သတင်း

နှစ်ကုန်ပိုင်းတွင် မန္တလေး ဒေသခံအများအပြား ဖမ်းဆီးခံရ

မန္တလေးမြို့တွင် အဖမ်းအဆီးများ ဆက်တိုက်ဆိုသလို ဆက်ရှိနေပြီး ဒီဇင်ဘာလ နောက်ဆုံးပတ်အထိ ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံထားရသည်ဟု စုံစမ်းသိရှိရသည်။

မန္တလေးမြို့တွင် ဒီဇင်ဘာလအတွင်း စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် ဆက်စပ်မှုသံသယဖြင့် ဖမ်းဆီးခံရသူ ၂၀ ထက်မနည်းရှိသည်ဟု စုံစမ်းသိရှိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နွေဦးဖွံ့ဖြိုးရေးဘဏ်၏ မန္တလေးဒေသ မန်နေဂျာတစ်ဦးဖြစ်သူ မပန်ထွာသည် မန္တလေး စက်မှုမြို့သစ်တွင် မိခင်၊ အဒေါ်၊ ညီမဖြစ်သူတို့နှင့်အတူ အဖမ်းခံရသည်၊ ဆက်စပ်မှုရှိသူများ ရှောင်တိမ်းသင့်သည်ဟု မန္တလေးတော်လှန်ရေးအင်အားစုများက ဒီဇင်ဘာ ၂၅ ရက်နေ့တွင် တောင်းဆိုထားသည်။

နွေဦးဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူတို့ကလည်း မပန်ထွာသည် ဆက်သွယ်မှုဧရိယာပြင်ပတွင် ရောက်ရှိနေပြီး ၎င်း၏အွန်လိုင်းအကောင့်များ ခိုးယူသုံးစွဲခံနေရဖွယ်ရှိသည်၊ ဘဏ်အသုံးပြုသူများ၏ အကျိုးစီးပွားနှင့် လုံခြုံရေးမထိခိုက်စေရန် ၎င်းကို တာဝန်မှ ရပ်ဆိုင်းထားသဖြင့် ဆက်သွယ်ဆောင်ရွက်ခြင်း မပြုကြရန် ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ၂၃ တွင် စစ်ကောင်စီတပ်က မန္တလေး ပြည်ကြီးတံခွန်မြို့နယ် စံပြလမ်းမှ “မျိုးမြန်မာ” အမည်ရှိ မော်တော်ယာဉ်ပြုပြင်ရေးဆိုင်မှ ဆိုင်ရှင်ကို သွားရောက် ရှာဖွေသည်၊ ထို့နောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ထောက်ပံ့သည်ဟု စွပ်စွဲကာ ဆိုင်ကို ချိပ်ပိတ်သွားသည်။ ဆိုင်ရှင်ကို ရှာမတွေ့သေးဟု ဆိုသည်။

ထိုနေ့တွင်ပင် မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်မှ ဒေသခံလူငယ် အမျိုးသား ၅ ဦးကို ဖမ်းဆီးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

နောက်တစ်နေ့တွင် မဟာအောင်မြေမြို့နယ် ဘုန်းကြီးကျောင်းတစ်ခုမှ ရဟန်းတစ်ပါးကို တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) ထံ အဝတ်အထည်များ ထောက်ပံ့ရန် လုပ်ဆောင်နေသည်ဆိုကာ ဖမ်းဆီးခဲ့သည်။

ဒီဇင်ဘာ ၂၆ ရက်နေ့ကလည်း လမ်း ၆၀ ၁၀၇ လမ်းထောင့်တွင် အရပ်ဝတ်နှင့် စစ်သား ၈ ဦးခန့်က ကားတစ်စီးပေါ်မှ လူငယ်တစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်ကာ သေနတ်ထောက် ဖမ်းခေါ်သွားကြောင်း ဒေသခံတို့က ဆိုသည်။

နိုင်ငံအနှံ့ အာဏာသိမ်းမှု ဆန့်ကျင်သူအများအပြား ပုဒ်မမျိုးစုံဖြင့် ဖမ်းဆီးခံနေရပြီး ယခုနှစ်အတွင်း မန္တလေးတိုင်းတွင် ဖမ်းဆီးခံရသူများထဲမှ ၃၃၄ ဦး၏ ဖြစ်ရပ်ကို မှတ်တမ်းတင်ထားနိုင်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဆိုသည်။ ထိုအရေအတွက်မှာ ဒီဇင်ဘာ ၁၂ အထိ ကောက်ယူထားသော စာရင်းအပေါ် အခြေခံသည်ဟု ဆိုသည်။

ယခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်း၌ စစ်အုပ်စုက အမျိုးသမီး ၅၇၇ ဦးကို ဖမ်းဆီးခဲ့ပြီး မန္တလေးတိုင်းမှာ ၁၀၇ ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရသည်ဟုလည်း ထိုအသင်းက ထုတ်ပြန်ထားသည်။

မြို့ပေါ် ပစ်ခတ် တိုက်ခိုက်မှုများ

ဒီဇင်ဘာ၂၆ ရက်နေ့က မဟာအောင်မြေမြို့နယ် ၇၃ လမ်းနှင့် ၃၆ လမ်းဆုံတွင် ဖြတ်သန်းသွားလာသူများကို စစ်ဆေးလေ့ရှိသည့် စစ်ကောင်စီတပ်သားတို့၏ ပစ်ခတ်မှုကြောင့် လမ်းဖြတ်ကူးနေသည့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်၍ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ထိုအမျိုးသမီးသည် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းအမျိုးသမီး ဖြစ်နေသည်ဟု စစ်ကောင်စီထောက်ခံသူများက လူမှုကွန်ရက်တွင် ရေးသားပြီး အဆိုပါ ရဲတပ်သားကို အရေးယူပေးရန် တောင်းဆိုနေကြသည်။

ဒီဇင်ဘာ၂၇ ရက်နေ့ကလည်း လမ်း ၈၀၊ ၄၀ လမ်းနှင့် ၄၁ လမ်းကြားတွင် ရှိသည့် မဟာအောင်မြေမြို့နယ် အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးဖြင့် နှစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်ခံရသည်။

လူထိခိုက်မှုမရှိဘဲ ရုံးအဆောက်အအုံ အနည်းငယ်ပျက်စီးခဲ့သည်ဟု ထိုရပ်ကွက်တွင် နေထိုင်သူတို့က ပြောသည်။

ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတို့က ည ၈ နာရီ ၅၅ မိနစ်အချိန်တွင် တစ်ကြိမ်ပစ်ခတ်ခဲ့ပြီး၊ ၉ နာရီခွဲခန့်တွင်လည်း ယင်းရုံးမှ ပေါက်ကွဲသံ ထပ်မံကြားရသည်ဟု ဆိုသည်။

ယင်းတိုက်ခိုက်မှုကို Ug wolf Army ဟူသည့် အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး စစ်ကောင်စီကမူ ထိုအခြေအနေကို မထုတ်ပြန်သေးပေ။

Show More

Related Articles

Back to top button