စုံစမ်းဖော်ထုတ်ရေးသားမှုဆောင်းပါး

တော်လှန်ရေးအင်အားစုများကို နှိပ်ကွပ်ရန် ရန်ကုန်၌လည်း ပျူစောထီးများ အသုံးပြုနေ 

ဧပြီလကုန်ပိုင်းနံနက်ခင်းတစ်ခုတွင် ရန်ကုန်မြို့ လှိုင်မြစ်တစ်ဖက်ကမ်း ကြည့်မြင်တိုင်မြို့နယ်၊ အလပ်ချောင်းရပ်ကွက်၌ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသော လျှို့ဝှက်မြေအောက်အဖွဲ့ Dark Shadow အဖွဲ့ခေါင်းဆောင် ကိုချမ်းငြိမ်းသူတစ်ယောက် လုံခြုံရေးအရ နေအိမ်မှ ထွက်ခွာရန် အလောတကြီး ပြင်ဆင်နေချိန်ဖြစ်သည်။ 

ထိုမတိုင်မီ နာရီပိုင်းအချိန်က ၎င်းတို့အဖွဲ့သည် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ စစ်အင်ဂျင်နီယာတပ်ကို ဖောက်ခွဲရန် စီစဉ်ခဲ့ပြီးမှ သတင်းပေါက်ကြားသဖြင့် အဖွဲ့ဝင်တစ်ချို့ ဖမ်းဆီးခံခဲ့ရသည်။ ထို့ကြောင့် ကိုချမ်းငြိမ်းသူတစ်ယောက် နေအိမ်မှ အမြန်ထွက်ခွာရန် ပြုလုပ်ရခြင်းဖြစ်သည်။ 

မကြာမီ အရှည်ကြီးဆိုသူ ရပ်ကွက်နေ အမျိုးသမီးတစ်ဦး၊ အသက် ၄၀ ကျော်အရွယ် ဂျပန်ကြီးအမည်ရ အလပ်ချောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးစိုးသိန်းတို့က စစ်ကောင်စီတပ်သားများကို ကိုချမ်းငြိမ်းသူ၏ နေအိမ်သို့ လမ်းပြခေါ်ဆောင်လာခဲ့သည်။ 

မရှေးမနှောင်းမှာပင် ပစ်ခတ်၊ ဆဲဆိုသံများဖြင့် ရပ်ကွက်တစ်ခုလုံး ကမ္ဘာပျက်သည့်အလား ဆူညံသွားသည်။

စစ်တပ်အလိုတော်ရိများ၊ လက်နက်ကိုင်များ၏ ရုတ်တရက်စီးနင်းမှုကို ခံလိုက်ရစဉ် ကိုချမ်းငြိမ်းသူတို့ အဖွဲ့ဝင်အားလုံး သေဆုံးသွားပြီဆိုသည့် သတင်းများ ထိုနေ့က ထွက်ပေါ်လာသော်လည်း အမှန်မှာ ၎င်းနှင့် ၎င်း၏အဖွဲ့သားများ လွတ်မြောက်သွားပြီး ယခုအခါ သူသည် ကရင်ပြည်နယ် တောတွင်းတစ်နေရာတွင် ဆက်လက်တိုက်ပွဲဝင်ရန် ရောက်ရှိနေသည်။

ရန်ကုန်မြို့တွင်း ကင်းချထားသော စစ်ကောင်စီတပ်ဖွဲ့များ၏ စခန်းတစ်ခုကို ယခုနှစ်ဆန်းပိုင်းက တွေ့မြင်ရပုံ။ (Myanmar Now) 

“အဲဒီနေ့က အဲဒီဒလန် အရှည်ကြီးမက ကျွန်တော်တို့ကို အဲဒီရပ်ကွက်ထဲမှာ လိုက်ရှာပေးခဲ့တယ်။ ကျွန်တော့်သူငယ်ချင်းတွေရဲ့ အိမ်တွေကို ချိပ်ပိတ်ဖို့ရယ်၊ အိမ်တွေထဲမှာ ပစ္စည်းတွေကို ရှာဖွေဖို့ရယ်ကို အဲဒီအမျိုးသမီးက ဦးဆောင်ပြီး လုပ်ခဲ့တာပဲ” ဟု ကိုချမ်းငြိမ်းသူက နာကြည်းစွာ ပြောသည်။ 

