နိုင်ငံခြားငါးဖမ်းသင်္ဘောပေါ်တက်လျှင် လစာ အမေရိကန်ဒေါ်လာ ၃၅၀ ခန့် ရရှိနိုင်မည်ဆိုသော မက်လုံးသည် အလုပ်ရှာနေသူအများအပြားအတွက် မက်မောစရာဖြစ်သည်။
ရန်ကုန်၊ တွံတေးမြို့နယ်သို့လည်း ထိုကမ်းလှမ်းမှု ရောက်ရှိလာရာ ဝင်ငွေနည်းသော ရွာသားများအတွက် မက်မောစရာ ငွေကြေးပမာဏပင် ဖြစ်သည်။
တွံတေး၊ တံခွန်တိုင်ရွာမှ ၈ ဦး၊ အလယ်စုရွာမှ ၂ ဦးတို့သည် အလုံမြို့နယ်ရှိ Omniscience အေဂျင်စီကို ဝန်ဆောင်ခအဖြစ် ငွေကျပ် ၇၃၀,၀၀၀ ပေးခဲ့ သည်။
အသက် ၁၉ နှစ်မှ အသက် ၅၀ အတွင်း ရှိကြသော တွံတေးသားများသည် ၂၀၁၉ အောက်တိုဘာတွင် ရန်ကုန်လေဆိပ်မှ စင်ကာပူနိုင်ငံသို့ ထွက်ခွာ၍ စင်ကာပူဆိပ်ကမ်းရှိ ငါးဖမ်းသင်္ဘော ၂ စီးပေါ်သို့ ၅ ယောက်စီ ခွဲတက်ခဲ့ကြသည်။
ထိုအချိန်က ကမ်းမမြင်လမ်းမမြင်ဘဝ ပင်လယ်ထဲ တစ်နှစ်ကျော်နေရမည့်ဘဝကို မရိပ်စားမိခဲ့ကြကြောင်း အသက် ၃၆ နှစ်အရွယ် ကိုထွန်းထွန်းက ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း နိုင်ငံတကာရေပိုင်နက်ရှိ တရုတ်သင်္ဘောတစ်စီးတွင် အလုပ်လုပ်ကိုင်နေစဉ် Myanmar Now ကို ပြောသည်။
”စထွက်လာကတည်းက တစ်နှစ်နဲ့ သုံးလလောက်အတွင်း ကမ်းကို လုံးဝ မကပ်ခဲ့ရပါဘူး။ ပင်လယ်ထဲမှာ တစ်စီးပြီး တစ်စီးပြီးသာ ပြောင်းခဲ့ရပါတယ်။ ဖြစ်နိုင်ရင်တော့ ကျွန်တော်တို့မြန်မာနိုင်ငံကိုပဲ ပြန်ချင်ပါတယ်ခင်ဗျာ” ဟု သူက Viber မှတစ်ဆင့် ပြောသည်။
အချိန်ပိုအလုပ်ဆင်းရခြင်း၊ ထိုးကြိတ်ရိုက်နှက် အနိုင်ကျင့်ခံရခြင်းတို့ဖြင့် စောင့်ကြိုနေမည့် ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်လုပ်ငန်းခွင်သို့ စာချုပ်ချုပ်ပြီး လိုက်ပါသွားရမည်ဖြစ်ကြောင်းကို ကြိုတင် မသိရှိခဲ့ကြပေ။
ထိုအမျိုးသားများ ငါးဖမ်းသင်္ဘောပေါ်တွင် အနေအစားဆင်းရဲကြသလို သင်္ဘောပေါ်သို့လည်း ငွေလမ်းခင်း တက်ခဲ့ရသဖြင့် မိသားစုများလည်း အကြွေးနွံနစ်ကြရသည်။
အဆိုးရွားဆုံးမှာ မိသားစုစုံစုံညီညီ အသက်ရှင်လျက် ပြန်တွေ့ရေးအတွက် စိုးရိမ်သောကရောက်ခဲ့ကြရခြင်းပင်ဖြစ်သည်။
သင်္ဘောပေါ်က ဘဝ
