ခုခံတော်လှန်ရေး အားကောင်းသည့် ချင်းပြည်နယ်တွင် စစ်ကော်မရှင်၏ စာသင်ကျောင်းအများစု ပိတ်ထားရသည့်အတွက် ကျောင်းနေအရွယ်ကလေးများသည် ပညာသင်ယူရန် အခွင့်အလမ်း နည်းပါးလာကြသည်။
လက်ရှိတွင် မြို့တော် ဟားခါး၊ တီးတိန်မြို့၊ ခိုင်ကမ်းမြို့တို့ကိုသာ စစ်ကော်မရှင်တပ်က ထိန်းချုပ်ထားနိုင်၍ စာသင်ကျောင်းအနည်းငယ်သာ ဖွင့်လှစ်ထားသည်။ ဟားခါးမြို့တွင် လေးကျောင်း၊ တီးတိန်မြို့၌ နှစ်ကျောင်းနှင့် ခိုင်ကမ်းမြို့တွင် နှစ်ကျောင်း စုစုပေါင်း စာသင်ကျောင်း ရှစ်ကျောင်းသာ ဖွင့်နိုင်သည်ဟု ဒေသတွင်း နေထိုင်သူများက ဆိုကြသည်။
တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသည့် စစ်ဘေးရှောင်များနှင့် တောင်ပေါ်ကျေးရွာများရှိ ကျောင်းနေအရွယ် ကလေးများသည် ပညာသင်ကြားရန် အခွင့်အလမ်းနည်းပါးလာသည့်အတွက် ပညာဆက်မသင်ကြတော့ဘဲ ကျောင်းထွက်လိုက်ရသူများလည်း ရှိနေသည်။
” ကျောင်းတွေ မဖွင့်တော့ ဆက်မတက်ခိုင်းဖြစ်တော့ဘူး။ ကျောင်းဖွင့်တဲ့နေရာတွေ သွားတက်ရင်လည်း မိသားစုနဲ့ ဝေးတယ်၊ ကျောင်းစရိတ်၊ နေစရိတ်၊ စားစရိတ်တွေကုန်တော့ မတက်ခိုင်းဖြစ်တော့ဘူး။ အကြီးတွေကတော့ ရှစ်တန်းကျောင်းထွက်တယ်” ဟု တီးတိန်မြို့ခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်ရာဒေသများတွင် စာသင်ကျောင်းများပေါ်ပေါက်လာသော်လည်း စစ်တပ်၏ လေကြောင်းရန်အပြင် သင်ကြားရေးအထောက်အပံ့များနှင့် သင်ကြားပေးမည့် ဆရာ၊ ဆရာမ အင်အား မလုံလောက်သဖြင့် ဒေသတိုင်း၊ ကျေးရွာတိုင်းတွင် ဖွင့်လှစ်နိုင်ခြင်းမရှိသေးပေ။
ချင်းပြည်နယ်မြောက်ပိုင်းတွင် အချို့ကျေးရွာများ၌ ကိုယ်ထူကိုယ်ထစာသင်ကျောင်းများကို မိဘနှင့်ဆရာ ပူးပေါင်းဖွင့်လှစ်သင်ကြားပေးခြင်းမျိုးကို တွေ့ရသည်။
စစ်ကော်မရှင်တပ်၏ လေကြောင်းရန်၊ လက်နက်ကြီးရန်များကြောင့် တော်လှန်ရေးအခြေပြု စာသင်ကျောင်းများ မကြာခဏ ပိတ်ရလေ့ရှိကြောင်း ဒေသခံများက ပြောသည်။
” စကမ လေကြောင်းတစ်ခါ ကြဲသွားရင် တာ၀န်ရှိသူတွေက လူစုလူဝေးမလုပ်ဖို့၊ ကျောင်းပိတ်ဖို့ ကြေညာ ကြတယ်လေ။ ကျောင်းက ပိတ်လိုက်ဖွင့်လိုက် အဲဒီလိုမျိုးပဲပေါ့။ ပညာရေးနဲ့ပတ်သက်ပြီးတော့ အခက် အခဲတွေပေါ့။ ပုံနှိပ်စာအုပ်မလောက်တာ၊ ရေးဖို့ စာရေးကိရိယာတွေ ၀ယ်မရတာမျိုးတွေ ရှိတာပေါ့။ ပညာရေးကို ထိထိရောက်ရောက် ကလေးတွေ ရစေချင်တယ်။ သင်စေချင်တယ် ” ဟု ချင်းပြည် တောင်ပိုင်း မင်းတပ် ဒေသခံတစ်ဦးက ပြောသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်၌ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နှင့် ချင်းပြည်နယ် ဟားခါးမြို့အကြား ဗန်ဟားရွာစာသင်ကျောင်းဝင်းအတွင်း ကလေးများသန့်ရှင်းရေး လုပ်အားပေးနေချိန်တွင် လေကြောင်းမှ ဗုံးကြဲခံရပြီး ကျောင်းသားလေး နှစ်ဦး သေဆုံးခဲ့သည်။
ယင်းမတိုင်မီ အောက်တိုဘာလ ၈ ရက်နေ့ညကလည်း ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ကျေးရွာ နှစ်ရွာမှ စာသင်ကျောင်းများ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျောင်းသား သုံးဦးနှင့် မသန်စွမ်းအမျိုးသမီး တစ်ဦးသေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ချင်းဒေသတော်လှန်ရေးအဖွဲ့များ၏ မြေပြင်ကျောင်းများသာမက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ် ထားသည့် အွန်လိုင်းစာသင်ကျောင်းများတွင်လည်း တက်ရောက်နေသူများရှိနေသော်လည်း ထိရောက်မှု မရှိမည်ကို ကလေးမိဘများက စိုးရိမ်နေသည်။