အမျိုးသားညီညွတ် ရေးအစိုးရ (NUG)  ကာကွယ်ရေးဝန်ကြီးဌာန၊ နန်းထိုက်အောင်စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် သူတို့အဖွဲ့သည် စစ်ကောင်စီတပ်သားများ ရှိတတ်သည့် ရန်ကုန်မြို့တော်ခန်းမ အပါအဝင် နေရာ တစ်ဒါဇင်ခန့်ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။

စစ်သည်အင်အား လိုအပ်နေသည့် စစ်ကောင်စီတပ်သည်  ရန်ကုန်တွင် ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ဒုစရိုက်သမားများကို စစ်သင်တန်းပေး၍ လက်နက်တပ်ဆင်ပေးကာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များကို ချေမှုန်းနိုင်ရန် အစွမ်းကုန် ကြိုးပမ်းနေသည်။

တစ်ချိန်က လက်ပတ်နီ၊ စွမ်းအားရှင်များ

မြို့လယ်  အထပ်မြင့် တိုက်တာ အဆောက်အအုံများမှ မျှော်ငေးကြည့်ပါက ရန်ကုန်မြစ်တစ်ဖက်ကမ်းမှ အေးရွာ၊ ဆိပ်ကြီး၊ စက်ဆန်း၊ ဝါးရုံဆိပ်ရပ်ကွက်များကို ခပ်ပျပျ မြင်တွေ့ရမည်ဖြစ်သည်။

ကြည့်မြင်တိုင်မြို့နယ်မှ သမ္ဗန်ဖြင့် ဖြတ်ကူးပါက ၁၅ မိနစ်သာ ကြာမြင့်မည်ဖြစ်သော်လည်း ထိုဒေသ၏ ဖွံ့ဖြိုးမှုမှာ နောက်ကျကျန်နေသည်။

ရွေးကောက်ပွဲအဆက်ဆက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရရှိထားသည့် ထိုဒေသတွင် ဒုစရိုက်သမားများက ဖွံ့ဖြိုးမှု နောက်ကျမှု၊ သီးခြားဆန်မှုများကို အခွင့်အကောင်းယူကာ ခိုအောင်းနေကြသည်။

ရန်ကုန်မြို့တွင်း စစ်ကောင်စီတပ်များလှုပ်ရှားနေပုံ။ (ပုံ-Myanmar Now) 

စစ်အာဏာမသိမ်းခင်ကပင် ဆန္ဒပြ အလုပ်သမားများနှင့် ကျောင်းသားများကို အကြမ်းဖက် တိုက်ခိုက်ရိုက်နှက်ရန်  စစ်တပ်က လူဆိုး၊ လူမိုက်၊ ဒုစရိုက်သမားများကို  ငွေပေး အသုံးချတတ်သည်။

၂၀၁၅ မတ်လ ပညာရေးဥပဒေပြင်ဆင်ရန် တောင်းဆိုကြသည့် ကျောင်းသားများကို မြို့တော်ခန်းမရှေ့ တွင် အကြမ်းဖက်တိုက်ခိုက်ခဲ့ကြသူများအနက် ထိုဒေသတွင် နေထိုင်သူ အများအပြားပါဝင်နေပြီး ပြည်သူလူထုက လက်ပတ်နီ၊ စွမ်းအားရှင်များဟု ခေါ်ဆိုပြီး မုန်းတီးခဲ့ကြသည်။

ထိုလူမိုက်များမှာ အာဏာသိမ်းပြီးနောက်ပိုင်း  ပျူစောထီးများအဖြစ် စစ်တပ် အသုံးတော်ခံအဖြစ်  ပေါ်ထွက်လာကြသည်။

စစ်တပ် ဖွဲ့စည်းပေးထားသည့် ပြည်ခိုင်ဖြိုးပါတီတွင် တရားမဝင် စီးပွားရေးလုပ်ကိုင်နေသူများက ဦးဆောင်ပြီး ပျူစောထီးများကို ထောက်ပံ့ စုစည်းပေးနေခြင်းဖြစ်သည်ဟု  ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ရှင်းပြသည်။

