ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အဝေရာလမ်းရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့ (ဇွန် ၂၉) နံနက် ၁၁ နာရီဝန်းကျင်၌ ရဲတစ်ဦး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်း လိုက်လံပစ်ခတ်နေသည်။
အဆိုပါရဲ သေဆုံးမှုရှိမရှိ လတ်တလောတွင် အတည်မပြုနိုင်သေးသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သေနတ်သမား အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်က လယ်ယာရွှေမြေလမ်းအတွင်း လိုက်လံပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိထားသည်ဟု မေတ္တာညွန့်ရပ်ကွက်အတွင်းနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
“သူတို့ (စစ်သား)တွေ ရမ်းသန်းပြီး လိုက်ပစ်နေကြတာ။ ရပ်ကွက်ထဲကနှစ်ယောက်တော့ ဒဏ်ရာရတယ်ကြားတယ် ” ဟု ၎င်းက ဆိုသည်။
ယနေ့ မွန်းလွဲ ၂ နာရီခန့်အထိ ရပ်ကွက်အတွင်း လိုက်လံပစ်ခတ်နေဆဲဖြစ်သောကြောင့် ဒဏ်ရာရရှိသူများ၏ အခြေအနေကို တိတိကျကျ မသိနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် တာမွေမြို့နယ်အတွင်းရှိ အဝေရာလမ်းထိပ်၊ အခွန်လွတ်ဈေး၊ တာမွေဗလီမှတ်တိုင်အပါအဝင် မေတ္တာညွန့်ရပ်ကွက်မှ ထွက်သည့်လမ်းများနှင့် အာသောကလမ်းထိပ်တို့တွင် စစ်တပ်က ပိတ်ဆို့စစ်ဆေးနေပြီး မေတ္တာညွန့်ရပ်ကွက်၊ ဇေယျသုခလမ်းရှိ YNO ဟိုတယ်ကိုလည်း ဝင်ရောက်စီးနင်းခဲ့သည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။
၎င်းရပ်ကွက်နှင့် ကပ်လျက်ရှိသော စက်မှုရပ်ကွက်အတွင်း လမ်းပေါ်တွင် သွားလာနေသည့် ကားများကို စစ်တပ်က တားဆီးစစ်ဆေးနေသည့်အပြင် လမ်းသွားလမ်းလာပြည်သူများကို မှတ်ပုံတင်တောင်းယူစစ်ဆေးနေသည်။
တာမွေပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီထံ Myanmar Now က ဆက်သွယ်မေးမြန်း၍ မရသေးပေ။
သေနတ်သမား၏ ကားနှင့် သေနတ်တို့ကို သိမ်းဆည်းရမိထားသော်လည်း သေနတ်သမားမှာ လွတ်မြောက်နေဆဲဖြစ်သည်ဟု စစ်ကောင်စီဝါဒဖြန့် ပုဂ္ဂလိကမီဒီယာတချို့ တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်တပ်အားပေးထောက်ခံသူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ အုပ်ချုပ်ရေးနှင့် ဆက်စပ်သူများ လုပ်ကြံခံရပါက အနီးအနားရှိ ရပ်ကွက်နေလူထုအား စစ်တပ်က မြင်မြင်သမျှ လိုက်လံပစ်ခတ်လေ့ရှိသည်။
ဇွန် ၂၇ ကလည်း ရန်ကုန်၊ မရမ်းကုန်းမြို့နယ် လဝကရုံးတွင် နှစ်ကြိမ်ပေါက်ကွဲကာ စစ်သားတချို့ ဒဏ်ရာရပြီးနောက် စစ်တပ်က နာရီဝက်ကျော်ကြာ လူနေရပ်ကွက်အတွင်း လိုက်လံပစ်ခတ်ခဲ့သည်။
ယင်းနေ့ညပိုင်းတွင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အောင်ပန်းရွာတွင် ဒလန်ဟု နာမည်ထွက်နေသူတစ်ဦး အသတ်ခံရပြီးနောက် စစ်တပ်ရောက်လာသောကြောင့် ဒေသခံ ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။
ယမန်နေ့ (ဇွန် ၂၈) နံနက်ပိုင်းကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် လူနေရပ်ကွက်အတွင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ကျည်ဆန်ထိမှန်ခဲ့ကာ ၎င်းတို့ကို စစ်တပ်က ခေါ်ဆောင်သွားသည်။



