ဆောင်းပါးလူမှုနယ်ပယ်

အညာဒေသ ပညာရေးသောက

ကြားကာလပညာရေး အစီအစဉ်တွင် အားရဖွယ်အခြေအနေများ ရှိနေသလို စာသင်သည့်နေရာကို ဗုံးကြဲနိုင်မှု၊ အထက်တန်းကျောင်းတွင် ယခင်က တွေ့ရခဲသည့် ပြဿနာတချို့လည်း ရှိနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနရဲ့ ကြားကာလပညာရေး အစီအစဉ်ဟာ သုံးနှစ်ကျော် အထိ ခရီးပေါက်လာခဲ့ပါပြီ။ 

တော်လှန်ရေး အားကောင်းပြီး၊ ပြည်သူ့အုပ်ချုပ်ရေး အကောင်အထည်ဖော်နေတဲ့ ဒေသတိုင်းမှာ ကြားကာလပညာရေး ဖော်ဆောင်မှုနဲ့ ပတ်သက်လို့ ပညာရေးမှာ မြေပြင်အဓိကနေရာက ဖော်ဆောင်သူ တွေ၊ ကူညီပံ့ပိုးသူ တွေ အပါအဝင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့နဲ့ တွေ့ဆုံစကားပြောကြည့်တဲ့အခါ အများစုက “အောင်မြင်တယ်လို့ပြောနိုင်တယ်” ဆိုပြီး မှတ်ချက် ပေးကြပါတယ်။ 

မြေပြင်ကျောင်းတွေသာမက အခြေခံ ပညာအဆင့် အွန်လိုင်း စာသင်ကျောင်း ၈၀ ဝန်းကျင် ဖွင့်လှစ်နိုင် တာကိုလည်း NUG ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်ရဲ့ ထုတ်ပြန်ချက်တွေအရ တွေ့ရပါတယ်။ 

ကြားကာလ ပညာရေးရဲ့ ကဏ္ဏကြီး ၄ ရပ်ဖြစ်တဲ့ အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေး၊ သက်မွေး ပညာရေးနဲ့ ဆရာအတတ်သင်ပညာရေးတွေမှာ အွန်လိုင်းကသာမက မြေပြင်လက်တွေ့ သင်တန်းကျောင်း တွေလည်း ဖွင့်လှစ်နိုင်ကြောင်း ကြေညာထားပါတယ်။ 

အဆင့်မြင့်ပညာမှာ တက္ကသိုလ်/ ဒီဂရီကောလိပ်/ ကောလိပ် / သိပ္ပံအုပ်ချုပ်ရေးကောင်စီ ၂၀ ခု ဝန်းကျင် လောက်အထိ ရှိနေပါတယ်။ မြေပြင်တက္ကသိုလ်အချို့လည်း တော်လှန်ရေးနယ်မြေစိုးမိုးနိုင်မှုအပေါ် မူတည်ပြီး ဖွင့်လှစ်နိုင်တာတွေလည်းရှိပါတယ်။ 

စစ်အုပ်ချုပ်ရေးလက်အောက်တွင် ပညာမသင်လိုသူများအတွက် ကြားကာလပညာရေးအစီအမံတစ်ခု ကို အကောင်အထည်ဖော်မဲ့အကြောင်း  ၂၀၂၁ မေလဆန်းမှာပဲ NUG က ထုတ်ပြန်ခဲ့တာပါ။ 


ဒါပေမဲ့ တဖက်မှာလည်း စစ်ကောင်စီရဲ့ အနှောက်အယှက်တွေကလည်း ရှိနေတော့ NUG ကြားကာလ ပညာရေးဟာ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရပြန်ပါတယ်။  

စစ်ကောင်စီဟာ အရပ်သားပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်ရာမှာ အဲဒီအထဲ ကလေးသူငယ်တွေနဲ့ သူတို့ရဲ့ စာသင်ကျောင်းတွေပါ ဗုံးကြဲခံနေရပါတယ်။