“ဟိုဘက်ကမ်းမှာက အုပ်စု ၄ စု ရှိတဲ့ အထဲမှာ အားလုံး ၅၇ ယောက်လောက်က၊ သူတို့က အင်နဲ့အားနဲ့ ရှိနေကြတယ်၊ လှုပ်လည်း လှုပ်ရှားနေကြတယ်။ အဲဒီဘက်က ရွာတွေမှာ ရှိတဲ့ ပြည်သူတွေကိုလည်း ဒီကောင်တွေ နိုင့်ထက်စီးနင်းနဲ့ လုပ်နေကြတယ်” ဟု အသက် ၅၀ အရွယ်ရှိ ထိုသူက  ကြည့်မြင်တိုင်မြို့နယ် အေးရွာ၊ စက်ဆန်း၊ ဆိပ်ကြီး၊ ဝါးရုံဆိပ် ရပ်ကွက် ၄ ခုမှ ပျူစောထီးများ အဆင့်ဆင့် စုစည်းပုံကို ရှင်းပြသည်။

တော်လှန်ရေးအင်အားစုများကို နှိမ်နင်းရန် စစ်ကောင်စီက ပြည်သူ့စစ်ခေါ် စွမ်းအားရှင်၊ ပျူစောထီးများကို လက်နက်သင်တန်းပေးပြီး စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် တစ်ရွာဝင်တစ်ရွာထွက် မီးရှို.ဖျက်ဆီးနေသကဲ့သို့ ရန်ကုန်ရှိမြို.နယ်တိုင်းတွင်လည်း အလားတူအင်အားစုများကို တစ်မြို.နယ် ၂၅ ယောက်နှုန်းဖြင့် စုစည်းနေကြောင်း သိရှိရသည်။

အာဏာသိမ်းရန် ၂ ရက်အလိုတွင် စစ်တပ်ထောက်ခံသူဟု ဆိုသူတို့က ရန်ကုန်တွင် စုဝေး ဆန္ဒပြခဲ့ကြသည်

စစ်သင်တန်းပေးခြင်း

အာဏာသိမ်းမှု ဆန့်ကျင်သူတို့ကို ရန်ပြုမည်ဟု ပျူစောထီးအမည်ခံအဖွဲ့တချို့က ကြိုတင်ကြေညာခဲ့ပြီးနောက်  သတ်ဖြတ်မှုတချို့မှာ  ၂၀၂၁ တွင် စတင်ခဲ့သည်။ ထိုအချိန်မှစ၍ စစ်ကောင်စီဘက်တော်သား လက်နက်ကိုင်တို့ကို ပျူစောထီး၊ အတိုကောက်အားဖြင့် “ပျူ” ဟု အများက ခေါ်လာကြသည်။  

ပါတီဝင်များကို ပြည်သူ့စစ် သင်တန်းတက်ရန် ညွှန်ကြားမထားသော်လည်း လုံခြုံရေးအတွက် လိုအပ်သည်များကို လုပ်ဆောင်လျှင် တားမြစ်မည်မဟုတ်ဟု ပြည်ခိုင်ဖြိုး ခေါင်းဆောင်ပိုင်းက ပြောထားသည်။

အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လမ်းမများပေါ်တွင် စစ်အင်အားပြနေရသော၊ ပြည်နယ်နှင့်တိုင်း ၄ ခုထက် မနည်းတွင် စစ်မျက်နှာဖွင့်ထားသော စစ်တပ်က စစ်သားအင်အား လိုအပ်လာရာ ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့မည်ဟု စစ်ကောင်စီ ဒုခေါင်းဆောင်က ထုတ်ဖော်ပြောဆိုထားသည်။

ထိုသို့ဖွဲ့စည်း၍ ဒေသအလိုက် တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာဌာနများ ညှိနှိုင်းရန် ဩဂုတ် ၁၀  နေပြည်တော် အစည်းအဝေးတွင်  ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက  သတင်းထုတ်ပြန်သည်။

