ဓာတ်ပုံအက်ဆေး

အလုပ်ပြောင်းရကိန်းဆိုက်လာတဲ့ ငွေဆောင်တံငါသည်များ

ငွေဆောင်၊ ပုသိမ် – ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင် ပင်လယ်ကမ်းခြေမြို့ ကျေးလက် ဒေသတစ်ခုမှာ နေထိုင်သူ ဦးညိုဝင်းက နှစ် ၂ဝ ကျော်ကြာ လုပ်ကိုင်လာတဲ့ မိရိုးဖလာ ငါးဖမ်းလုပ်ငန်းကို စွန့်လွှတ်ဖို့ စိတ်ကူးနေပါတယ်။

သူ့အသက်မွေးဝမ်းကျောင်းလုပ်ငန်း အပြောင်းအလဲလုပ်ဖို့ စိတ်ကူးရတာကတော့ ငါးရရှိနှုန်း ကျဆင်းလာတာကြောင့်ဖြစ်တယ်လို့ ကျောက်ဖျာကျေးရွာအုပ်စု၊ အုန်းတစ်ပင်ကုန်းရွာသား ၄၄ နှစ်အရွယ် ဦးညိုဝင်းက ပြောပြပါတယ်။

“အရင်တုန်းက ပင်လယ်ထဲ တစ်ရက်ဆင်းရင် လှေတစ်တစ်စီးကို ငါးကောင်ရေ ၃ဝဝ လောက် ရတယ်။ အခုကျတော့ အကောင်ရေ ၈ဝ ရဖို့ တော်တော်လေး ခက်လာတဲ့ အနေအထားမျိုး။ လုံးဝ ငါးမရတဲ့နေ့တွေတောင် ရှိတယ်” လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တွေ့ခဲ့ရတဲ့ ကမ်းနီးငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူ ဦးညိုဝင်းက ဆိုပါတယ်။

မကျည်းမှော်ရွာက ကမ်းနီးငါးဖမ်းသမား ဦးသိန်းစိုးကလည်း တခြားရွေးချယ်စရာ လုပ်ငန်းမရှိသေးတဲ့အတွက် ရေလုပ်ငန်း ဆက်လုပ်နေရတယ်လို့ ပြောပါတယ်။

သူတို့လိုမျိုး ငွေဆောင်ဒေသ ရေလုပ်သား တစ်ထောင်ကျော် ကြုံတွေ့နေရတဲ့ ငါးဖမ်းဆီးရရှိမှုနှုန်း နည်းပါး လာခြင်း ပြဿနာ လျော့ပါးစေနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

အဲဒီနည်းလမ်းတွေထဲမှာ ငါးဖမ်းဆီးမှု ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း စည်းကမ်း ပြဋ္ဌာန်းထားချက်တွေအတိုင်း တိတိကျကျ ကိုင်တွယ်ရေးလည်း ပါဝင်ပါတယ်။ ဒါပေမယ့် စည်းကမ်း တင်းကျပ်ဖို့အတွက် အခြေအနေ မပေးသေးဘူးလို့ အစိုးရ ဌာနဆိုင်ရာတွေက ပြောကြပါတယ်။

ငါးပြုန်းတီးစေတဲ့ အကြောင်းရင်း

ရေလုပ်ငန်းလုပ်ကိုင်သူတွေထဲမှာ တရွတ်ဆွဲပိုက် သုံးခြင်း၊ အဆိပ်ချခြင်း၊ လျှပ်စစ်ဓာတ်အားသုံးခြင်း၊ မိုင်းခွဲခြင်း စတဲ့ တားမြစ်ထားတဲ့နည်းလမ်းအသုံးပြုသူတွေ ရှိတာကြောင့် ငါးသယံဇာတ ယခင်ထက် ပိုမိုပြုန်းတီးလာခြင်းဖြစ်တယ်လို့ ငွေဆောင်မြို့ ငါးလုပ်ငန်းဦးစီးဌာ ဦးစီးမှူး ဦးဆန်းဝင်းက ပြောပါတယ်။

