အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တိုက်ပွဲဆက်နေသော ပဲခူးတိုင်းအရှေ့ခြမ်းတွင် လမ်းတံတားများ ဖျက်ဆီးခံနေရ

နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်နေသော ပဲခူးတိုင်းအရှေ့ခြမ်းရှိ မြို့နယ်များတွင် ကျေးရွာချင်းဆက်လမ်းပိုင်းများနှင့် တံတားများ ဖောက်ခွဲဖျက်ဆီးခံနေသည်။ ယခုရက်ပိုင်းအတွင်း ထန်းတပင်၊ ဖြူးနှင့် အုတ်တွင်းမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော ဖောက်ခွဲဖျက်ဆီးမှုများအနက် အချို့ကို အာဏာသိမ်းစစ်တပ်က လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။

ယခုလ ၁၄ ရက်နေ့က ထန်းတပင်မြို့နယ် ကင်းမွန်းချုံကျေးရွာရှိ ရွှေပုဂံ-အောင်သာယာလမ်းပိုင်းကို စစ်တပ်က မြေတူးစက်ကြီးများဖြင့် လာရောက်ဖျက်ဆီးခဲ့သည်ဟု ပဲခူးတိုင်းအတွင်း လှုပ်ရှားနေသော တော်လှန်ရေးအဖွဲ့ဝင်နှင့် ဒေသခံတို့က ဆိုသည်။

အုတ်တွင်းမြို့နယ်ရှိ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ စစ်တောင်းမြစ်အထိ ဆက်သွယ်ထားသည့် မြက်နီကွင်းကွန်ကရစ်လမ်းတို့လည်း ဖျက်ဆီးခံထားရသည်ဟု ၎င်းတို့ထံမှ သိရသည်။

ထို့ပြင် ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် အမြန်လမ်းသစ်ကို ဆက်သွယ်ထားသော မဲချောင်းကွန်ကရစ်လမ်းလည်း ဖျက်ဆီးခံရကာ စစ်တပ်က လုံခြုံရေးချထားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယခုလ ၁၉ ရက်နေ့ ညပိုင်းက မိုင်းခွဲဖျက်ဆီးခံရသည့် ဖြူး-အုတ်ဖြတ်ကားလမ်းနှင့် ဝဲကြီးကျေးရွာကို ဆက်သွယ်ထားသည့်  ဘေလီတံတားတို့နှင့် ပတ်သက်၍မူ မည်သည့်အဖွဲ့၏ လက်ချက်ဟု မသိရပေ။ ဖြူး-အုတ်တွင်းလမ်းမှာ စစ်တောင်းမြစ်ကိုဖြတ်ပြီး ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အထိ ဆက်သွယ်ထားသည့်လမ်းဖြစ်သည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် PDF တို့က ဘေလီတံတားကို ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်သည်ဟု ရေးသားကြသည်။

တံတားပျက်ဆီးသွားသည်မှာ မှန်ကန်သော်လည်း တော်လှန်ရေးအင်အားစုများ၏ လက်ချက်ဟုတ်မဟုတ် အတည်မပြုနိုင်သေးကြောင်း ဖြူးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီလမ်းက စစ်ရေးအရဆိုရင်တော့ မဖြစ်မနေ ဖြတ်တောက်ရမယ့်လမ်းဖြစ်တယ်။ ဖြူးချောင်းကို ကျော်ပြီးတော့ မြောက်ဘက်ခြမ်းက ရွာတွေကို ဆက်သွယ်ထားတဲ့ တံတားပေါ့နော်။ ကျေးရွာတွေဘက်ကို အဲ့ဒီတံတားရှိနေတဲ့အတွက်ကြောင့်မို့လို့ မြန်မြန်ဆန်ဆန် ဝင်နိုင်တယ်”

“ကျွန်တော်တို့ ရဲဘော်တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်တယ်။ ရွာထဲကို ဝင်ပြီးတော့ အိမ်တွေမှာ သူတို့လုပ်ချင်တာတွေ လုပ်တယ်။ အဲ့ဒီတံတားရှိနေတဲ့အတွက်” ဟု အထက်ပါ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မှတ်ချက်ပြုသည်။

ကျေးရွာချင်းဆက်လမ်းများကို ဖျက်စီးပြီးနောက် ထိုဒေသရှိ စစ်ကောင်စီ၏ အထိုင်တပ်များက လက်နက်ကြီးများဖြင့် နေ့စဉ်လိုလို ပစ်ခတ်နေပြီး ရွာသူရွာသားများ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု အုတ်တွင်းမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

“လမ်းပျက်စီးခံရတဲ့နေရာက နှစ်ဖက်အပြန်လှန်ပစ်နေတဲ့နေရာနဲ့ သူတို့တွေ သွားလာတဲ့နေရာတွေ၊ ပြည်သူတွေက ပုံမှန်သွားလာတဲ့နေရာမျိုးတော့ မဟုတ်ဘူး။ လိုအပ်လို့ သွားလာတာလောက်ပဲ ရှိကြတာ လမ်းပန်းဆက်သွယ်ရေး ခက်သွားတာပေါ့။ သွားချင်တိုင်းလည်း သွားလို့မရဘူး၊ လာချင်တိုင်းလည်း လာလို့မရဘူး။ စစ်ကောင်စီချထားတဲ့ နေရာတွေမှာ ဈေးလည်းလိုသလို ဝယ်မရဘူး” ဟု ထိုဒေသခံက ပြောသည်။

ကရင်အမျိုးသားအစည်းရုံးနှင့် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်နေသည့် ပဲခူးတိုင်းအရှေ့ဘက်ခြမ်းရှိ လူနေအိမ်များကို စစ်တပ်က နေ့စဉ်လိုလို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (KNU) ၏ တပ်မဟာ (၁)နှင့် (၆) နယ်မြေတို့ရှိ ကားလမ်းများကိုလည်း အာဏာသိမ်းစစ်တပ်က လွန်ခဲ့သည့် မေလအတွင်း စက်ယန္တရားများ အသုံးပြုကာ လိုက်လံဖျက်ဆီးခဲ့သည်။ လွန်ခဲ့သည့် မေလအတွင်း မွန်ပြည်နယ်အတွင်း ရွာချင်းဆက်လမ်းပိုင်း ငါးခုထက်မနည်း ဖျက်ဆီးခံခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button