သတင်း

ချင်းမြောက်ပိုင်းတွင် စာသင်ကျောင်း ဗုံးကြဲခံရ၊ ၉ ဦးထက်မနည်း သေဆုံး

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ အရှေ့မြောက်ဘက် ၁၀ မိုင်ကျော်အကွာ၊ လူဦးရေ တစ်ထောင်ကျော် နေထိုင်သည့် ဝေဘူလမြို့တွင် ရှိသော အထက်တန်းကျောင်းကို စစ်ကောင်စီလေတပ်က ယနေ့ (ဧပြီ ၁၀) နံနက် ၁၁ နာရီဝန်းကျင်တွင် ဗုံးကြဲ တိုက်ခိုက်သည်။

စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်အစပ် ပေ ၃၀၀၀ ကျော်မြင့်သည့် တောင်ပေါ်တွင် ရှိသည့် ဝေဘူလအထက်တန်းကျောင်းဝင်းသို့ ဗုံးနှစ်လုံးကျခဲ့ပြီး ကျောင်းအုပ်ကြီးနှင့် ဇနီးအပါအဝင် သေဆုံး ၉ ဦး ရှိပြီး၊ အများအပြား ဒဏ်ရာရသွားသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက မွန်းလွဲ ၂ နာရီတွင် အတည်ပြုသည်။

ပိတ်ထားသည့် စာသင်ကျောင်းသို့ ဗုံးကျခြင်းဖြစ်ကြောင်း၊ သေဆုံး၊ ဒဏ်ရာရသူတို့၏ အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်သေးကြောင်း စစ်ကောင်စီကို ခုခံနေသည့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) နှင့် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တာဝန်ရှိသူတို့က ပြောသည်။

ဝေဘူလမြို့ အထက်တန်းကျောင်းတွင် တော်လှန်ရေးအဖွဲ့များ တပ်စွဲထားခြင်းမရှိဟု CNDF နှင့် CHRO အဖွဲ့တို့က အခိုင်အမာပြောသည်။ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦး၏ အဆိုအရ စစ်ကောင်စီက CNDF ထိန်းချုပ်မှုအောက်တွင် ရှိသည့် ဝေဘူလမြို့ကို ယမန်နှစ်အတွင်း သုံးကြိမ်တိုက်ခိုက်ခဲ့ဖူးသည်ဟု သိရသည်။

CNDF နှင့် CHRO တာဝန်ရှိသူတို့က လက်ရှိအခြေအနေတွင် ဝေဘူလမြို့အနီး တိုက်ပွဲမရှိဘဲ စစ်ကောင်စီက အရပ်သားပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောသည်။

“(ဝေဘူလအနီးမှာ) မြေပြင်စစ်ရေးလှုပ်ရှားမှု ဘာမှမရှိဘူး” ဟု CHRO ပြောခွင့်ရသူ ဆလိုင်းမန်ဟရဲလ်န်က ဆိုသည်။

ဖလမ်းမြို့ မြောက်ဘက် သုံးမိုင်ဝန်းကျင် မဏိပူရ်မြစ် အနောက်ဘက်ကမ်း ဗားရ်ရွာအခြေစိုက် စစ်ကောင်စီစခန်းကို တော်လှန်ရေးအဖွဲ့က ယနေ့ နံနက် ၅ နာရီဝန်းကျင်တွင် တိုက်ခိုက် သိမ်းပိုက်ပြီး နာရီပိုင်းအကြာတွင် ဗုံးကြဲမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဗားရ်ကျေးရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ယနေ့ နံနက်က သွားရောက်တိုက်ခိုက်ပြီးနောက် သိမ်းဆည်းရမိသည့် စစ်လက်နက်ပစ္စည်းများ။ ဓာတ်ပုံ – CNDF Facebook

သို့သော် အရှေ့ဘက် ၁၀ မိုင်ကျော်အကွာ ဝေဘူလမြို့စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲမှုမှာ ဗားရ်ရွာ စစ်ကောင်စီစခန်း တိုက်ခိုက်ခံရမှုနှင့် သက်ဆိုင်ခြင်းမရှိနိုင်ဟု CNDF ပြောခွင့်ရသူ ကိုကျုံးငိုင်းက ဆိုသည်။

“ အဲဒီနှစ်ခုက ဆက်စပ်တယ်လို့တော့ မထင်ဘူး။ နေရာဒေသက တော်တော်ဝေးသေးတယ်။ အကွာအဝေး တော်တော်ဝေးတဲ့အတွက် ဝေဘူလကို ချတာတော့ အကြမ်းဖက်စစ်ကောင်စီဆိုတဲ့အတွက် ပြည်သူတွေ မြို့ပေါ်ကို ချတာ အကြောင်းမဲ့ပဲ ချတာဖြစ်ပါတယ်” ဟု သူက ဆိုသည်။

စစ်တပ်နှင့် ရဲ အင်အား ၃၀ နီးပါးရှိ ဗားရ်ရွာစစ်စခန်းကို တော်လှန်ရေးအဖွဲ့တို့ တစ်နာရီကျော်ကြာ တိုက်ခိုက်ခဲ့စဉ်ကလည်း စစ်ကောင်စီက ထိုနေရာသို့ တိုက်လေယာဉ်ဖြင့် ဗုံး ၆ ကြိမ် ကြဲခဲ့သေးသည်ဟု ကိုကျုံးငိုင်းက ပြောသည်။

ဗားရ်ရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၆ ဦး၊ တော်လှန်ရေးအဖွဲ့ဝင် ၁ ဦး သေဆုံးသည်၊ စခန်းကို မီးရှို့ဖျက်ဆီးနိုင်သည်၊ လက်နက်အချို့ သိမ်းမိသည်ဟု အထက်ပါ CNDF တာဝန်ရှိသူက ဆိုသည်။

ဝေဘူလမြို့ စာသင်ကျောင်း ဗုံးကြဲခံရမှု၊ ဗားရ်ရွာ စစ်ကောင်စီစခန်းတိုက်ခိုက်ခံရမှု အသေးစိတ်အခြေအနေများကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ ခုခံမှုများ မြင့်တက်နေရာ တောင်တန်းဒေသ ချင်းပြည်နယ်၊ အိမ်နီးချင်း စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများလည်း ပါဝင်သည်။

စစ်မျက်နှာများစွာ ဖွင့်ထားရသည့် စစ်ကောင်စီက ပုန်ကန်တော်လှန်သူများကို နိုင်ငံအနှံ့ လက်တုံ့ပြန်နေရာ လေကြောင်းသုံး၍ ဗုံးကြဲ၊ ပစ်ခတ်မှုများကို အားပြုနေသဖြင့် အရပ်သားထိခိုက်သည့် ဖြစ်စဉ်များစွာ ပေါ်ပေါက်နေသည်။

မတ်လကုန်ပိုင်းကလည်း ချင်းပြည်နယ် ထန်တလန်မြို့အနီးရှိ ခွာဖိုရွာကို လေကြောင်းမှ တိုက်ခိုက်၍ ၁၀ နှစ်အောက် ကလေးငယ်များအပါအဝင် အရပ်သား ၉ ဦး သေဆုံးသည်။

ထို့ပြင် ဧပြီ ၈ ရက် တစ်ရက်တည်းတွင် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု သုံးကြိမ်ရှိခဲ့သည်။

Show More

Related Articles

Back to top button