
ရေလုပ်သားလို့ ပြောလိုက်ရင် မျက်စိထဲ မြင်လာတတ်ကြတာကတော့ အမျိုးသားတွေကိုပါပဲ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့ ငပလီကမ်းခြေ တံငါရွာတွေရဲ့ ငါးဖမ်းလုပ်ငန်းခွင်မှာတော့ အမျိုးသမီး အများအပြား ရှိနေပါတယ်။ အမျိုးသမီးတွေက ငါးဖမ်းလှေတွေပေါ်မှာ ရှိမနေပေမယ့် ပင်ပန်း၊ ဆင်းရဲ၊ ခက်ခဲတဲ့ ဒီလုပ်ငန်းမှာ အမျိုးသမီး အများအပြားဟာ အမျိုးသားတွေနဲ့ ရင်ပေါင်တန်း အလုပ်လုပ်နေတာ တွေ့ရမှာပါ။ တချို့လည်း လုပ်ငန်းရှင် ဖြစ်နေပါပြီ။ မကြာသေးခင်က သံတွဲမြို့နယ်မှာ တွေ့ရတဲ့ မြင်ကွင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ငပလီကမ်းခြေ၊ ဂျိတ္တောကျေးရွာကို မနက်ပိုင်း ငါးဖမ်းလှေတွေ ကမ်းကပ်တာနဲ့ လှေဝမ်းထဲက ငါးတွေကို ကမ်းပေါ်တင်ရာမှာ အမျိုးသမီး အများအပြားလည်း ဝင်ပြီး ထမ်းကြပါတယ်

ရပ်နေသူကတော့ ငါးဖမ်းလှေတွေ ဆိုက်လာမှာကို စောင့်ဆိုင်းနေကြတဲ့ ငါးလုပ်ငန်းတစ်ခုရဲ့ အကြီးအကဲ အမျိုးသမီးပါ။ သူ့အလုပ်သမားတွေထဲမှာ စာရေးမ တစ်ယောက်ထက်မက ခန့်ထားပါတယ်။ လှေဆိုက်ပြီး ကမ်းပေါ် သယ်လာမယ့် ငါးခြင်းတွေ နေရာမှားယွင်း ပို့ဆောင်တာမမျိုး မဖြစ်ရလေအောင် ခြင်းပေါ်မှာ အမှတ်အသား ပြုလုပ်ထားကြပါတယ်။

ဆောင်းတွင်းကာလ ခါးကျော်တဲ့အထိ ရေစပ်ဆင်းပြီး ငါးထမ်းကြသူများ။ ရေထဲမှာ အအေးဓာတ် လွန်ကဲခြင်း သိပ်မရှိပေမယ့် သောင်ပြင်ပေါ်ဖြတ်တိုက်လာတဲ့ ဆောင်းလေကတော့ အမှန်အကန် အေးလှပါတယ်။

ဆိပ်ခံတံတား တည်ဆောက်ထားခြင်း မရှိတဲ့အတွက် ငါး သယ်ယူဖို့ လူ့လုပ်အားကို ပိုမို အသုံးပြုရပါတယ်။ ငါးဖမ်းလှေတွေ ကမ်းစပ်ကို တတ်နိုင်သမျှ ထိုးဆိုက် ကျောက်ချပေမယ့်လည်း ငါးသယ်ယူသူတွေက ခါးအထက်ပိုင်းအထိ ရေအစိုခံပြီး သွားရောက် သယ်ယူကြပါတယ်။ အဲဒီနောက်တော့ သဲသောင်ပြင်ကို ရုန်းကန် ကျော်ဖြတ်ပြီး ငါးခြင်းတွေကို စုရပ်မှာ သွားထားကြပါတယ်။

လေးလံတဲ့ငါးခြင်းတွေကို မော်တော်ယာဉ်ပေါ်တင်တဲ့အလုပ်ကိုလည်း အမျိုးသမီးတွေ ဝင်ရောက် လုပ်ကိုင်ကြပါတယ်။