သင်္ဘောပေါ်တွင် ကင်းမွန်များကို အဓိကဖမ်းဆီးရ၍ ငါးများကိုလည်း ဖမ်းဆီးသည့်လုပ်ငန်းခွင်ကို လုပ်ကိုင်ရသည်။ စာချုပ်တွင် နေ့စဉ်အလုပ်ချိန်နှင့် နားရက်ကို မည်သို့သတ်မှတ်ထားကြောင်း မမှတ်မိကြတော့ပေ။ ငါးဖမ်းသင်္ဘောပေါ် ရောက်သောအခါ တစ်နေကုန် အလုပ်လုပ်ရသလို ညဘက် အချိန်ပိုအလုပ်ဆင်းပေးရတတ်သည်ဟု ဆိုသည်။
အင်ဒိုနီးရှားနှင့် တရုတ်သင်္ဘောသားများရှိသော်လည်း လူနည်းစုဖြစ်သော ကိုထွန်းထွန်းတို့ ၅ ဦးအတွက် အစားအသောက်အနေအထိုင်ကား တခြားသင်္ဘောသားများနှင့် မတူပေ၊ အများမလုပ်ချင်သော အလုပ်များကို လုပ်ကိုင်ရပြီး ဘာသာစကားအခက်အခဲနှင့်လည်း ရင်ဆိုင်ကြသည်။
ဖမ်းမိသောငါးကို စားသုံးခွင့် မရှိဘဲ အအေးခန်းထဲသို့ တိုက်ရိုက်ပို့ကြရသည်။ လတ်ဆတ်မှုမရှိသော အစားအစာများကို နေ့တိုင်း စားသောက်ကြရသည်။
‘နံနံပင်၊ ဂေါ်ဖီထုတ်တွေနဲ့ ဂျုံလုံးကြီး၊ အဲ့ဒါကြီးနဲ့ ဆန်ပြုတ်နဲ့ တိုက်တယ်၊ အာလူးချက်ကျွေးတယ်။ တစ်ခုမှ လတ်လတ်ဆတ်ဆတ် မရှိဘူး” ဟု ကိုထွန်းထွန်းက ပြောပြသည်။
“သောက်ရေ မပေးဘူး။ သင်္ဘောပေါ်တွင် စက်အောက်ခန်းက ရေကို ခပ်သောက်ရပါတယ်။ စက်အောက်က ရေက အဝါရောင်ဖြစ်နေတာကို စစ်ပြီး သောက်ရတာ။ တချို့သင်္ဘောတွေဆို နေရာထိုင်ခင်း မပေးပါဘူ။ ခေါင်မိုးပေါ်တွေမှာ အိပ်ရပါတယ်။ နေရာရှာပြီး နေရတယ်”
Myanmar Now က ပြီးခဲ့သည့် ဒီဇင်ဘာလက ထိုရွာသို့ သွားရောက်ရာတွင် ကိုထွန်းထွန်း၏ ဇနီးဖြစ်သူ မမိုးမိုးခိုင်နှင့် ၎င်းတို့၏ လေးနှစ်အရွယ်သမီးကို တွေ့ခဲ့ရသည်။
“အသက်လောက် ဘယ်ဟာမှ အရေးမကြီးပါဘူး။ အဲ့ဒါကြောင့်မို့လို့ ကိုယ့်လင်သားကို ကိုယ်ပြန်ခေါ်ချင်တာပါ၊ ဟိုရောက်တော့ ပိုပြီးတော့ ပိန်ပိန်ညှောင်ညှောင်ဖြစ်သွားတယ်….သူကိုကြည့်ရတာ ရင်ထဲမကောင်းဘူး၊ သမီးလေးဖက်ပြီးတော့ ညတိုင်း ငိုရတယ်” ဟု ဒေါ်မိုးမိုးခိုင်က ကျလာသည့် မျက်ရည်ကို သုတ်ရင်း ပြောလိုက်သည်။
မည်သည့်အချိန် ကမ်းကပ်ရမည်၊ နေရပ်ပြန်ခွင့်ရမည်ကို ရေထဲမှ ကာယကံရှင်များရော ရွာမှ မိသားစုများ ကြိုမသိရဘဲ အဆိုးဆုံးအခြေအနေကို ရင်ဆိုင်နိုင်ရန်ပင် ပြင်ဆင်ရမလို ဖြစ်ခဲ့ကြသည်။
