သတင်း

မင်းကွန်းတွင် စစ်တပ်က အိမ်မီးရှို့ပြီး ဒေသခံ ၄၀ ကို ဖမ်းဆီး

ရဲနှင့် ပျူစောထီး တိုက်ခိုက်ခံရသည့် စစ်ကိုင်းတိုင်း မင်းကွန်းဒေသတွင် တပ်က စစ်ကြောင်းထိုးပြီး အိမ်အများအပြားကို မီးလိုက်ရှို့ကာ ဒေသခံများကို ဖမ်းခေါ်သွားသည်ဟု သိရသည်။

စစ်ကိုင်းတိုင်းမြောက်ဘက် မင်းကွန်းဒေသရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဇူလိုင် ၂၃) မနက်ပိုင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က နေအိမ် ၃၂ လုံးကို မီးရှို့ဖျက်ဆီးပြီး အရပ်သား ၄၀ ခန့်ကို ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြေသည်။

မင်းကွန်းကျေးရွာ နယ်မြေရဲစခန်းမှ ရဲများ၊ ပျူစောထီးများ ကားတစ်စီးဖြင့် ကင်းလှည့်လာစဉ် ၃ ဦး သေဆုံးသည်အထိ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီးနောက် စစ်တပ်၏ မီးရှို့မှု၊ ဖမ်းဆီးမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု အသက် ၃၀ အရွယ် ဒေသခံအမျိုးသားက ပြောသည်။

“သုံးယောက်သေတယ်။ သုံးယောက်ထဲ အရာရှိ နှစ်ပွင့်တစ်ယောက်ပါတယ်၊ ကင်းပတ်တဲ့အချိန် ထိပ်တိုက်တွေ့ပြီး ပစ်တာပေါ့နော်။ (အပစ်ခံရလို့) သူတို့က ရွာတွေကို ပြဿနာထွက်ရှာတာ” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

ဒေသတွင်းမည်သည့်အဖွဲ့က တိုက်ခိုက်ခြင်းဖြစ်သည်ကို မသိရသေးသလို မီးရှို့မှု၊ ဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

စစ်တပ်က လမ်းတွင် တွေ့သည့်သူများထဲမှ ရွေးချယ် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟုလည်း အထက်ပါ အမျိုးသားက ပြောသည်။

“မင်းကွန်းပုထိုးတော်ကြီး ပတ်ပတ်လည်က ဈေးဆိုင်တန်းကလူတွေကိုလည်း စစ်မေးစရာရှိတယ်ဆိုပြီး ဖမ်းခေါ်သွားတယ်၊ စုစုပေါင်း ဒေသခံတွေ ၄၀ လောက် ဖမ်းခံကြရတယ်၊ ရဲစခန်းမှာပဲ စစ်မေးနေတယ် ကြားတယ်၊ လွတ်မလာကြသေးဘူး” ဟု သူက ဆိုသည်။

စစ်ကောင်စီတပ်သားများ မီးရှို့ခဲ့သည့် နေအိမ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ − Wetlet Informational Network)

ပစ်ခတ်မှုနှင့် ဖမ်းဆီးမှုများရှိသည့် မင်းကွန်းဒေသသည် စစ်ကိုင်းမြို့၏ မြောက်ဘက်ခြမ်း၊ မန္တလေးမြို့၏ အနောက်ဘက်တွင်တည်ရှိပြီး မန္တလေးမြို့နှင့် ဧရာဝတီမြစ်သာ ခြားသည်။

ရှေးဟောင်းစေတီပုထိုးများ၊ သမိုင်းဝင်မင်းကွန်းခေါင်းလောင်းကြီးရှိခြင်းတို့ကြောင့် ထိုဒေသသည် ပြည်တွင်းသာမက ပြည်ပ ခရီးသွားဧည့်သည်များကိုပါ ဆွဲဆောင်ထားနိုင်သည့် ဒေသဖြစ်ကြောင်း စစ်တပ်အာဏာမသိမ်းမီက တွေ့ရသည်။

မီးရှို့ခံရသည့်နေအိမ်များမှာ မင်းကွန်းကျေးရွာမှ နေအိမ် ၄ လုံး၊ ရှားရောင်းရွာမှ နေအိမ် ၂၈ လုံးဖြစ်သည်ဟုလည်း ဒေသခံနောက်တစ်ဦးက ပြောသည်။

“အရှို့ခံရတာက မင်းကွန်းဆရာတော်ကြီးကျောင်း ဓမ္မနာဒကျောင်းသွားတဲ့ လမ်းဘေးဝဲယာအိမ်တွေ မြသိန်းတန်ဘေးက အိမ်တွေ။ နောက် ရေဝင်ရေဘေးကြုံနေတဲ့ ရှားရောင်းရွာက နေအိမ်တွေ ရွာခံတွေက ဒုက္ခပေါ် ဒုက္ခဆင့်လို့ပေါ့” ဟု မင်းကွန်းကျေးရွာတွင် နေထိုင်ခဲ့သူ ၎င်းကဆိုသည်။

ဇူလိုင်၂၁ ရက်နေ့ကလည်း မင်းကွန်းကျေးရွာအနီး လယ်ကြီးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားရောက်ရှိလာကာ ရွာခံ ၁၄ ဦးကို ဖမ်းဆီးသွားသည်၊ တစ်ဦးကို လမ်းတွင် ပစ်သတ်ကာ အလောင်းစွန့်ပစ်ခဲ့သည်ဟု အထက်ပါ ဒေသခံကဆိုသည်။

ထိုသူတို့နှင့် ပတ်သက်ပြီး အသေးစိတ်အခြေအနေ မသိရသေးပေ။

ဇူလိုင် ၆ ညနေပိုင်းကလည်း စစ်ကိုင်းမြို့ အဆိုပါ မင်းကွန်းနယ်မြေရဲစခန်းကို ဝက်လက်နယ်မှ ဗိုလ်ကျားကြီးအဖွဲ့၊ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်းတပ်ခွဲ ၄၊ တောဒေါင်းနီတပ်ဖွဲ့၊ ဘီလူးညီနောင်တပ်ဖွဲ့တို့ စုပေါင်းတိုက်ခိုက်ခဲ့ပြီး ရဲတစ်ဦးနှင့် ပျူစောထီးတစ်ဦး သေဆုံးခဲ့ကြောင်း ယင်းအဖွဲ့များက ထုတ်ပြန်ခဲ့သည်။

မင်းကွန်းဒေသရှိ ဧရာဝတီ မြစ်ကမ်းနဖူးရှိ ကျေးရွာငယ်များသည် ခရီးသွားဧည့်သည်များကို အမှီပြုလုပ်ကိုင်နေကြသည့် ရွာများဖြစ်သည်။ ယခုအခါ တိုက်ပွဲများ ပတ်လည်ဝိုင်းနေခြင်းကြောင့် ခရီးသွားဧည့် ရှားပါးလာရာ ဒေသံတချို့ ကျေးရွာများကို စွန့်ခွာသွားကြသည်ဟု သိရသည်။

Show More

Related Articles

Back to top button