သတင်း

မန္တလေးတွင် အသက် ၈၀ ကျော်သူကို အိမ်တွင် ဖမ်းပြီး လူငယ်တစ်ဦးကို ကားဖြင့်တိုက်ဖမ်း

မတ္တရာမြို့နယ်မှ လွှတ်တော်အမတ်၏ ဖခင် ဒုတိယအကြိမ် အဖမ်းခံရသည်၊ မကြာသေးခင်က မန္တလေးမြို့ အဖမ်းအဆီးများထဲတွင် ကားဖြင့်တိုက်၊ သေနတ်ဒင်ဖြင့် ထုပြီး ဖမ်းဆီးမှုလည်း ပါဝင်သည်။

မန္တလေးတိုင်းတွင် တိုင်းလွှတ်တော်အမတ်၏ အသက် ၈၀ ကျော်အရွယ် ဖခင် အပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်းကို ဒီဇင်ဘာလ ဒုတိယပတ်အတွင်း စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု သိရသည်။

မတ္တရာမြို့နယ် အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသူ ဦးမင်းမင်း၏ ဖခင် ဦးကျော်ညွန့်မှာ ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းတွင် အဖမ်းခံရသည်ဟု မိသားစုနီးစပ်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

“သားမမိလို့ အဖေကို ဖမ်းတာမျိုး ထင်တာပါပဲ။ ဘာပဲဖြစ်ဖြစ် လူကြီးတစ်ယောက်ကို ဖမ်းတာ။ ကျန်းမာရေးကောင်းသူလည်း မဟုတ်ဘူး” ၎င်းက ဆိုသည်။

အာဏာသိမ်းပြီး ၆ လအကြာကလည်း အဆိုပါ လွှတ်တော်အမတ်ကို သွားရောက် ဖမ်းဆီးရာ မတွေ့သည့်အတွက် ဦးကျော်ညွန့်ကို ဖမ်းဆီးခဲ့သေးသည်။

ယင်းနောက် ရက်ပိုင်းအကြာတွင် ပြန်လည်လွှတ်ပေးခဲ့ပြီး ဦးမင်းမင်းပိုင်ဆိုင်သည့် မန္တလေးအနီး ညောင်ကွဲရွာမှ အုတ်စက်လုပ်ငန်းကို ချိတ်ပိတ်သိမ်းဆည်းခဲ့သည်ဟု မိသားစုနီးစပ်သူက ဆိုသည်။

လက်ရှိတွင် ဦးကျော်ညွန့်ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ဟု မသိရသေးဘဲ မိသားစုဝင်များက စိုးရိမ်နေကြသည်။

မတ္တရာမြို့နယ်သည် မန္တလေးနှင့် ကပ်လျက် တည်ရှိသည်။

အဖမ်းအဆီးများနှင့် ပတ်သက်ပြီး စစ်ကောင်စီက အသေးစိတ် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မန္တလေးဒေသခံ လူငယ် ၁၀ ဦးထက်မနည်း အဖမ်းခံရသေးသည်။

၎င်းတို့သည် စစ်ကောင်စီကို လူမှုကွန်ရက်တွင် ဝေဖန်ရေးသားသည်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တပ် PDF များကို ထောက်ပံ့သည်ဟု စွပ်စွဲခံထားရသည်။

ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းတွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၃ လမ်း ၈၉ လမ်းအနီး “ဟိန်း” ဂျပန်ကားဝပ်ရှော့မှ အသက် ၃၅ ဝန်းကျင်အရွယ် မသန္တာနှင့် အမျိုးသားဖြစ်သူတို့ကို ဖမ်းဆီးခဲ့သည်။

၎င်းတို့ဇနီးမောင်နှံသည် စစ်ကောင်စီကို ဝေဖန်သူတစ်ဦး၏ လူမှုကွန်ရက်ရေးသားချက်အောက်တွင် မှတ်ချက်ရေးသားသည်ဟူသော စွဲချက်ဖြင့် အရပ်ဝတ်လက်နက်ကိုင်များ၏ လာရောက်ဖမ်းဆီးခြင်း ခံလိုက်ရကြောင်း မိသားစုနီးစပ်သူ အမျိုးသားတစ်ဦးက ဆိုသည်။

ဒီဇင်ဘာ ၁၃ ရက်နေ့ကလည်း မဟာအောင်မြေမြို့နယ် ၃၂ လမ်း ၈၅ လမ်း ၈၆ လမ်းကြား “နယူးရန်ကုန်” လက်ဖက်ရည်ဆိုင်သို့ ဧည့်တွေ့ရန် သွားရောက်သည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး အဖမ်းခံလိုက်ရကြောင်း အထက်ပါ ဒေသခံက ဆိုသည်။