၂၀၂၄  ခုနှစ် သြဂုတ်လအထိ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှု၊ ဗုံးကြဲမှုတွေကြောင့် တစ်နိုင်ငံလုံးမှာ ၁၄၂ ကျောင်းအထိ ထိခိုက် ပျက်စီးခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့  ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ 

ဒါ့ကြောင့်လည်း တော်လှန်ရေးအားကောင်းတဲ့နယ်မြေတွေဖြစ်တဲ့ အညာအပါအဝင် တိုင်းရင်းသားဒေသ တွေက စာသင်ကျောင်းတွေဟာ “အကြမ်းဖက်ခံ ပညာရေး”  လို့ အညာဒေသ လူထုသပိတ် ဦးဆောင်သူ တွေက ပြောဆိုကြပါတယ်။ 

၂၀၂၂ စက်တင်ဘာ  စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနောက်ဘက် ၁၄ မိုင်အကွာ လက်ယက်ကုန်းရွာ   စာသင်ကျောင်းအတွင်း လေယာဉ်က ဗုံးကြဲခဲ့လို့ ကလေး ၇ ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်က အထင်အရှားပင်။ 

ဒီဆောင်းပါးမှာတော့ NUG ရဲ့ ကြားကာလပညာရေးအားကောင်းတဲ့ အညာဒေသက မြေပြင်အခြေအနေ တချို့ကို တင်ပြသွားပါမယ်။

ဗုံးကြဲခံထားရသော လက်ယက်ကုန်းရွာ စာသင်ကျောင်းကို အောက်တိုဘာ ၁၉ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ-မိုးဦး/ Myanmar Now)

အားတင်းထားရတဲ့ တော်လှန်ပညာရေး

အာဏာသိမ်းစစ်ကောင်စီအုပ်ချုပ်မှု အဆုံးသတ်နိုင်ရေး ဆက်လက်တော်လှန်နေရချိန်၊ ဖက်ဒရယ် ဒီမိုကရေစီအစိုးရ မပေါ်ပေါက်နိုင်သေးချိန်ကာလကို ကြားကာလ  လို့ နားလည်ကြပါတယ်။
ကြားကာလပညာရေးလုပ်ငန်းဖော်ဆောင်မှုမှာ NUG ပညာရေးဝန်ကြီးဌာနက ချမှတ်တဲ့ လမ်းညွှန်ချက်ကို အခြေခံပြီး လုပ်ဆောင်ရတာမှန်ပေမယ့် မြေပြင်မှာ ကိုယ့်ရပ်ကိုယ့်ရွာအလိုက် သင့်တော်မဲ့ မူဘောင်တွေ ချပြီး ဆောင်ရွက်ကြတာလည်း တွေ့ရပါတယ်။

ပြည်သူ့အခြေပြု ကိုယ်ထူကိုယ်ထကျောင်းတွေဖြစ်တော့ အဲဒီကျောင်းတွေရဲ့ အောင်မြင်မှုဟာ ဒေသခံတွေ၊ တော်လှန်ရေးအင်အားစုတွေကြားက ပူးပေါင်းဆောင်ရွက်နိုင်မှုအပေါ်မှာ မူတည်ပါတယ်။

ဒီတော့ NUG ကြားကာလ ပညာရေးက တော်လှန်ရေးအားကောင်းနယ်မြေဖြစ်တဲ့ အထက်မြန်မာပြည် ထဲက မြို့နယ်တွေမှာ ပိုပြီး သက်ရောက်နေပါတယ်။

 စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ပျက်စီးသွားသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာမှ ကျောင်းသားများကို ၂၀၂၃ ခုနှစ် မတ်လက တအာင်းတပ်မတော် (TNLA) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ် တာဘုန်းကျော် သွားရောက်တွေ့ဆုံစဉ် ။ ( ဓာတ်ပုံ-AFP) 