ရဲ၊ စစ်မှုထမ်းဟောင်း၊ ပြည်သူ့စစ်၊ မီးသတ်၊ ကြက်ခြေနီတို့ ပါဝင်သည့် ပြည်သူ့လုံခြုံရေးအဖွဲ့များအဖြစ် ဖွဲ့စည်းရန် စစ်ခေါင်းဆောင်က ညွှန်ကြားထားပြီးသားဖြစ်သည်ဟု ပေါက်ကြားလာသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏  မတ် ၂၅ ရက်စွဲတပ် ဌာနတွင်း ပေးစာတွင် ဖော်ပြထားသည်။

ဧပြီ ၂၇ သတင်းစာရှင်းလင်းပွဲတွင် ပြည်သူများပါဝင်သည့် ပြည်သူ့လုံခြုံရေး စနစ်တစ်ခုကို တိုးမြှင့်ဆောင်ရွက်နေသည်ဟု စစ်ကောင်စီက ပြောခဲ့သည်။ 

NUG ကလည်း  စစ်ကောင်စီ၏  ပြည်သူ့လုံခြုံရေးအဖွဲ့များတွင်  ပါဝင်သူတို့ကို   စစ်ရေးပစ်မှတ်များအဖြစ် သတ်မှတ်မည်ဟု မေလ ၂၆ တွင် သတိပေးချက် ထုတ်ပြန်သည်။

ရန်ကုန်တွင်လည်း စစ်တပ်၏ လှုပ်ရှားမှု နောက်ကျမကျန်ခဲ့ချေ။ ရန်ကုန်  ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ ရေကြောင်း ဦးစီးဌာန သင်္ဘောပြင်ဆင်ရေးဝင်း အတွင်း ပျူစောထီးအဖွဲ့ဝင်များကို စစ်သင်တန်းပေးနေသည်မှာ ၂ လခန့် ကြာမြင့်ပြီ ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။​​

ဇွန်လပထမပတ်မှ စ၍ ဦးပိုင်ဝင်းဟု ခေါ်ဆိုသည့် ထိုသင်္ဘောပြင်ဆင်ရေးဝင်းအတွင်း ပြည်ခိုင်ဖြိုးပါတီဝင်များ၊ မီးသတ်၊ ကြက်ခြေနီ၊ ဒုစရိုက်သမားများနှင့် အလုပ်လက်မဲ့များကို စစ်တပ်က သင်တန်းပေးနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“စစ်တပ်ကပေးတယ်ဆိုတာပဲ သိရတယ်၊ ဘယ်မှာ ခေါ်ပေးတယ်လို့ မသိရဘူး။ သင်တန်းက ပြန်လာတော့မှပဲ သိရတယ်။ တစ်ရွာကို ၄ ယောက် နှုန်းနဲ့ ၁၈ ယောက်လောက်ရှိတယ်။ တစ်အုပ်စုကို ၄ ယောက်၊ ၃ ယောက်၊ ၅ ယောက် ခေါ်သွားတာ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ရန်ကုန်အနောက်ပိုင်းမြို့နယ်အသီးသီးမှ  ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုလည်း တာမွေမြို့နယ်ရှိ ကျိုက္ကဆံကွင်းတွင်  စစ်သင်တန်း တက်ရသည်ဟု  ပျူစောထီးဖွဲ့စည်းမှုကို  လေ့လာနေသည့် အထက်ပါ ဒေသခံက ဆက်ပြောသည်။

“အဲဒီ စစ်သင်တန်းကို ၆ လပိုင်းမှာ သင်တန်းပေးတယ်လို့ သိရတယ်။ ခုနက ၁၈ ယောက်ကို နှုတ်လိုက်ရင် ကျန်တဲ့ ၃၉ ယောက်က  ကြည့်မြင်တိုင်မြို့နယ်ထဲက လူတွေပါပဲ” ဟု ၎င်းက ဆိုသည်။

ဇွန်ဒုတိယပတ်က စတင်သည့် ထိုသင်တန်းများတွင်   အမျိုးသားရေး အမည်ခံ အစွန်းရောက်သမားများ၊ ဒုစရိုက်သမားများလည်း တက်ကြသည်ဟု ရန်ကုန်မြို့ခံ များက ပြောသည်။