အခြားသင်္ဘောပေါ်ရောက် မြန်မာ ၅ ဦး၏ ဒုက္ခသည်လည်း မသေးလှပေ။ အေဂျင်စီနှင့် စာချုပ်ချုပ်ဆိုခဲ့စဉ်က သင်္ဘောတစ်စီးအမည်ကိုသာ စာချုပ်တွင် ဖော်ပြထားသော်လည်း သင်္ဘောတစ်စီးပြီးတစ်စီး ပြောင်းရွှေ့လုပ်ကိုင်ခဲ့ရသည်ဟု အသက် ၂၆ နှစ်အရွယ်ရှိ ကိုငြိမ်းချမ်းဦးက ဒီဇင်ဘာလတွင် ပြောသည်။
“စာချုပ်ထဲမှာပါတဲ့သင်္ဘောကိုပဲ တက်ရတာ၊ ခြောက်လလောက် နေရတယ်။ ကမ်းကို ကပ်ရမဲ့အချိန်မှာ မကပ်ရဘူး။ ပင်လယ်ထဲမှာပဲ နောက်တစ်စီးကို အတင်းပြောင်းခိုင်းတယ်။ အဲဒီလို တစ်စီးပြီးတစ်စီးပြောင်းရတာ ခြောက်စီးလောက်ရှိတယ်။ တစ်ညလုံး ငါးဖမ်းရတာ။ အစားအသောက်လည်း မကောင်းဘူး။ တအားဆိုးတယ်။ ဆန်ပြုတ်ပဲ သောက်ရတာ” ဟု ရွာတွင် ဇနီးနှင့် သမီးနှစ်ယောက် ကျန်ခဲ့သော ကိုငြိမ်းချမ်းဦးက ပြောသည်။
ကပ်ဘေးကာလအတွင်း အဆိုပါတရုတ်ငါးဖမ်းသင်္ဘောများ ကမ်းကပ်ခွင့် မရတော့ဘဲ နိုင်ငံတကာရေပိုင်နက်တွင်သာ ရပ်နားရင်း သင်္ဘောသားများကို တစ်စီးပြီးတစ်စီး လက်လွှဲခဲ့ကြသည်။
“မြန်မာနိုင်ငံက အေဂျင်စီနဲ့ သင်္ဘောပေါ်က တာဝန်ရှိသူတွေကို (အိမ်ပြန်ချင်တဲ့အကြောင်း) ပြောပါတယ်။ ကိုဗစ်ရောဂါတွေ ပျံ့နေတဲ့အတွက် ပြန်လို့မရဘူးဆိုတာပဲ ပြောတယ်။ မြန်မာနိုင်ငံ အိမ်ပြန်ချင်လို့ပါပြောလို့ ကျွန်တော်တို့ကို ထိုးလား၊ ကြိတ်လား လုပ်ပါတယ်။ သင်္ဘောတာဝန်ရှိသူတွေ၊ တရုတ်တွေ ဝိုင်းပြီးထိုးတာပါ” ဟု ကိုငြိမ်းချမ်းဦးက ဆက်ပြောသည်။
တခြားသင်္ဘောတစ်စီးသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် ငြင်းဆန်ပါက တရုတ်သင်္ဘောသား အယောက် ၃၀ ခန့် က ၎င်းတို့ ၅ ဦးကို ထိုးကြိတ်ကြသည်ဟု ဆိုသည်။
၎င်းတို့လုပ်ကိုင်ခဲ့သော သင်္ဘောတစ်စီးဖြစ်သည့် ZHAN HAI 001 သည် တရုတ်နိုင်ငံ Zhanjiang တွင် မှတ်ပုံတင်ထားပြီး ဝန်ထမ်း ၆၀ ပါဝင်နိုင်သည်ဟု ပစိဖိတ်မြောက်ပိုင်းငါးဖမ်းလုပ်ငန်းကော်မရှင်၏ အင်တာနက်စာမျက်နှာတွင် မှတ်တမ်းတင်ထားသည်။
တရုတ်ငါးဖမ်းသင်္ဘောများသည် လစာ အနည်းငယ်သာပေးရသည့် အရှေ့တောင်အာရှနိုင်ငံတချို့မှ အလုပ်သမားများကို ငှားရမ်းလေ့ရှိကြောင်း၊ အလုပ်သမားတို့ ညှဉ်းပန်းနှိပ်စက်ခံကြရကြောင်း နိုင်ငံတကာသတင်းများတွင် မကြာခဏ ဖော်ပြနေကြသည်။