ဒါကြောင့်လည်း ကြားကာလပညာရေးမှာ မြို့နယ်ပညာရေး ကော်မတီထဲပါဝင်တဲ့ စစ်ကိုင်းတိုင်းက CDM ကျောင်းအုပ်ဆရာကြီးတစ်ဦးက “ကြားကာလပညာရေးဆိုတာ စစ်ကိုင်း၊ မကွေးလို့ ပြောရမလိုပဲ” လို့ မှတ်ချက် ပေးပါတယ်။​

တော်လှန်ရေးကျောင်းတွေဟာ လုံခြုံရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲတွေ ကြီးမားပါတယ်။ ကျောင်းသားတွေအတွက်လည်း စာအုပ်စာတမ်းကြေး၊ လစဉ်ကျောင်းလခတို့က ဝန်ထုပ်ဝန်ပိုး ဖြစ်နေပါတယ်။

ကျောင်းအများစုဟာ လစဉ်ကြေးအဖြစ် မူလတန်းအဆင့် ကျပ် ၇၀၀၀၊ အလယ် တန်းအဆင့် ကျပ် ၉၀၀၀ နဲ့ အထက်တန်းအဆင့် ကျပ် ၁၇၀၀၀ ဝန်းကျင်မှာ ရှိပါတယ်။  မုန့်ဖိုးနဲ့ ပေါင်းလိုက်ရင်တော့ ကျောင်းသား တစ်ယောက်အတွက် ကုန်ကျစရိတ်က  တစ်လပျမ်းမျှ ကျပ် ငါးသောင်းကနေ တစ်သိန်းကြားမှာရှိတယ် လို့လည်း ကျောင်းသားမိဘ တချို့က တွက်ပြပါတယ်။ 

ဒီစရိတ်ကြောင့် သားသမီးများပြားတဲ့ မိသားစုတွေ အခက်အခဲ ပိုကြီးတယ်လို့ ယင်းမာပင်ခရိုင်၊ ကျောင်းကော်မတီအဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်တစ်ဦးက ရှင်းပြပါတယ်။ 

“ကျောင်းလခ မသွင်းနိုင်တာမျိုးတွေ မရှိပေမယ့် ကျောင်းသား များလို့ဆိုပြီး သားသမီးတစ်ယောက် လောက်ကို ကျောင်းနုတ်၊ လျှော့လိုက်ရတာမျိုးတွေရှိတယ်” လို့ သူက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း NUG ဖွင့်ထားသည့် ကျောင်းတွင် ကလေးငယ်များ စာသင်နေကြစဉ်။ (ဓာတ်ပုံ – Myanmar Now)

အဲဒီအချက်နဲ့ ပတ်သက်ပြီး ခရိုင်ပညာရေးတာဝန်ခံနဲ့ စကားပြောကြည့်ရာမှာတော့ “ကျွန်တော်တို့ အနေနဲ့ အဲ့သလို အခြအနေမျိုးတွေ အဖြစ်မခံပါဘူး။ ကျွန် တော်တို့ မြေပြင် အမြဲသွားလာနေတာ ကြားလည်း မကြားမိပါဘူး” လို့ ဆိုပါတယ်။

မြေပြင်ကျောင်းသားတွေဘက်မှာ အခက်အခဲရှိသလို အွန်လိုင်းကျောင်းသားတွေမှာလည်း အခက်အခဲ  ရှိနေ ပါတယ်။

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်ဝန်းကျင်ကတည်းက တော်လှန်ရေးစိုးမိုးနယ်မြေ တွေကို အင်တာနက်လိုင်းတွေ တဆင့်ချင်းစဖြတ်ရာမှာ အညာက စစ်ကိုင်းနဲ့  မကွေးတိုင်း မြို့နယ် တော်တာ်များများပါ ပါဝင်သွားပါတယ်။ ခေတ်စားနေတဲ့ စတားလင့်အင်တာနက်ဟာ ဒီနှစ် အစော ပိုင်းမှသာ အညာက အရပ်သားတွေသုံးနိုင်တဲ့ အဆင့်ကို ရောက်လာတာပါ။ ရွာတိုင်းမှာ အသုံးပြုနိုင်တာမျိုးတော့ မဟုတ်သေးပါဘူး။ 