NUG ၏ အခြေခံပညာရေး Grade-12 (G-12 ) တက်ရောက် အောင်မြင်ပြီးသူများအနေဖြင့် ဆက်လက် သင်ယူရန် တက္ကသိုလ် သို့မဟုတ် အသက်မွေး၀မ်းကျောင်း အတတ်ပညာများအတွက် ပူပန်နေရကြောင်း G-12 ကျောင်းသူတစ်ဦး၏ မိခင်က ပြောသည်။
” ဒီနှစ်ကို G 12 ပြီးမှာ။ လပိုင်းလောက်ဆို စာမေးပွဲ ဖြေရတော့မယ်။ ဒါပြီး ဘယ်လို တက္ကသိုလ်ကို တက်လို့ရမလဲဆိုတာမသိဘူး။ ပုံမှန်တက္ကသိုလ်တက်မရဘူးဆိုတော့ ဘယ်လိုလုပ်ရမလဲ။ GED ပဲ ထပ်တက်ပြီး နိုင်ငံခြားလွှတ်ရမလားပေါ့။ ဒါပေမဲ့ ငွေအားကလည်း မတတ်နိုင်ဘူး။ သမီး ပညာရေးအတွက် ဘယ်လို ဖြစ်လာမလဲဆိုတာ တွေးပူနေရတယ်။ CDM လုပ်ခိုင်းမိတာ နောင်တရသလို ဖြစ်လာတော့တာ ” ဟု ၎င်းက ဆိုသည်။
၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် တော်လှန်ရေးကာလ အချိန်ကြာမြင့်လာသည်နှင့်အမျှ တော်လှန်ရေးကို အားပေးထောက်ခံသော မိဘများသည် ကလေးများ၏ ပညာရေးအတွက် စိုးရိမ်ပူပန် လာကြရသည်။
ယခင်နှစ်များထက် ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်တွင် စစ်ကော်မရှင် ဖွင့်လှစ်သည့် ကျောင်းများတွင် တက်ရောက်သူဦးရေ များလာပြီး G 12 စာမေးပွဲ ဖြေသူများလည်း ပိုပြီးများကြောင်း ပညာရေးဌာန စာရင်းများအရ သိရသည်။

ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်၊ တွန်းဇံ၊ ဖလမ်းတို့မှ စစ်ဘေးရှောင် ကျောင်းနေအရွယ်ကလေးများသည် ခိုင်ကမ်းမြို့နှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့တို့တွင် အများစု ကျောင်းတက်ရောက်ကြသည်။
ငွေကြေးအားဖြင့် အဆင်ပြေသူအချို့သည် ကိုယ်ပိုင်ကျောင်းများတွင် တက်ရောက်ကြပြီး အများစုသည် အစိုးရကျောင်းများ၌သာ ပညာသင်ယူနေကြသည်။ စစ်ဘေးရှောင်များသည် အိုးအိမ်စွန့်ခွာ၍ တိမ်းရှောင်ရသည့်ကြားမှ စား၀တ်နေရေးအတွက် ရုန်းကန်ရင် သားသမီးများအတွက် ပညာရေးကို ပံ့ပိုးနေကြ ရသည်။
ထိုအထဲတွင် စစ်ကော်မရှင်၏ ထိုးစစ်နှင့်တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် တီးတိန်မြို့နယ်မှ ဦးကပ်နိုတို့ မိသားစုလည်း ပါ၀င်သည်။
ဦးကပ်နို၏ မိသားစုတွင် ခိုင်ကမ်းတွင် ပညာသင်ကြားနေသည့် သားသုံးဦးရှိပြီး G 9၊ G 8 နှင့် G1 တို့တွင် တက်ရောက်နေကြသည်။
“သားသမီးတွေကို ပညာတတ်ဖြစ်ချင်တဲ့ စိတ်နဲ့ စစ်ရှောင်နေရပေမယ့် ရတဲ့နည်းနဲ့ ပညာသင်ပေးရတာပေါ့နော်။ အငယ်ဆုံးနဲ့ အထက်က နှစ်ယောက် စုစုပေါင်းသုံးယောက်ပဲ ကျောင်းထားပေးနိုင်တာ။ အကြီးတွေကတော့ ကျွန်တော်တို့နဲ့ ကြုံရာလုပ်ပေါ့။ အခုကလည်း စစ်ရှောင်ရတော့ တောင်ယာလည်း လုပ်မရ ရွာဟောင်းမှာပဲ ကြုံရာ တစ်ရက်လုပ်တစ်ရက်စား သားသမီးတွေနဲ့ ဝေးနေရတာပေါ့။ ကျောင်းတက်တဲ့သူကတော့ ကလေးမြို့မှာ တက်တယ်။ စစ်ရှောင်ပိုက်ဆံမရှိတဲ့ထဲက ကလေးမြို့မှာ အိမ်ငှားပြီးတော့ သူ့အဖိုးအဖွားတွေနဲ့ထားတာ ” ဟု ၎င်းက အခြေအနေကို ပြောပြသည်။