“အရေးယူတာထက်စာရင် ကိုယ်ကိုယ်တိုင် သိရှိနားလည်ရင် ပိုကောင်းတာပေါ့” လို့ ဦးစီးမှူးက ပြောပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနက ကန့်သတ် တားမြစ်ထားတဲ့ ငါးဖမ်းနည်းတွေကို အသုံးပြုသူဟာ ငွေဒဏ် ၃ သိန်း ကနေ ထောင်ဒဏ် ၁ဝ နှစ် အထိ ပြစ်ဒဏ်ပေးဖို့ ဥပဒေပြဋ္ဌာန်းချက် ရှိပါတယ်။

“တရားမဝင်ငါးဖမ်းနည်းတွေအထဲမှာ တရွတ်တိုက်ငါးဖမ်းနည်းက အဆိုးဆုံးပါ။ အဲ့ဒီ နည်းကို ကမ်းဝေးသမားတွေရော၊ ကမ်းနီးငါးဖမ်းသမားတွေရောက တားမြစ်ထားတဲ့ကြားထဲက သုံးကြပါတယ်။ တရွတ်ဆွဲပိုက်က ပင်လယ်ကြမ်းပြင် ပျက်စီးတဲ့ အထဲမှာ ပါပါတယ်” လို့ ဦးစီးမှူးက ဆိုပါတယ်။

“တိုက်ပြီးတော့ ဆွဲလိုက်တော့ နှုန်းတွေမှာပေါက်နေတဲ့ အပင်ပေါက်လေးတွေက ပျက်စီးသွားတာပေါ့။ အစာကွင်းဆက်တွေ ပျက်ကုန်၊ ငါးသေးလေးတွေလည်း ပါကုန်တော့ ငါးသယံဇာတတွေပြုန်းတီးကုန်တာပေါ့”

ဇွန် ၇ ရက်နေ့ကတွေ့ရတဲ့ ငွေဆောင်မြို့ ကမ်းခြေမြင်ကွင်းတချို့ (ဓာတ်ပုံများ – Myanmar Now)

ငါးသယံဇာတပြုန်းတီးမှုကို ကာကွယ်ဖို့အတွက် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများကို ငါးမဖမ်းရ ရာသီအဖြစ် ငါးလုပ်ငန်းဦးစီးဌာနက သတ်မှတ်ထားတယ်၊ ကမ်းနီး ကမ်းဝေးငါးဖမ်းစက်လှေ များ ငါးမဖမ်းရ နယ်မြေတွေအကြောင်း ကြေညာ အသိပေးထားတယ်၊ ဒါပေမယ့် စည်းကမ်းဖောက်သူတွေ ရှိနေသေးတယ်လို့ သူကရှင်းပြပါတယ်။

ဝင်ငွေနည်းလာတဲ့ ရေလုပ်သားများဘဝ အဆင်ပြေလာရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနက အကူအညီပေးရေး အဖွဲ့တချို့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတဲ့ အစီအစဉ်တစ်ခုကတော့ ငွေကြေးထောက်ပံ့ခြင်းပါပဲ။

ဆင်းရဲမွဲတေမှု ပပျောက်ရေး အစီအစဉ်တစ်ခု ဖြစ်တဲ့ မြစိမ်းရောင် စီမံကိန်းအောက်မှာ ကျေးရွာတစ်ခုကို အရင်းမပျောက် မတည်ငွေ သိန်း ၃ဝဝ စီ ထောက်ပံ့ထားတာပါ။
အိမ်၊ စက်လှေ၊ ငါးဖမ်းပိုက် ပိုင်ဆိုင်ကြောင်း ပြနိုင်တဲ့ မိသားစုတစ်ခုကို ချေးယူနိုင်တဲ့ ပမာဏက ကျပ် ၃ သိန်းပါ။

ဒီငွေပမာဏက ကျေးလက်ဒေသနေထိုင်သူတွေအတွက် အတိုင်းအတာတစ်ခုအထိ အဆင်ပြေပါတယ်။ ချေးငွေ မရသူတွေကတော့ ဒီစီမံကိန်းကို မကျေနပ်ကြပါဘူး။