လစာ မရ
သင်္ဘောတွင် ၂ နှစ်လုပ်ကိုင်ရန် သဘောတူစာချုပ် ချုပ်ဆိုထားကြခြင်းဖြစ်ပြီး လစာကို သုံးလတစ်ကြိမ် ပေါင်းပေးမည်ဟု စာချုပ်တွင် ဖော်ပြထားသည်။
ငါးဖမ်းလုပ်ငန်းခွင်အတွင်း ဆင်းရဲဒုက္ခများ ကြုံရချိန်တွင် မိသားစုအတွက်ဟု သဘောပိုက်ပြီး လုပ်ကိုင်ခဲ့သော်လည်း သင်္ဘောတက်ပြီး ခုနှစ်လကြာမှ ၎င်းတို့၏ လုပ်အားခ လစာငွေများ အိမ်သို့ ရောက်မသွားသေးကြောင်း သိရသည်ဟု မြန်မာသင်္ဘောသား ၁၀ ဦးလုံးက ဆိုသည်။
သင်္ဘောပေါ်တွင် အင်တာနက် ဝိုင်ဖိုင်ရှိသော်လည်း မြန်မာသင်္ဘောသားတို့ကို သုံးခွင့်မပေးသောကြောင့် မိသားစုများနှင့် ကနဦးတွင် အဆက်အသွယ်ပြတ်တောက်ခဲ့သည်။
ပါသွားသည့်တယ်လီဖုန်းများ လိုင်းမိသည့်အချိန်မျိုးတွင်သာ မိသားစုနှင့် အဆက်အသွယ်ရကြသည်ဟု ကိုထွန်းထွန်း၏ ဇနီး မမိုးမိုးခိုင်က ပြောသည်။
“အဆက်အသွယ်ရတဲ့အခါမှာ သူတို့မှာ ဘေလ်မရှိဘူးဆိုတဲ့အကြောင်း ပြောပါတယ်။ ပြောပြတဲ့အခါ ကိုယ်က ဒီမှာ ကွမ်းရွက်ခူးအလုပ် နေ့စားလုပ်လို့ရတဲ့ဟာလေးတွေနဲ့ ဘေလ်လွှဲ၊ လွှဲပေးရပါတယ်” ဟု မမိုးမိုးခိုင်က ပြောသည်။
ကိုထွန်းထွန်းဦးတို့ထံတွင် ဖုန်း ၂ လုံးကို အလှည့်ကျအသုံးပြုကြသည်။ ကျန် ၅ ဦးတွင် တယ်လီဖုန်းမရှိသဖြင့် မိသားစုနှင့် အဆက်အသွယ်မရခဲ့ကြပေ။
သင်္ဘောပေါ်တွင် ခက်ခဲနေကြသလို တွံတေးတွင်လည်း မိသားစုများ အကျပ်ရိုက်နေသည်။ သင်္ဘောတက်ရန် စာချုပ်မချုပ်ခင် အေဂျင်စီကိုပေးရန် အတိုးနှုန်း ၆ ကျပ်မှ အထိ ချေးငှားထားရသဖြင့် အတိုးတက်နေခြင်း၊ အဆက်အသွယ်မပြတ်စေရေးအတွက် တယ်လီဖုန်းဖိုး ငွေကြိုသွင်းရခြင်း၊ ငါးဖမ်းသင်္ဘောပေါ်မှ လင်သည်၊ သားသည်တို့အတွက် သောကရောက်ရခြင်းတို့ကြောင့် ညဘက် အိပ်မပျော်နိုင်ကြပေ။
ထိုအခြေအနေများကို ရိပ်မိကြောင်း ကိုငြိမ်းချမ်းဦးက ပြီးခဲ့သည့် ဒီဇင်ဘာလတွင် Myanmar Now ကို Viber မှတစ်ဆင့် ဆက်သွယ်စဉ်က ပြောကြားသည်။