လှည်းကူးမြို့နယ် စစ်တပ်နယ်မြေ၊  သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏကွင်းတို့တွင်လည်း  စစ်သင်တန်းပေးနေသည်ဟု မျက်မြင်တွေ့ခဲ့ရသူများက Myanmar Now ကို ပြောသည်။

သင်္ဃန်းကျွန်းမှ  အငှားယာဉ်မောင်းတစ်ဦးက ဇွန် ၂၃ တွင်  သုဝဏ္ဏအားကစားကွင်းမှ လူအပြည့် တင်ဆောင်ထားသည့် ဒိုင်နာကားများ ထွက်လာသည်ကို တွေ့ခဲ့ရသည်ဟု ပြောသည်။

အသေးစိတ်အခြေအနေများကို စုံစမ်းနေဆဲဖြစ်သည်။

ရန်ကုန်တွင်သာမက ကချင်၊ ရခိုင်၊ မန္တလေးတို့တွင် ထိုအဖွဲ့များကို ဖွဲ့စည်းနေရာ သင်တန်းအပြီး လက်နက်တပ်ဆင်ပေးသည့် အခမ်းအနား မှတ်တမ်းပုံတချို့ကို စစ်ကောင်စီဘက်တော်သား အွန်လိုင်းလူမှုကွန်ရက်သုံးသူတို့က အွန်လိုင်းတွင် မျှဝေနေကြသည်။

ပျူစောထီးများ ပေါ်ပေါ်ထင်ထင်လှုပ်ရှားနေ

သင်တန်းဆင်းများအနက်  ကြည့်မြင်တိုင်ရှိ ပျူစောထီးများက စစ်ဝတ်စုံနှင့် ထင်ထင်ပေါ်ပေါ် လှုပ်ရှားနေကြသည်။  

ဆန္ဒမဲဖြင့်တက်လာသည့် ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ စစ်တပ် အာဏာသိမ်းသည်နှင့် လုပ်ငန်းခွင်မှ ထွက်ခွာရပြီး သူတို့နေရာတွင်  စစ်တပ် အလိုတော်ရိများ၊  ပြည်ခိုင်ဖြိုးပါတီဝင်များ ရောက်လာရာ ထိုအထဲတွင် ကြည့်မြင်တိုင်မြို့နယ် အေးရွာ၊ စက်ဆန်း၊ ဆိပ်ကြီး၊ ဝါးရုံးဆိပ်ကျေးရွာအုပ်စုများလည်း အပါအဝင်ဖြစ်သည်။

ရန်ကုန်နေရာအနှံ့အပြား စစ်ကောင်စီတပ်က ကင်းလှည့်နေသကဲ့သို့ပင် ကြည့်မြင်တိုင်တွင်လည်း ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပျူစောထီးများကို  ဦးဆောင်ကာ နေ့စဉ် ကင်းလှည့်နေသည်။ 

ဆိပ်ကြီးရပ်ကွက်တွင်  နေထိုင်သူ အသက် ၂၅ နှစ် ဝန်းကျင်  အမျိုးသမီးတစ်ဦးက ညမှောင်သည်နှင့် မည်သူမျှ အပြင်မထွက်တော့ဘဲ ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားပြီး သေနတ်၊ ဓားရှည်များ ကိုင်ဆောင်ထားသူတို့သာ ဆိုင်ကယ်ဖြင့် ပတ်နေကြောင်း  ​ ပြောသည်။

“ပျူစောထီးတွေကတော့ အများကြီးပဲ။ ဝတ်စုံအပြည့် ပေးထားတယ်။ လက်နက်တွေလည်း ကိုင်ထားတာ တွေ့ရတယ်။ သူတို့က ပတ်နေကြတာ။ အနည်းဆုံးတော့ တစ်နေ့ကို ဆိုင်ကယ် သုံး၊ လေး စင်း လောက်နဲ့ ပတ်တယ်” ဟု ၎င်းက ဆိုသည်။

ထိုသူများထဲတွင် အလုပ်လက်မဲ့များ၊ ဒုစရိုက်သမားများအပြင် အခြားဒေသမှ မျက်နှာစိမ်းများလည်း ပါဝင်သည်ဟု ၎င်းက ဆက်ပြောသည်။