ငါးပြုန်းတီးမှု ကာကွယ်ရေး

ငါးမဖမ်းရရာသီအပြီး ပင်လယ်ပြင်ထွက် ငါးဖမ်းကာလကို ရက် ၉ဝ သတ်မှတ်ခဲ့တယ်၊ ဒါပေမယ့် ငါးဖမ်း သင်္ဘောတွေက အလွန်အကျွံဖမ်းဆီးကြတာကြောင့် ရက် ၆ဝ အဖြစ် ပြင်ဆင်သတ်မှတ်လိုက်ပါတယ်၊ ငါးလုပ်ငန်းဦးစီးဌာနက ဒီအကြောင်း ထုတ်ပြန်ခဲ့ပြီးပါပြီ။

သတ်မှတ်ကာလကျော်လွန်ပြီး ငါးဖမ်းတဲ့ ပြည်တွင်းငါးဖမ်းလှေကို တစ်ရက် ဒဏ်ငွေ ငါးသောင်းနှုန်း အပြစ်ပေးမယ်၊ ငါးရက်ကျော်သွားရင် နေ့စဉ် ဒဏ်ငွေက နှစ်ဆ တက်မယ်၊ ဆယ့်ငါးရက်အထက် ကျော်သွားရင်တော့ စည်းကမ်းပျက်ရေယာဉ်အဖြစ် သတ်မှတ်အရေးယူမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူး ဦးထွန်းဝင်းမြင့်က ပြောပါတယ်။

ရက်ကျော်ဖမ်းတဲ့ နိုင်ငံခြားသင်္ဘောကို တစ်ရက် ဒေါ်လာ ၇,ဝဝဝ ဒဏ်ကြေး ပေးဆောင်စေဖို့ သတ်မှတ်ထားကြောင်း သူကရှင်းပြပါတယ်။

“ငါးရဖို့တစ်ခုတည်းကိုကြည့်ပြီးတော့ စည်းကမ်းဥပဒေကို ချိုးဖောက်မယ် ဆိုရင်တော့ အခုလိုပြဿနာတွေဖြစ်နေအုံးမှာပဲ” လို့ တိုင်းဦးစီးမှူးက ပြောပါတယ်။

ဌာနက ငါးဖမ်းလုပ်ငန်းခွင် ရေပြင်အထိ ကြပ်ကြပ်မတ်မတ် လိုက်လံစစ်ဆေးနိုင်ရင် ဥပဒေချိုးဖောက်မှု လျော့နည်းသွားမယ်လို့ သူက ဆက်ပြောပါတယ်။

“ကျွန်တော်တို့က ကုန်းပေါ်က ညွှန်ကြားချက်ပဲ ပေးနိုင်တာပါ။ ရေပြင်မှာ တကယ်တမ်း လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ တာဝန်ယူထားတာက တပ်မတော်(ရေ)ပါ။ သူတို့ရဲ့အဓိက တာဝန်က နိုင်ငံတော်လုံခြုံရေးပါ။ ငါးဖမ်း သင်္ဘောတွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်တာ၊ စစ်ဆေးတာက သူတို့အတွက် အလုပ်အပိုပါ။ သူတို့အနေနဲ့ စစ်ဆေးတာကလည်း ငါးဖမ်းတဲ့လှေ အကုန်လုံးကို ထောင့်စေ့အောင် မကြည့်နိုင်ဘူး” လို့ တိုင်းဦးစီးမှူးက ပြောပါတယ်။

ဥပဒေ၊ စည်းမျဉ်းတွေကို သင့်တော်သလို ပြုပြင်ဖို့ လိုအပ်သလို လုပ်ငန်းရှင်၊ ရေယာဉ်မှူး၊ ရေယာဉ်ပိုင်ရှင်၊ ရေလုပ်သားများဘက်ကလည်း အပြောင်းအလဲ ပြုလုပ်ရမယ်လို့ တိုင်းဦးစီးမှူးက မှတ်ချက်ပေးပါတယ်။

“ဥပဒေတစ်ရပ် ပြဋ္ဌာန်းမယ်ဆိုရင် လိုက်နာမယ်သူရှိဖို့လိုပါတယ်။ ဥပဒေက မည်သို့ပဲ ပြင်းထန်ပြင်းထန်၊ လစ်ရင် လစ်သလိုလုပ်တယ်၊ အသိစိတ်ဓာတ်တွေကို ပြင်ဖို့လိုပါတယ်” လို့ သူက ဆိုပါတယ်။