စိုက်စရာ မြေနေရာမရှိ၍ နေ့စားအငှားအလုပ် လုပ်ကိုင်သော်လည်း အလုပ်ရှားပါးမှုနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုများကြောင့် စားသောက်ရေးအပြင် ကျောင်းစရိတ်ရရေး ခက်ခဲစွာရုန်းကန်နေရကြောင်း ဆိုသည်။
ဦးကပ်နို၏ဇနီးဖြစ်သူက ” ကျွန်မ သားအငယ်လေးက အခုမှ ခြောက်နှစ်ပဲ ရှိသေးတာ၊ ခရစ္စမတ် ကျောင်းပိတ်ရက် အိမ်ပြန်လာတော့ အလွမ်းပြေရတယ်။ ကျောင်းပြန်ဖွင့်ချိန် ခိုင်ကမ်းကို ပြန်ဆင်းရတော့ မဆင်းချင်ဘူး။ အမေ အဖေနဲ့ မခွဲချင်တာပေါ့၊ ငိုတာ၊ ဒီမှာပဲ တက်လို့မရဘူးလား မေးတာ။ ကျွန်မလည်း ကလေးကို မခွဲချင်ပေမယ့် သူ့ ပညာရေးအတွက် ချော့မော့ပြီး လွှတ်လိုက်ရတယ် ” ဟု မျက်ရည်စများ ကို လက်ဖြင့် သုတ်လျက် ပြောသည်။
ချင်းပြည်နယ် အပါအ၀င် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် ကျောင်းနေအရွယ် လူငယ်များကျောင်းထွက်နှုန်းအများဆုံး ဒေသများဖြစ်ပြီး အသက် ၁၈ မှ ၂၄ နှစ်အကြား လူငယ် လေးဦးတွင် သုံးဦးသည် ပညာရေး သို့မဟုတ် သင်တန်းတစ်ခုခုတွင် တက်ရောက်နေခြင်း မရှိတော့ကြောင်း ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၆ ရက်၌ ထုတ်ပြန်ထားသည့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar) အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ လူငယ် ငါးသန်းကျော်သည် ကျောင်းတက်ရောက်နိုင်ခြင်း မရှိတော့ကြောင်း၊ အထူးသဖြင့် ကျေးလက်နေ လူငယ်များသည် အတားအဆီးအမျိုးမျိုးကို ပိုမိုရင်ဆိုင်နေရကြောင်းဆိုထားသည်။
အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာန၏ ကြားကာလပညာရေး အစီအစဉ် အကောင်အထည်ဖော်မှု အားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်းတွင်လည်း ကလေးများ၏ ရေရှည်ပညာရေးအတွက် စိတ်ပူပန်လာကြသည်များလည်း ရှိကြသည်။
အညာဒေသ ကျောင်းသားမိဘများအတွက် အခက်အခဲသည် အမျိုးမျိုးရှိကြသည်။ စစ်တပ်၏ လေကြောင်းရန်၊ ငွေကြေးအခက်အခဲနှင့် စစ်ကော်မရှင်ကျောင်းတွင်ထားလျှင် တော်လှန်ရေးအဖွဲ့များ၏ ငြိုငြင်မှု ခံရနိုင်ခြင်းတို့ ဖြစ်သည် ဟု ဆိုကြသည်။
အာဏာသိမ်းစစ်တပ်သည် စာသင်ကျောင်း၊ ဆေးရုံနှင့် ဘုန်းကြီးကျောင်းစသည့် အရပ်သားပစ်မှတ်များပါ မချန် လေကြောင်းဗုံးကြဲတိုက်ခိုက်သည်။
တော်လှန်ရေးကျောင်းများသည် လုံခြုံရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများ ရှိနေပြီး ကျောင်းသား မိဘများအတွက် စာအုပ်စာတမ်းကြေး၊ လစဉ်ကျောင်းလခများသည် ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြောင်း စစ်ကိုင်း အခြေစိုက် ကျောင်းသားမိဘများက ယမန်နှစ်အတွင်း Myanmar Now ကို ပြောထားကြသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာအတွင်း လေယာဉ်၊ ဒရုန်းနှင့် အင်ဂျင်တပ် လေထီး၊ ဂျိုင်ရိုကော်ပတာများ အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၄၀၀ ကျော် (၂၄၃၅ ကြိမ်) ပြုလုပ်ခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
ယင်းထုတ်ပြန်ချက်များအရ လေကြောင်းတိုက်ခိုက်မှုများအတွင်း စာသင်ကျောင်း ၁၂၁ ကျောင်း ပျက်စီးခဲ့သည်။




