အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွေးကောက်ပွဲလုပ်မည့် ဖလမ်းကိုပြန်သိမ်းနိုင်ရေး စစ်တပ်ထိုးစစ်ဆင်နေ

အောက်တိုဘာလကုန်က စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက်မှထွက်လာသော စစ်ကြောင်းသည် ဝေဘူလမှ တဆင့် ဖလမ်းမြို့ဘက်သို့ စစ်ကြောင်းတစ်ကြောင်း၊ တီးတိန်မြို့မှလာသည့် စစ်ကြောင်းတစ်ခုကလည်း တီးတိန်မြို့နယ်၊ သိုင်းငင်းရွာမှ တဆင့် တီးတိန်- ဖလမ်း နယ်စပ်သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ကို ပြန်လည်သိမ်းပိုက်နိုင်ရေး အင်အားအလုံးအရင်းဖြင့် စစ်တပ်က ထိုးစစ် ဆင်နေမှုကို စုပေါင်းခုခံ‌နေသဖြင့် တိုက်ပွဲပြင်းထန်နေကြောင်း ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံက သိရသည်။ 

အောက်တိုဘာလကုန်က စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက်မှထွက်လာသော စစ်ကြောင်းသည် ဝေဘူလမှ တဆင့် ဖလမ်းမြို့ဘက်သို့ စစ်ကြောင်းတစ်ကြောင်း၊ တီးတိန်မြို့မှလာသည့် စစ်ကြောင်းတစ်ခုကလည်း တီးတိန်မြို့နယ်၊ သိုင်းငင်းရွာမှ တဆင့် တီးတိန် – ဖလမ်း နယ်စပ်သို့ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။ 

ကလေးမြို့မှလာသောစစ်ကြောင်းသည် နိုဝင်ဘာလ ၃ ရက်နေ့တွင် ဝေဘူလမြို့ကို ထိန်းချုပ်ပြီးနောက် ဖလမ်း မြို့ဘက်သို့ ဦးတည်နေပြီး မြို့အရှေ့ဘက် ၁၂ မိုင်ခန့်အကွာ မဏိပူရ်မြစ်အနီး ရွာများအထိ ရောက်ရှိလာသည်။  

ယမန်နေ့( နိုဝင်ဘာလ ၁၇ ရက်နေ့) နံနက်တွင် စစ်ကြောင်း ထိုးလာသည့်အတွက် တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

“ ၂၅၀ နဲ့ ၃၀၀ ကြားရှိတဲ့အင်အားနဲ့ ဖလမ်းမြို့ကို ပြန်လည်ရရှိဖို့အတွက် ထိုးစစ်ဆင်လာတာရှိပါတယ်။ ထိုးစစ်ဆင်ရင်းနဲ့ မနေ့မနက်ပိုင်း ၈ နာရီခွဲလောက်မှာ ချောင်းကို ကျော်လာဖို့ကြိုးစားတဲ့အချိန်မှာ ကျွန်တော်တို့နဲ့ထိတွေ့မှုဖြစ်တာ”ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်ကပြောသည်။ 

ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ – CNDF) 

ယမန်နေ့ နံနက် ၈ နာရီခန့်မှစပြီး နှစ်နာရီခန့်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး နေ့လယ်တွင် ကင်းထောက် လေယာဉ် များ၊ Y 12 အမျိုးအစား လေယာဉ်၊ ဂျက်ဖိုက်တာတို့ဖြင့် ခြောက်ကြိမ်ခန့် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

စစ်တပ်ကနောက်မဆုတ်ဘဲ ရှေ့ဆက်တိုးလာပါက ထိတွေ့တိုက်ပွဲများ အချိန်မရွေး ထပ်ဖြစ်လာနိုင်ကြောင်း ဆလိုင်းတင်မီထွဋ်က ဆိုသည်။ 

မြို့တော် ဟားခါးမှ မြောက်ဘက် မိုင် ၄၀ ကျော်အကွာရှိ ဖလမ်းမြို့ကို ချင်းတော်လှန်ရေးအင်အားစုများ စုဖွဲ့ထားသည့် ချင်းညီနောင်အဖွဲ့က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် ယခုနှစ် ဧပြီလတွင် မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။ 

ချင်းပြည်နယ် မြို့နယ် ကိုးခုရှိသည့်အနက် ဟားခါး၊ ထန်တလန်၊ တီးတိန်တို့တွင်သာ စစ်တပ်က ခြေကုပ်ယူထားပြီး မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းတို့ကို ချင်းညီနောင်ကထိန်းချုပ်ကာ ၎င်း၏ မဟာမိတ် အာရက္ခတပ်တော်က ပလက်ဝကို သိမ်းပိုက်ထားသည်။ တွန်းဇံမြို့ကို ချင်းလဲန်းကောင်စီက သိမ်းပိုက်ထားသည်။ 