ကြည့်မြင်တိုင် ချောင်ဝိုင်းကြီး၊ ချောင်ဝိုင်းလေး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးဖြစ်သော ပုဏ္ဏား။ 

ထိုပျူစောထီးများသည် နေ့လယ်တွင်လည်း  လှိုင်သာယာမှ တွံတေးသို့သွားသည့် လမ်းကြောင်းတစ်လျှောက်တွင် စစ်သားတချို့နှင့်အတူ နေရာယူထားသည်ဟု ဒေသခံများထံမှ သိရသည်။ 

ဩဂုတ် ပထမပတ်က လှိုင်သာယာမြို့နယ်မှ သစ်သားနှင့်ပရိဘောဂ အဟောင်းများဝယ်ယူလာပြီး ဆိပ်ကြီးရပ်ကွက်သို့အပြန်တွင် တွေ့ရသည့်ပျူစောထီးများက   ခြိမ်းခြောက် ငွေတောင်းသည်ဟု ဆိပ်ကြီးဒေသခံ လူငယ်တစ်ဦးက ပြောသည်။ 

“တင်လာတဲ့သစ်တွေကို အောက်ကို အကုန်ချခိုင်းတယ်။ ချပြီး ပြန်တင်ပေါ့။ ကျွန်တော်တို့က တောင်းပန်တာပေါ့။ ကားထိုင်ခုံ ဆိုဖာအောက်ကိုလည်း သေနတ်တွေ ညှပ်ထားမလားဆိုပြီးတော့  စစ်တာပေါ့” ဟု သူက ပြောသည်။ 

ထိုသို့ စစ်ဆေးချိန်တွင် စစ်သား ၅ ဦး၊ သေနတ်ကိုင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ သေနတ်နှင့် ဓားကိုင်  ပျူများကိုလည်း တွေ့ခဲ့ရသည်ဟု ထိုလူငယ်က ဆက်ပြောသည်။

“ဒီကောင်တွေက ပါးစပ်ကလည်း ပြောနေကြတာ PDF တွေကို သတ်ဖို့ပေါ့။ PDF တွေကို ရှာနေတာပေါ့။ လှိုင်သာယာက ဆင်းလာတဲ့ ပျူစောထီးတွေရော၊ သူတို့ တပ်ချထားတဲ့သူတွေရော။ အဲဒီဒေသခံ ပျူစောထီးတွေရော အယောက် ၄၀ လောက်ရှိတယ်” ဟု သူက ပြောသည်။   

ငွေကြေး စီးဆင်းမှု

ထိုဒေသရှိ စစ်တပ်ဒေါက်တိုင် ပျူစောထီးများမှာ ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးမြင့်လွင်နှင့် ဆက်စပ်နေပြီး ယခင် စစ်တပ်ထောက်ခံပွဲများကို ငွေကြေးရယူပြီး အငှားလိုက်သဖြင့် ၅၀၀၀ စားဟု ကျော်ကြားသူများ ဖြစ်သည်ဟု  ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ထိုသူများကို ကြည့်မြင်တိုင်နှင့် တွံတေးမြို့နယ်အစပ်ရှိ ချောင်ဝိုင်းကြီး၊ ချောင်ဝိုင်းလေး ရပ်ကွက် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးလည်းဖြစ်သော ပုဏ္ဏားဆိုသူက အဓိက ဦးဆောင်နေခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

“အဲဒီဘက်ခြမ်းမှာတော့ ဒီကောင်က ဆရာကြီးပဲ။ ဒီကောင်ကလူ မိုက်လဲ မဟုတ်ဘူး။ ဒလန်လုပ်ရင်းနဲ့ ပျူထဲ ဝင်ပြီး တော့ ထောင်ထောင်ထောင်ထောင်လုပ်နေတာ” ဟု ကြောင်နက် အမည်ခံ  အဆိုပါ မြို့ပြပျောက်ကျားအဖွဲ့ဝင်က ပြောသည်။

“ဒီကောင်က အရင်က ကြံ့ခိုင်ရေးပွဲတွေမှာ ဒီကောင်ဦးစီးပြီးလုပ်ရတယ်။ ခုကျတော့ ပျူဆိုပြီး နာမည် ထွက်ပြီးနောက်ပိုင်းမှာ အပြင်သိပ်မထွက်တော့ဘူး။ အိမ်ထဲမှာပဲနေတော့တယ်” ဟု သူက ဆက်ပြောသည်။

