ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အရာရှိသုံးဦး ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့ (ဇန်နဝါရီ ၄ ) နံနက် ၈ နာရီခန့်က ပစ်သတ်ခံရသည်။
စစ်တွေမြို့၊ ဝေသာလီဘောလုံးကွင်းအတွင်း ပြည်နယ်စစ်ကောင်စီ ပြုလုပ်သည့် လွတ်လပ်ရေးနေ့အခမ်းအနား တက်ရောက်ပြီးအပြန် ALP ပါတီရုံးရှိသော စက်ရုံစုရပ်ကွက်၊ ငါးစင်ရိုင်းချောင်းဘုန်းကြီးကျောင်းအနီး ကားလမ်း၌ ပစ်ခတ်ခံရသဖြင့် ALP စစ်ဦးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ ဗိုလ်မှူးကြီးခိုင်ကျော်စိုး၊ ဗိုလ်ကြီးခိုင်သူရိန္ဒတို့ သေဆုံးသည်ဟု သိရသည်။
ထိုသုံးဦး သေဆုံးသွားမှုနှင့် ပတ်သက်ပြီး ALP ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကလည်း အတည်ပြုသည်။
“ရဲဘော်တစ်ယောက်က ငါတို့ကားနဲ့ တူတယ်ဆိုပြီးတော့ သွားပြီးကြည့်တယ်။ သွားကြည့်တော့ အဲဒီကားဟာ လမ်းမပေါ်မှာ လုပ်ကြံခံထားရတာ တွေ့ရတယ် သိရတယ်။ ဆိုတော့ မြို့နယ်မှူးကို အကြောင်းကြားတဲ့အချိန်ခါမှာ အဲဒါတွေဟာ ကိုယ့်လူတွေဖြစ်နေတယ်လို့ ပြောတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ လွတ်လပ်ရေးနေ့အခမ်းအနားကို သွားတက်လို့ အပြန်ပေါ့” ဟု သူက ဆိုသည်။
မည်သည့်အဖွဲ့က လုပ်ကြံခြင်းဖြစ်ကြောင်း မေးမြန်းရာ “ငါ့ထက် ပြည်သူတွေ သိမယ်” ဟု သူက တုံ့ပြန်သည်။
အနီးပတ်ဝန်းကျင်ရှိ ဒေသခံတစ်ဦးကလည်း ကားတိုက်မှုဖြစ်သည်ဆို၍ သွားကြည့်ရာ ကားအတွင်း သေဆုံးနေသူ သုံးဦးကို တွေ့ခဲ့ရကြောင်း ပြောသည်။
“ပထမတော့ ဗြောက်အိုးပေါက်တယ်လို့ ထင်တယ်။ အသံအကျယ်ကြီးတွေ ကြားရတယ်။ နောက်တော့ ကားတိုက်မှု ဖြစ်တယ်ဆိုလို့ ထွက်ကြည့်တော့ သေနေတဲ့လူသုံးဦးကို တွေ့ရတယ်။ ကျွန်တော်ကတော့ အဝေးကနေ ကြည့်ခဲ့တာဆိုတော့ ကားပြတင်းပေါက်ကို (ခေါင်း) ထွက်နေတဲ့ တစ်ယောက်တော့ ဦးခေါင်းပွင့်ထွက်သွားပြီး ဦးနှောက်ထွက်နေတယ်။ နောက်တစ်ယောက်တော့ လဲနေတယ်” ဟု သူက ဆိုသည်။
ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အဆိုပါလမ်းမကြီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေရာအပြည့်ယူလိုက်ကာ ဒေသခံများကို သွားလာခွင့် ပိတ်ထားသည်။
အဆိုပါ လမ်းပိတ်ထားသည့်တစ်ဝိုက်တွင် ဘုန်းကြီးကျောင်း ၁၀ ကျောင်းခန့်ရှိပြီး လမ်းပိတ်ထားသဖြင့် ကျောင်းသို့ ဆွမ်းမရောက်သကဲ့သို့ ဒေသခံများလည်း ပြင်ပသို့ ထွက်ခွာနိုင်ခြင်း မရှိပေ။
“လမ်းတွေလည်း ပိတ်ထားတော့ ဘယ်မှာသွားမရဘူး။ စျေးဝယ်ထွက်ဖို့တောင် မရဘူး။ သူတို့ (စစ်ကောင်စီတပ်ဖွဲ့) တွေ မသင်္ကာဆိုပြီး မဆိုင်တဲ့သူတွေကို ဒုက္ခပေးမှာလည်း ကြောက်ရတယ်” ဟု အနီးပတ်ဝန်းကျင်ရှိ ဒေသခံနောက်တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ALP သည် ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်ဆံရေး တင်းမာနေသည်။ AA က ALP ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီးခိုင်ပေါ်လင်းကို ယမန်နှစ် သြဂုတ် ၂ ကတည်းက ဖမ်းဆီးထားသည်။
အထက်ပါသုံးဦး ကိစ္စနှင့် ပတ်သက်ပြီး AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် ALP သည် စစ်ကောင်စီက ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးများသို့ တက်ရောက်လေ့ရှိသဖြင့် ရခိုင်လူထုကြား ဝေဖန်ခံနေရသည်။
ယနေ့ ဇန်နဝါရီ ၄ ရက်က ကျရောက်သည့် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပြည်နယ်စစ်ကောင်စီက နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို စစ်တွေမြို့၊ ဝေသာလီအားကစားကွင်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)