နယ်မြေထက်ဝက်ကျော်ကို လက်လွှတ်ထားရသည့်အနက် စစ်တပ် နေရာယူထားနိုင်သည့် ဟားခါး၊ တီးတိန်တွင် ရွေးကောက်ပွဲ အပိုင်း (၁)ကို စတင်ကျင်းပမည်ဖြစ်ပြီး ဇန်နဝါရီလတွင်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၂) တွင် ချင်းပြည်နယ်မှ မြို့နယ်များ ပါဝင်ခြင်းမရှိပေ။  

စစ်တပ်ခန့်အပ်သည့် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် ချင်းပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်းအရ တွန်းဇံ၊ ဖလမ်း၊ ထန်တလန်တို့လည်းပါဝင်ရာ ရွေးကောက်ပွဲအပိုင်း(၃)တွင် ထိုမြို့နယ်များပါဝင်လာဖွယ်ရှိနေသည်။ 

ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓါတ်ပုံ – CNDF) 

တီးတိန်မြို့အခြေစိုက် အမှတ် ၂၆၉ ခြေလျင်တပ်ရင်းကို အောက်တိုဘာလကုန်ပိုင်းတွင် လေကြောင်းမှ အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးကာ ကလေး-တီးတိန်လမ်းပေါ်ရှိ အချက်အချာကျသည့် ကနေဒီတောင်နှင့် ချင်းပြည်နယ်ဝင်ပေါက်ဖြစ်သည့် သိုင်းငင်းရွာတို့ကို  စစ်တပ်က ပြန်ထိန်းချုပ်လိုက်သည်။ 

တီးတိန် နှင့် ဖလမ်းနယ်စပ်တွင် ယမန်နေ့နံနက်ပိုင်းကစပြီး ယနေ့ထိ တိုက်ပွဲများဆက်ဖြစ်နေကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ 

“ အခုသိုင်းငင်းဘက်က ဟာတွေ(စစ်တပ်)လည်း ပြီးတော့ ဝေဘူလဘက်က ဟာတွေ(စစ်တပ်)က ဖလမ်းမြို့ကို ပြန်ပြီး တော့ စိုးမိုးဖို့ ဦးတည်ထားပုံရပါတယ်။ ကျွန်တော်တို့က ပူးပေါင်းတပ်ဖွဲ့အနေနဲ့ အားလုံးပါဝင်ပြီးတော့ ခုခံတာပဲ ဒီအချိန်မှာ”ဟု ဆလိုင်းထက်နီက ပြောသည်။ 

ချင်းတောင်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ရွေးကောက်ပွဲအပိုင်း (၁) ကျင်းပမည့် မြို့နယ်ထဲတွင် ပါဝင်သည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင်လည်း ပြီးခဲ့သည့် လကုန်ပိုင်းကစပြီး စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ဆက်တိုက်ထိုးနေသည်။ ကလေးမြို့တောင်ပိုင်းတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများပြင်းထန်နေပြီး နိုဝင်ဘာလ ၁၄ ရက်နေ့မှ ယနေ့ (နိုဝင်ဘာလ ၁၈ ရက်နေ့)အထိ ငါးရက်ဆက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံကသိရသည်။ 

“ ရွာပေါ်ဝဲသွားရင် အကုန်ပုန်းရတယ်။ ဂျက်ဖိုက်တာဆိုရင်သိပ်မဆိုးဘူး သုံးလေးလုံးကြဲပြီးရင် ပြန်သွားတယ်။ Y 12 ဆိုရင် တစ်ခါဝဲရင် တစ်နာရီလောက်ဝဲတယ်။ အဲ့ဒီတော့ အားလုံးက အမြဲတမ်းပုန်းရ တယ်။ ထမင်းလည်း

ကောင်းကောင်းမစားရ။ ရေလည်းကောင်းကောင်းမချိုးရဘူး။ ညဘက်လာရင် ပိုဆိုးသေးတယ်”ဟု ကလေးမြို့နယ်တောင်ပိုင်းမှ ဒေသခံအမျိုးသားတစ်ဦးကပြော သည်။ 

နှစ်ကုန်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲနီးလာချိန်တွင် စစ်တပ်က ရွေးကောက်ပွဲ ကျင်းပမည့်မြို့နယ်များနှင့် ဆက်သွယ်ရေးအရ အချက်အချာကျသည့် နေရာများကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် ထိုးစစ်အရှိန်မြှင့်နေသည်။ 

Related Articles

Back to top button