အဆင့်မြင့်ပညာရေးဆက်တက်တဲ့ အွန်လိုင်းကျောင်းသားတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌတစ်ဦးကို မေးမြန်းကြည့်ရာမှာတော့ လက်လှမ်းမီသူ နည်းပါးတယ်လို့ သူက ပြောပါတယ်။

“အင်တာနက်ရရှိမှုအခက်အခဲ၊ ငွေကြေး အခက်အခဲနဲ့ ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှုအပေါ်မှာ မူတည်မယ်လို့ ထင်တယ်။ အချက်အလက် ကောက်ထားတာမျိုး မရှိပေမယ့်   ၁၀ ယောက်မှာ နှစ်ယောက်လောက်ပဲ ကျောင်းဆက်တက်တယ်လို့ ပျမ်းမျှ မှန်းလို့ရမယ်” လို့ သူက ဆိုပါတယ်။ 

အွန်လိုင်းကနေ ကျောင်းတက်နေတဲ့ ကျောင်းသားတွေဟာလည်း အင်တာနက်ဆိုင်မှာ တစ်လ ကျပ် ငါးသောင်းကနေ တစ်သိန်းဝန်းကျင်ပေးရတယ်လို့ CDM ပြုလုပ်ထားတဲ့ ဆည်မြောင်းဝန်ကြီးဌာနရဲ့ အရာရှိတစ်ဦးက ရှင်းပြပါတယ်။ 
သားသမီးပညာရေးအတွက်  တစ်အိမ်လုံးရဲ့ အသုံးစရိတ်ကို လျှော့ချနေရတယ်လို့လည်း သူက ဆိုပါတယ်။

ဒီလို အခြေအနေတွေနဲ့ ပတ်သက်ပြီး ကြားကာလပညာရေးအပေါ် ယင်းမာပင်မြို့နယ်ထဲက ကျောင်းသား မိဘတစ်ဦးကတော့ အခုလို မှတ်ချက်ပေးပါတယ်။

“နောက်ဆုံးတော့ ဘာမှမတွေးတော့ဘူး။ ဒါသည် တော်လှန်ပညာရေးဖြစ်တယ် ဆိုတဲ့ အသိစိတ်တစ်ခုနဲ့ အားတင်းထားရတော့တာပဲ”

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှ စစ်ရှောင်များနှင့် ကလေးသူငယ်များကို ၂၀၂၂ နိုဝင်ဘာက တွေ့ရစဉ်။ (ဓာတ်ပုံ-မိုးဦး/Myanmar Now)

မိဘ၊ ဆရာတွေရဲ့ သောက 

ကျောင်းတွေစဖွင့်မယ် ဆိုကတည်းက  ကျောင်းသားမိဘတွေ ယုံကြည်အားကိုးလာကြဖို့ အရင်ဆုံး ကြိုးစားခဲ့ရတယ်လို့  ပုလဲမြို့နယ်၊ ကြားကာလ အထက်တန်းကျောင်းအုပ်တစ်ဦးဖြစ်တဲ့ ဦးကျော်မိုးက ရှင်းပြဖူးပါတယ်။ 

ကျောင်းသားမိဘတချို့ရဲ့ မေးခွန်းထဲမှာ ဒီကျောင်းတွေကနေ အောင်ရင် ဘယ်လို အသိအမှတ်ပြုမှာလဲ ဆိုတဲ့ တရားဝင်မှု၊ မဝင်မှုတွေကို ဆန်းစစ်လာတဲ့အထိ ပါတယ်လို့ ဆိုပါတယ်။ 