“အိမ်ကို ဆက်သွယ်တဲ့အခါ ပိုက်ဆံမရဘူးလို့ ပြောပါတယ်။ ပိုက်ဆံမရတဲ့အခါ အိမ်ကို အားနာပါတယ်။ အတိုး ၂၀ နှုန်းနဲ့ ချေးငှားပြီးသွားတာပါ။ (အိမ်က) ဘယ်လိုတွေ ဖြေရှင်းနေရလဲဆိုတာ မသိတော့ပါဘူး” ဟု ကိုငြိမ်းချမ်းဦးက ညည်းတွားသည်။
မြန်မာသင်္ဘောသားများနှင့် ၂၀၂၀ နိုဝင်ဘာတွင် အဆက်အသွယ်ရခဲ့ခြင်းဖြစ်ပြီး နှစ်လနီးပါးကြာမျှ အင်တာနက်မှတစ်ဆင့် မေးမြန်းခဲ့သည်။ ၎င်းတို့မိသားစုဝင်များနှင့်လည်း ဇန်နဝါရီ ပထမပတ်မှာ တွံတေးမြို့နယ်တွင် Myanmar Now က သွားရောက်တွေ့ဆုံခဲ့သည်။
အေဂျင်စီကို အမှုဖွင့်
အသက် ၁၉ နှစ်အရွယ်ရှိ ကိုသက်အောင်သည် ဖခင်ဖြစ်သူ အသက် ၄၀ ကျော်အရွယ် ဦးကျော်မင်း၊ ၂၂ နှစ် အရွယ် ယောက်ဖ ကိုဝင်းဇော်ထွေးတို့နှင့်အတူ လုပ်ကိုင်ရသည်။
၎င်းတို့ ၃ ဦး သင်္ဘောတက်နိုင်ရန် ၁၀ ကျပ်တိုးဖြင့် ချေးယူခဲ့သောငွေများသည် ကျပ်သိန်း ၅၀ ကျော်အထိ ဖြစ်လာခဲ့သည်ဟု သူ့မိခင် ဒေါ်သီတာအေးက ဒီဇင်ဘာလတွင် ပြောသည်။
“တစ်နှစ်ကျော် ကြာပြီဆိုတော့ အတိုးတွေက အများကြီးတက်နေတာ၊ အခုနေတဲ့ အိမ်နဲ့မြေက ဆုံးနေပြီ။ အတိုး ဘယ်လောက်ပဲကျကျ၊ ပြန်ပေးပါမယ်ဆိုပြီး တောင်းပန်ထားရတာ “ဟု အသက် .၄၀ ဝန်းကျင်ကျော်အရွယ် ဒေါ်သီတာအေးက သက်ပြင်းချကာ ပြောသည်။
ကုန်ကျစရိတ်လိုအပ်ချက်အတွက် အိမ်ကို ပေါင်နှံခဲ့ရာ အိမ်က အပေါင်ဆုံးနေပြီဖြစ်သော်လည်း ခင်ပွန်းသည်နှင့် သမက် ပြန်လာပါက မိသားစုကို ရှာမတွေ့မည်စိုးရိမ်ရသဖြင့် လက်ရှိအိမ်ရှင်ကို တောင်းပန်ပြီး ဆက်လက်နေထိုင်နေရခြင်း ဖြစ်သည်ဟု ဒေါ်သီတာအေးက ပြောသည်။
ကိုသက်အောင်ကလည်း မိခင်ဖြစ်သူ ရုန်းကန်နေရမည်ကို သဘောပေါက်သည်ဟု ပြောပြသည်။
“ကျွန်တော်တို့ (သင်္ဘော)တက်လာပြီဆိုကတည်းက သူတို့ (မိသားစု) တအားဒုက္ခရောက်တယ်။ ကန်စွန်းရွက်ခူးပြီးတော့တောင် ရောင်းစားရတယ်” ဟု ကိုသက်အောင်က ပြောပြသည်။
၎င်းတို့မိသားစုဝင်များက အိုမီနီဆိုင်းရန့်စ် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ တာဝန်ရှိသူ ကိုမျိုးမင်းလတ်ကို အရေးယူပေးရန် ၂၀၂၀ ဩဂုတ်လအတွင်း တိုင်ကြား အမှုဖွင့်ထားသည်ဟု ရန်ကုန်၊ အလုံမြို့နယ်ရဲစခန်း ဒုရဲအုပ်အောင်မျိုးစန်းက အတည်ပြုခဲ့သည်။