ဇွန် ၇ ရက်နေ့ကတွေ့ရတဲ့ ငွေဆောင်မြို့ ကမ်းခြေမြင်ကွင်းတချို့ (ဓာတ်ပုံများ – Myanmar Now)

အလုပ်အကိုင် အခွင့်အလမ်း

ငွေဆောင်မြို့ ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူး ဦးဆန်းဝင်းက တားမြစ်ထားတဲ့ ငါးဖမ်းနည်း အသုံးပြုတာတွေကို သတင်းရလို့ ပင်လယ်ပြင်ထဲ သွားရောက် ဖမ်းဆီးနိုင်ဖို့အတွက် ဌာနပိုင် ရေယာဉ်(မော်တော်ဘုတ်) မရှိဘူး၊ ရဲတပ်ဖွဲ့နဲ့ မချိတ်ဆက်ဘဲ သွားရောက် တားဆီးမယ် ဆိုရင်လည်း ဝန်ထမ်းတွေရဲ့လုံခြုံရေး စိတ်မချရဘူးလို့ ရှင်းပြပါတယ်။

ငွေဆောင်ရုံးအတွက် ဝန်ထမ်း ငါးဦး သုံးစွဲနိုင်တယ်လို့ သတ်မှတ်ထားပေမယ့် သူအပါအဝင် အမြဲတမ်းဝန်ထမ်း ၂ ဦး၊ နေ့စားဝန်ထမ်း ၁ ဦးပဲ ရှိတယ်လို့ ဆိုပါတယ်။

“ပင်လယ်ပြင်ကို သွားဖမ်းဖို့လည်း ကျွန်တော်တို့အနေနဲ့ နည်းပညာအခက်အခဲ ရှိတယ်။ သွားဖမ်းမယ်ဆိုရင်တောင် အဆင့်ဆင့် စာတင်ရမယ်။ ရဲတပ်ဖွဲ့ကို အကူအတောင်းရမှာဖြစ်တဲ့ အတွက် အနည်းဆုံး အချိန်ကတော့ တစ်ရက်လောက်ကြာမှာပဲ” လို့ ငွေဆောင်မြို့က ဦးစီးမှူး ဦးဆန်းဝင်းက ဆိုပါတယ်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရဲ့ ပုသိမ်မြို့နယ် မဲဆန္ဒနယ်(၂) ကိုယ်စားလှယ် ဦးအောင်သူထွေးက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြရင် ငါးသယံဇာတ ပြုန်းတီးမှု လျော့ပါးမှာ ဖြစ်တဲ့အတွက် ရေလုပ်သားများ ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းပါတယ်။

ငါးဖမ်းဆီးမှုနည်းလာတဲ့ နောက်ဆက်တွဲရလဒ်အဖြစ် ပင်လယ်ပြင်ကို အားကိုးနေရသူတွေ စားဝတ်နေရေး ခက်ခဲလာတာကြောင့် ဒေသနဲ့ ကိုက်ညီတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ လုပ်ငန်းရှင်တွေကို တိုက်တွန်းချင်တယ်၊ အစိုးရပိုင်းကလည်း ပစ်မထားသင့်ဘူးလို့ လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။

“သူတို့ ပင်မလုပ်ငန်းက မနက်ဆို ငါးထွက်ဖမ်းမယ်၊ ညနေဆို ပြန်တက်လာမယ်။ ဒီလို ကျင်လည် ဖြတ်သန်းနေမှုတွေကို ခေတ်နဲ့လျော်ညီအောင်၊ ဒေသနဲ့လည်း ကိုက်ညီအောင် ဒေသ ဖွံ့ဖြိုး တိုးတက်တက်ရေး လုပ်ငန်းတွေ နိုင်ငံတော်အနေနဲ့ ဖော်ဆောင်ပေးဖို့ လိုပါတယ်” လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောလိုက်ပါတယ်။ ။

Show More

Related Articles

Back to top button