ဈေးတစ်ခုအတွင်း၌ အဝတ်အထည်ဝယ်ယူနေသည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခြေရာခံနေရာမှ လက်ဖက်ရည်ဆိုင်တွင် အတူရှိနေသူ အမျိုးသမီးကိုပါ ဖမ်းဆီးခဲ့သည်။

မန္တလေးမြို့ မြေပြင်အခြေအနေများကို ကင်းထောက်ကာ ဖော်ပြနေသည့် စာမျက်နှာတစ်ခုကမူ အဆိုပါ အမျိုးသမီးကို ထောက်ပို့အယောင်ဆောင်ထားသည့် စစ်ကောင်စီဘက်သားတစ်ဦးက ပစ္စည်းယူရန် အသွင်ယူ ချိန်းဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ဒီဇင်ဘာ ၅ ရက်နေ့ ည ၇ နာရီတွင် မန္တလေးဘုရားကြီး အနောက်မုခ် ကျောက်ဆစ်တန်းအနီး လက်ဖက်ရည်ဆိုင်တစ်ခုတွင် ဂိမ်းဆော့နေသည့် အသက်၂၀ ကျော်အရွယ် လူငယ်တစ်ဦးကို အရပ်ဝတ်များက ဖမ်းခေါ်သွားသည်။

ဒီဇင်ဘာ ၆ ရက်နေ့ ညနေပိုင်းတွင်လည်း မန္တလေးချမ်းမြသာစည်မြို့နယ် မဟာမုနိဘုရားကြီး အနောက်ဘက် ၈၆ လမ်းနှင့် ၄၅ လမ်းအနီး နေအိမ်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့သည်။ နယ်ဝေးမှ အိမ်ငှားလာရောက်နေထိုင်သူ အမျိုးသားသုံးဦးအနက် တစ်ဦးကို ပစ်သတ်ပြီး အလောင်းကို ယူဆောင်သွားကြောင်း၊ ကျန်နှစ်ဦးကိုလည်း လိုက်လံပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။

“ဆိုင်ကယ်နဲ့ ထွက်ပြေးတဲ့ ကလေးကိုလည်း နောက်ကနေ ကားနဲ့ လိုက်ပစ်တာ။ လုံးဝ အက်ရှင်ဆန်ဆန်ပဲဗျာ။ ခြေထောက်မှန်ပြီး ပါသွားတာ။ ကြည့်ပဲ နေကြရတာ။ မကယ်လိုက်နိုင်ဘူး” ဟု ဖြစ်စဉ်အနီး ရှိနေသူ အသက် ၄၀ အရွယ် အမျိုးသားကပြောသည်။

ဒီဇင်ဘာ ၁၁ ရက်နေ့ ညနေပိုင်းက သိပ္ပံလမ်းနှင့် ၅၂ လမ်းထောင့်တွင် ဆိုင်ကယ်စီးနင်းလာသူ အသက် ၂၀ အရွယ် လူငယ်တစ်ဦးကို ကားဖြင့် ဝင်တိုက်ပြီး ဖမ်းဆီးစဉ် အရပ်ဝတ် သေနတ်ကိုင် ၂ ဦးက သေနတ်ဒင်ဖြင့် ထုကြသေးသည်ဟု ဆိုသည်။

ထိုနေ့က မဟာမုနိဘုရားကြီးအနီး ဦးပွားဂုံးကျော်တောင်ဘက်ရှိ (၈၅၃၀ ရပ်ကွက်မှ အသက် ၂၈ အရွယ် အမျိုးသားတစ်ဦးကို နေအိမ်အတွင်း စစ်ကားသုံးစီးဖြင့် လာရောက်ဖမ်းဆီးခဲ့သည်။

တစ်ဦးချင်းအလိုက် မည်သူမည်ဝါဖြစ်ကြောင်း အသေးစိတ်မပြောဆိုနိုင်သော်လည်း Myanmar Now က သိရှိထားရသည့် မန္တလေးနှင့် မတ္တရာ ဖမ်းဆီးခံရသူစာရင်းမှာ ဒီဇင်ဘာလဝက်ကျော်အတွင်း ၁၀ ဦးအထိ ရှိနေပြီး ဒေသခံများကမူ ထိုထက်ပင်များနိုင်ကြောင်း ဆိုကြသည်။

Show More

Related Articles

Back to top button