
ရန်ကုန် (Myanmar Now) — ပင်လယ်ပြင်တွင် တရားမဝင် ငါးဖမ်းဆီးမှုကြောင့် လွန်ခဲ့သည့် ၃၅ နှစ်အတွင်း ငါးသယံဇာတ ၈၀ ရာခိုင်နှုန်းခန့် လျော့နည်းလာသည်ဟု ကွင်းဆင်းလေ့လာခဲ့သည့် အစိုးရမဟုတ်သောအဖွဲ့အစည်း နှစ်ဖွဲ့က မတ်လ ၂ ရက်နေ့တွင် ပြောသည်။
တိုင်းရင်းသားလူထုတိုးတက်ရေးမိတ်ဖက်အဖွဲ့(EPDP)၊ အခြေခံလူထုဖွံ့ဖြိုးမှုအဖွဲ့(DCGC) တို့က ရေသယံဇာတများ တည်ရှိမှုနှင့် ပတ်သက်ပြီး ကွင်းဆင်းလေ့လာ တွေ့ရှိချက်များကို “တံငါနားနီးအသံ၊ လှေငယ်နားနီး အိပ်မက်” အမည်ဖြင့် ထုတ်ဝေသော အစီရင်ခံစာတွင် ထိုသို့ ထောက်ပြထားခြင်း ဖြစ်သည်။
ပင်လယ်ပြင်တွင် မိုင်းခွဲ၍ ငါးဖမ်းဆီးခြင်း၊ ရှော့ရိုက်၍ ဖမ်းဆီးခြင်း၊ ခွင့်ပြုထားသည့် ပိုက်အရွယ်အစားထက် သေးသော ပိုက်များဖြင့် ဖမ်းဆီးနေခြင်းအပြင် ကမ်းဝေးငါးဖမ်းလှေကြီးများက ကမ်းနီးပင်လယ်ပြင်အတွင်း ဝင်ရောက်ဖမ်းဆီးခြင်းကြောင့် ငါးဖမ်းလုပ်ငန်းနှင့် ပတ်သက်ပြီး ပိုမိုထိရောက်သည့် ဥပဒေများ ပြဋ္ဌာန်းသင့်ကြောင်း DCGCအဖွဲ့ တာဝန်ခံ ဦးထွန်းမြင့်အောင်က အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“အစိုးရအနေနဲ့ ရေလုပ်သားငယ်တွေရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားအတွက် အကာအကွယ်ပေးမယ့် ဥပဒေတွေ တိတိကျကျ ချမှတ်ပေးဖို့ လိုပြီလို့ ပြောချင်တယ်။ ဒါ့ထက်ကို ကျွန်တော်တို့ ဒီလအတွင်းမှာပဲ အစီရင်ခံစာကို အစိုးရကို တင်ပြသွားမယ်။ တင်ပြပြီး ဆွေးနွေးသွားနိုင်ဖို့အတွက်လည်း ဆွေးနွေးနေပါတယ်” ဟု ၎င်းက ပြောသည်။
ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများအား တရားဝင်သတ်မှတ်ထားသည့် ပိုက်ကွက်အရွယ်အစားမှာ လေးလက်မအထက်သာ ဖြစ်သော်လည်း လက်ရှိမှာမူ လေးလက်မအောက် ပိုက်ကွန်အသေးစားဖြင့် ငါးအသေးများကိုပါ ဖမ်းဆီးခြင်းများရှိကြောင်း EPDP အဖွဲ့မှ ဦးထွန်းကြည်က ပြောသည်။
“ဒီအခြေအနေအတိုင်းသာ ဆက်သွားမယ်ဆိုရင် နောင်လာနောက်သားတွေ ရေငန်ငါး စားရပါစေလို့ ကျွန်တော်တို့တွေ ဆုတောင်းပါတယ်။ ဒီထက် ဒီထက် ပိုရှားရာကနေပြီးတော့ မျိုးသုဉ်းတဲ့အထိ ဖြစ်သွားနိုင်တယ်” ဟု နှစ် ၃၀ ကြာ ရေလုပ်ငန်းကို လုပ်ကိုင်ခဲ့သည့် ၎င်းက ဆက်ပြောသည်။
အဆိုပါအဖွဲ့နှစ်ဖွဲ့သည် ရေသယံဇာတများတည်ရှိမှုနှင့် ငါးလုပ်ငန်းဥပဒေများ၏ အကျိုးသက်ရောက်မှု အခြေအနေကို သိရှိစေရန် မြိတ်၊ ကျွန်းစု၊ ကော့သောင်း၊ ထားဝယ်၊ လောင်းလုံးနှင့် ရေဖြူမြို့နယ်များသို့ ဖေဖော်ဝါရီမှ မတ်လ အတွင်း ၁၇ ရက်ကြာ ကွင်းဆင်းလေ့လာ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။
ယခု အစီရင်ခံစာကို မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ငါးဖမ်းလုပ်ငန်းဦးစီးဌာန၊ ပြည်ထောင်စုအဆင့် လွှတ်တော်နှင့် အစိုးရအဖွဲ့များသို့ တင်ပြမည်ဟု ၎င်းတို့က ပြောသည်။