“ကိုဗစ်ကာလဖြစ်တာကြောင့် အမှုကို ရုံးတင်စစ်ဆေးနိုင်ခြင်းမရှိသေးပါဘူး။ လတ်တလောမှာ အင်းစိန်းထောင်မှာ ထိန်းသိမ်းထားပါတယ်” ဟု ဒုရဲအုပ်က ဒီဇင်ဘာလတွင် ပြောသည်။
အေဂျင်စီသည် တရားဝင်လိုင်စင်မရှိဘဲ အလုပ်သမားပို့ဆောင်ပေးခဲ့သောကြောင့် ရာဇသတ်ကြီးပုဒ်မ ၂၆ (ခ) ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်ဟု သိရသည်။
ပြည်တွင်း၊ ပြည်ပသို့ ထွက်ခွာ/ ဝင်ရောက်ရန် တံဆိပ်အတုအပပြုလုပ်ပေးမှုဖြင့် အရေးယူအမှုဖွင့်ခြင်းဖြစ်ကြောင်း နစ်နာသူများဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်သဥ္ဇာဦးက ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ပြောသည်။
ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ အများဆုံးထောင်ဒဏ် ၇ နှစ်ထိ ကျခံရနိုင်သည့် ပုဒ်မဖြစ်သည်။
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံတွင်လည်း သွားရောက်အမှုဖွင့်ခဲ့သေးသည်ဟု ငါးဖမ်းသင်္ဘောသား ၁၀ ဦး အမြန်ဆုံး နေရပ်ပြန်နိုင်ရေးအတွက် ဌာနဆိုင်ရာရုံးအသီးသီးသို့ လိုက်ပါဆောင်ရွက်ပေးသော ရပ်ဆွေရပ်မျိုးတစ်ဦးဖြစ်သည့် ကိုယုယုမော်က ဆိုသည်။
“သူတို့ (လူကုန်တား) ပြောတာက ကာယကံရှင်တွေကိုယ်တိုင် ပြန်လာပြီးတိုင်မှ လူကုန်ကူးမှုမြောက်မှာတဲ့။ ကာယကံရှင်တွေ မလာနိုင်လို့ အကူအညီတောင်းတာလေဆိုတော့ မရဘူးတဲ့။ ကျွန်တော့်ကို အဲဒီလိုငြင်းလိုက်တာ” ဟု ကိုယုယုမော်က ပြောသည်။
“ဘယ်နားရောက်ရောက် လူတွေကအဓိကပဲ၊ လူလောက် ဘယ်အရာမှတန်ဖိုးမရှိဘူး၊ ပိုက်ဆံကိစ္စ နောက်မှပြောမယ်၊ လူကိစ္စအရင်ပြောမယ်”
အဆိုပါအကြောင်းအရာနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့ရုံးကို Myanmar Now က သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ တာဝန်ကျအရာရှိတစ်ဦးက အမှုတည်ဆောက်နေဆဲကာလဖြစ်ပြီး ငါးဖမ်းသင်္ဘောသားများ မြန်မာနိုင်ငံကို ပြန်ရောက်ချိန်မှသာ အမှုဖွင့်ပေးရန် ပြင်ဆင်ထားကြောင်း ရှင်းပြသည်။
အနာဂတ်အလင်းတန်းဆုံမှတ်အဖွဲ့မှ ဒါရိုက်တာ ဒေါ်သက်သက်အောင်က တာဝန်ရှိသည့် ဌာနဆိုင်ရာ အရာရှိများအနေဖြင့် အမှုအတွက် ပိုမိုအားစိုက်လုပ်ဆောင်သင့်သည်ဟု မှတ်ချက်ပြုသည်။