ငါးဖမ်းလှေအသေးစားတချို့က ငါးကြီးကြီးတွေကို ပစ်မှတ်ထား ဖမ်းကြတာပါ။ တံငါသည်တစ်ယောက် တစ်ညလုံး ဖမ်းခဲ့တဲ့ ငါးမျိုးစုံကို မနက်မိုးလင်းချိန် ကမ်းစပ်မှာ စောင့်နေတဲ့ ဇနီးသည်က စောင့်ကြိုယူပြီး ဈေးကွက်ကို ပို့ပါတယ်။ ရလာတဲ့ ငါးကြီးမျိုးစုံ ခြင်းဝက်လောက် ပမာဏဟာ ကမ်းစပ်မှာ လာဝယ်သူ ရှိရင် နှစ်သောင်းကျော်နဲ့ ရောင်းမယ်၊ ငါးဒိုင်တစ်ခုခုကို သွားသွင်းရင်တော့ အဲဒီဈေးနှုန်းထက် ပိုရမယ်လို့ ဆိုပါတယ်။

ဒါကတော့ ကမ်းဝေးငါးဖမ်းလုပ်ငန်းက ရလာတဲ့ ငါးမျိုးစုံကို ငါးခြောက်လုပ်ဖို့အတွက် ခုတ်ထစ်နေကြသူတွေပါ။ သူတို့ဟာ လုံးသာချိုင်ဆိပ်က ငါးလုပ်ငန်းရှင်တစ်ယောက်ရဲ့ ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ တခြားသော လုပ်ငန်းခွင်တွေမှာလိုပဲ သူတို့ဟာ လက်အိပ်အကာအကွယ်တွေ တပ်ဆင်ခြင်း မရှိဘဲ ငါးကိုင်နေကြပါတယ်။

ကမ်းဝေးငါးဖမ်းလုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်တာကတော့ ရေခဲ ပါပဲ။ အသုံးများတဲ့ ရေခဲ ကော်ယူဖို့ ဂေါ်ပြားကိုင်တဲ့ အလုပ်ကြမ်းကို အမျိုးသမီးတွေလည်း လုပ်ကြပါတယ်။ သို့သော်လည်း သူတို့ရဲ့ လုပ်အားခဟာ ဘဝတူ အမျိုးသားတွေ ရနေတာထက် နည်းပါးပါတယ်။

ငါးခြင်းတွေကို ပင်လယ်ရေနဲ့ဆေးပြီး ကမ်းပေါ် ပြန်တက်လာသူတစ်ဦး။

ငါးခြင်းတွေကို ပင်လယ်ရေနဲ့ဆေးပြီး ကမ်းပေါ် ပြန်တက်လာသူတစ်ဦး။ ပင်လယ်ပြင်ကို အမှီပြုပြီး လုပ်ကိုင် စားသောက် နေထိုင်ကြသူများဖြစ်ကြတဲ့ အမျိုးသမီး အများစုဟာ မျက်နှာကို ပူပြင်းတဲ့နေရောင်ဒဏ် ခံနိုင်အောင် သနပ်ခါးထူထူ လိမ်းကြတာ တွေ့ရပါတယ်။

သောင်ပြင်မှာ ဖြန့်ထားတဲ့ ကောက်ရိုးပေါ် အပြာရောင်ဇာပိုက်ရှည်တွေကို ခင်းပြီး ငါးလှန်းကြတာပါ။
ငါးနီတူလို့ ခေါ်တဲ့ ပင်လယ်ငါး အသေးစားတွေကို ဒီနည်းနဲ့ လှန်းပါတယ်။ ငါးလှန်းသူ အများစုကတော့ အမျိုးသမီး အလုပ်သမားတွေ ဖြစ်ပါတယ်။

နေလှန်းငါးနီတူခြောက်တွေကို ညနေ နေမဝင်ခင် သိမ်းဆည်းနေသူများ။ ငါးခြောက်ဖြစ်သွားပြီးတဲ့နောက်မှာတော့ အမျိုးသမီးတွေဟာ တစ်ကြိမ်ကို ငါးနီတူ သုံးလေးခြင်းအထိ သယ်ယူကြပါတယ်။ ငါးအစို ဆိုရင်တော့ တစ်ခြင်းစီပဲ သယ်ကြပါတယ်။

ငါးနီတူကို အခြောက်လှန်းပြီး ဈေးကွက်ပို့ပါတယ်။ အသင့်စားငါးနီတူခြောက်လိုမျိုး တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်ဖို့အတွက်ဆိုရင် ဒေသခံ အမျိုးသမီးတွေဟာ နည်းပညာနဲ့ အရင်းအနှီး သေချာပေါက် လိုအပ်မှာ ဖြစ်ပါတယ်။
ဓာတ်ပုံများ – ဇာနည်ဝင်း / Myanmar Now