စစ်တပ်သတင်းပေး အရှည်ကြီးဆိုသူ အမျိုးသမီးနှင့် ပြည်ခိုင်ဖြိုးပါတီဝင် စိုးသိန်း။

ဆိပ်ကြီးရပ်ကွက်အုပ်ချုပ်ရေးမှူး မျိုးအောင်၊ အလပ်ချောင်းရပ်ကွက်မှ အရှည်ကြီးမ၊ အောက်ရုံရပ်ကွက် ဆယ်အိမ်မှူး ခင်ဝင်း၊ စက်ဆန်းရပ်ကွက်မှ ဇော်မင်းတို့မှာ ပုဏ္ဏားကဲ့သို့ ပျူခေါင်းဆောင်များအဖြစ် ထင်ရှားသည်ဟု သူက ဆက်ပြောသည်။

“ပျူတွေရဲ့ ခေါင်းဆောင်ပိုင်းတွေကို လက်နက်တပ်ဆင်ပေးထားတယ်။ ယူနီဖောင်းတွေလည်း ပေးထားတယ်။ ယူနီဖောင်းဝတ်ပြီးတော့ ပတ်နေကြပြီ ခုက။ ပုဏ္ဏားတို့၊ မျိုးအောင်တို့ ကတော့ လက်နက်ကိုင်တယ်” ဟု သူက ပြောသည်။  

ကြည့်မြင်တိုင်ရှိ ပျူစေားထီးတို့ကို   စစ်ကောင်စီက  အသုံးချပြီးလျှင် ရှင်းလင်းဖွယ်ရှိသည်ဟု  ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်က သုံးသပ်သည်။

“ပျူစောထီးတွေမှာ ဆင်ခြင်နိုင်တဲ့ တွေးခေါ်နိုင်တဲ့ဉာဏ်မရှိဘူး။ သူတို့ရဲ့ တစ်မိသားစု တစ်ကိုယ်ရေအတွက် အတ္တအတွက်ပဲ လုပ်တယ်။ မကြာမီအချိန်မှာ ပျူစောထီးရော ဒလန်ရောကို သူတို့ကို  စကစ ကနေ ပြန်ရှင်းမယ့် အနေအထားမှာ ရှိတယ်” ဟု သူက ပြောသည်။

မဲစာရင်းမှားယွင်းမှုအကြောင်းပြပြီး အာဏာသိမ်းထားသော  ဗိုလ်ချုပ်ကြီးများက နိုင်ငံအနှံ့ ဖမ်းဆီး သတ်ဖြတ်မှုများ ကျူးလွန်ရာတွင် ပျူစောထီးတို့ကို ဆက်လက် အသုံးပြုနေဆဲဖြစ်သည်။

ဤအခြေအနေတွင် ရန်ကုန်မှ Dark Shadow အဖွဲ့ခေါင်းဆောင် ကိုချမ်းငြိမ်းသူက   ပျူစောထီးများ၊ ဒလန်များ၏ လက်ထောက်ချမှုကြောင့် သေကံမရောက် သက်မပျောက်ခဲ့ရသည့် ရပ်ကွက်တွက်း ပစ်ခတ် ဖမ်းဆီးမှုများကို မေ့ပျောက်နိုင်မည်မဟုတ်ပေ။

ပြည်သူတို့က ပျူစောထီးများနှင့်ပတ်သက်သည့် သတင်း အချက်အလက် ပေးပို့နေသည်၊ သို့သော်လည်း နည်းပါးနေသေးသည်ဟု သူက ပြောသည်။

“ပြည်သူတွေနဲ့ မြို့ပြပြောက်ကျားအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဒီကောင်တွေကို သုတ်သင်ရှင်းလင်းနိုင်မယ်ဆိုရင် တော်လှန်ရေးက ပိုပြီး မြန်မြန်ဆန်ဆန်အောင်မြင်နိုင်မှာပါ”ဟု ကိုချမ်းငြိမ်းသူက ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button