“ဒီလူတွေက မြန်မာနိုင်ငံကို ပြန်မရောက်ကြသေးဘူးပေါ့နော်၊ ပြန်ရောက်မှ ကိုယ်တိုင်ကိုယ်ကျ လူကုန်ကူးမှုကို တိုင်လို့ရမယ်ဆိုရင်၊ သူတို့က ပြန်လာလို့လည်းမရသေးတဲ့ အခြေအနေမျိုးတွေမှာ သူတို့အတွက် ဘယ်မှာလဲ အာမခံချက်” ဟု ဒေါ်သက်သက်အောင်က မေးခွန်းထုတ်လိုက်သည်။
“ကျိန်းသေတာက သူတို့သည် လုပ်ခလစာလုံးဝမရဘဲ လုပ်အားခခေါင်းပုံဖြတ်ခံရတဲ့ကိစ္စ၊ ပြီးတော့ သူတို့ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ကိစ္စ၊ ဒါကတွေက သူတို့ကိုပို့လိုက်တဲ့လူတွေကလည်း ရည်ရွယ်ချက်ရှိရှိပို့လိုက်ပြီးပြီဆိုရင် ဒါ လူကုန်ကူးမှု မြောက်တယ်လို့ ပြောလို့ရတယ်။ ဥပဒေမှာလည်း ပြဋ္ဌာန်းထားတယ်”
သင်္ဘောတက်ပြီး ၁ နှစ်ပြည့်ချိန်တွင် အေဂျင်စီက လစာ ၂ လစာခန့်စီ ယူကြရန် မိသားစုများကို ကမ်းလှမ်းသော်လည်း မိသားစုများက ငြင်းပယ်ခဲ့ကြကြောင်း ဒီဇင်ဘာလက သိရသည်။
အိမ်ပြန်ခရီး
ငါးဖမ်းသင်္ဘောပေါ်မှ မြန်မာပြည်သား ၁၀ ဦး အခြေအနေနှင့် ပတ်သက်ပြီး Myanmar Now က ရန်ကုန်မြို့ တရုတ်သံရုံးနှင့် စင်ကာပူသံရုံးတို့ကို ဇန်နဝါရီလအတွင်း မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ်မရခဲ့ပေ။
ဘ၀ မရေမရာဖြစ်နေသူများနှင့် မိသားစုများအတွက် နည်းလမ်းရှာဖွေ ကူညီအားပေးနေကြသည့် အခြား အဖွဲ့ ၂ ဖွဲ့ကို Myanmar Now က ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းတွင် သွားရောက်တွေ့ဆုံခဲ့သည်။
မြန်မာသင်္ဘောသားများကို လူမှောင်ခိုကူးသည်ပုံစံဖြင့် တရားမဝင်ပို့ထားခြင်းဖြစ်ပြီး ၎င်းတို့ပြန်ရောက်လာရေးအတွက် နည်းလမ်းရှာဖွေနေကြောင်း မြန်မာ့ပင်လယ်ရေကြောင်းအလုပ်သမားများအဖွဲ့ချုပ် (MMWF) ၏ အထွေထွေအတွင်းရေးမှူး ဦးတင်ကိုကိုသက်က ပြောပြသည်။
“သူတို့ လစာလုံးဝမရဘူး။ သူတို့သွားတာ ဆယ်သိန်းတောင်ကုန်ကျထားတဲ့ဟာက အရင်းမကျေတဲ့ပုံစံမျိုးရှိတယ်။ ကျန်တဲ့ ၆ လ၊ ၇ လက ဒီတိုင်းချည်းပဲ အလကားပေါ့နော်။ ကျွန်သဘောမျိုး ဖြစ်တာပေါ့” ဟု ဦးတင်ကိုကိုသက်က ပြောသည်။
