မြှောက်ပင့်ပြီး အခြားအဖွဲ့တစ်ခုကို ဖြိုခွင်းရာ၌ အသုံးချရန် ကြိုးပမ်းလာသည်။ တစ်နည်းအားဖြင့် ငါးကြင်းဆီနှင့် ငါးကြင်းကြော်ရေး ကြိုးပမ်းလာရာမှာ အသုံးချခံ မဖြစ်ရန် လိုသည်ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)