ကူညီရေးအဖွဲ့များက အပြည်ပြည်ဆိုင်ရာတွင် ဆက်သွယ်လုပ်ကိုင်သည့်အခါ တရုတ်သည် ဆက်သွယ်ရခက်ခဲသော နိုင်ငံများတွင် ပါဝင်ကြောင်း ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) မှ ရွှေ့ပြောင်းအလုပ်သမားဌာန၊ လက်ထောက်ဌာနမှူး ဦးဟိန်းလတ်ကလည်း အဆိုပါ ၁၀ ဦး၏ အခြေအနေနှင့် ပတ်သက်ပြီး ရန်ကုန်၊ တရုတ်သံရုံးကို အကြောင်းကြားထားပြီး စင်ကာပူသံရုံးကိုမူ ဆက်သွယ်၍ မရသေးကြောင်း ပြောသည်၊။
“အလုပ်ချိန် ခေါင်းပုံဖြတ်တာ ရှိမယ်၊ လုပ်အားခကို ခေါင်းပုံဖြတ်တာရှိမယ် ဆိုလို့ရှိရင် ဒါ လူကုန်ကူးမှုမြောက်တယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ အလုပ်သမားတွေကို ယနေ့အချိန်အထိ လစာပေးတာ မရှိဘူး။ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ကို တိုင်တဲ့အချိန်မှာမှ ညှိနှိုင်းမှုနဲ့ လစာ တစ်လစာ၊ နှစ်လစာကို အနည်းအကျဉ်းပေးတယ်” ဟု ဦးဟိန်းလတ်က ပြောသည်။
အပြည့်အဝပေးခြင်း မဟုတ်သောကြောင့် ငြင်းဆန်သင့်ကြောင်း၊ ထိုနှစ်လစာကို လက်ခံလိုက်လျှင် လူကုန်ကူးမှုဖြင့် တိုင်ကြားရန် ခက်ခဲနိုင်ကြောင်း အကြံပြုသူတချို့လည်း ရှိသည်။
အဖွဲ့အစည်းများ၊ မိတ်ဆွေများ၏ အကြံပေးမှု၊ ဝိုင်းဝန်းကိုင်တွယ် တောင်းဆိုပေးမှုများသည် မိသားစုများအတွက်သာမက သင်္ဘောပေါ်တွင် အနိုင်ကျင့်ခံနေရသူများအတွက် အားဆေးဖြစ်ခဲ့သည်။
ဇန်နဝါရီလဆန်းနှင့် မေလတို့တွင် တွံတေးမြို့နယ် ကျေးလက်ဒေသ အမျိုးသား ၁၀ ဦးသည် ငါးဖမ်းသင်္ဘောများပေါ်မှ ၂ သုတ်စီ ခွဲပြီး ပြန်လည်လွတ်မြောက်လာကြသည်။
ယခုအခါ အလုပ်အကိုင်သစ် ရှာဖွေနိုင်ခြင်းမရှိသေးသော်လည်း ပြည်ပပင်လယ်ငါးဖမ်းသင်္ဘောလုပ်ငန်းခွင်သို့ မည့်အခါတွင်မှ သွားရောက်လုပ်ကိုင်တော့မည်မဟုတ်ဟု မိတ်ဆွေများကို ပြောပြတတ်သည်ဟု ဒေသခံတို့ကို ဖုန်းဆက်မေးမြန်းရာမှ သိရသည်။
ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီကို ဖွင့်ထားသည့်အမှုအတွက် တရားရုံးချိန်းများကို သွားနေသော်လည်း လုပ်ခလစာ၊ လျော်ကြေးများရရှိရန် ဆက်လက်ကြိုးစားလိုကြကြောင်း ပင်လယ်ပြန်တို့က ပြောနေကြသည်ဟု သိရသည်။