“အတန်းတွေ၊ အဆင့်တွေထက် ပညာတတ်ဖို့ အဓိက မဟုတ်လား၊ တော်လှန်ရင်း ပညာသင်ရတာကို နားလည်အောင် ရှင်းပြရတာပေါ့” လို့ ဦးကျော်မိုးက ဆိုပါတယ်။

ပုလဲ မြို့နယ်အတွင်း ကျောင်းသား မိဘတစ်ဦးကတော့ အသက်လု ရှင်သန်နေထိုင်ရချိန်မှာ သားသမီးပညာရေးအတွက် အနာဂတ်အထိ လှမ်းမျှော်ကြည့်နိုင်တဲ့အခြေအနေ ရှိမနေဘူးလို့ ဆိုပါတယ်။ 

“မိဘတိုင်းကတော့ သားသမီးကို အကောင်းဆုံး ပညာအမွေပေးချင်ကြတာပေ့ါ။ ဒါ့ကြောင့်လည်း တချို့ က မြို့ကို ပြောင်းပြီး ကျောင်းထားတာတွေရှိတယ်။ ကျွန်တော်တို့ကျ ငွေကြေးအရလည်း ခက်ခဲတယ်။ ပြီးတော့ မြို့ထားတယ်ဆိုရင် စကစ ကျောင်းတွေလည်း မထားချင်ဘူးလေ” လို့ သူက ဆက်ပြောပါတယ်။ 

ကြားကာလ ပညာရေးမှာ ပူးပေါင်းဆောင်ရွက်မှု မပြုလိုသူ၊ အယုံအကြည်မရှိသူတွေထဲက ငွေကြေး တတ်နိုင်သူတချို့ကတော့ သူတို့ ကလေးတွေကို  မြို့ကြီးတွေဆီ ပို့ထားပါတယ်။ 

“တချို့ တော်လှန်ရေးသမားတွေက သူတို့ သားသမီးတွေနဲ့ အမျိုးတွေကို ဒီမှာ ကျောင်းမထားဘူး” လို့ အမည် မဖော်လိုတဲ့ စစ်ကိုင်းတိုင်းထဲက ကျေးရွာသပိတ်ဦးဆောင်သူတစ်ဦးက ပြောပြပါတယ်။ 

မြို့ပြကိုပို့ရာမှာ ကိုယ်ပိုင်ကျောင်းတွေမှာ အပ်သူတွေ ရှိသလို အများစုက စစ်ကောင်စီ ချုပ်ကိုင်ထားတဲ့ အခြေခံပညာကျောင်းနဲ့ တက္ကသိုလ်တွေကို ရွေးကြတာပါ။

၂၀၂၂ နှစ်ကုန်ပိုင်းက စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် တွေ့ရသော ကလေးငယ်များ။ (ဓာတ်ပုံ -မိုးဦး / Myanmar Now)

လေတပ်ဗုံးကြဲမှုနဲ့ မြေပြင်စစ်ကြောင်းထိုးမှု အန္တရာယ်ကြောင့် မကြာခဏကျောင်းပိတ်ရသလို  စာသင်ချိန် အပြည့်အဝ မရရှိတာကြောင့် ကျောင်းသားတွေ  အာရုံစူးစိုက်နိုင်မှု အားနည်းနိုင်တယ်လို့ ယင်းမာပင်မြို့နယ်က အထက်တန်းကျောင်းအုပ်ဆရာကြီးတစ်ဦးက ရှင်းပြပါတယ်။ 

အလယ်တန်းအဆင့်မှာတင် ကျောင်းနှုတ်တာ၊ အထက်တန်းပညာရေးမှာ ပြည်တွင်း အလုပ်ခွင်ရောက် သွားတာ၊  နိုင်ငံခြားထွက်ဖို့ ပြင်ဆင်တာတွေကလည်း ကနီ၊ ယင်းမာပင် နဲ့ ပုလဲမြို့နယ်ဘက်မှာ သိသိသာသာ မြင်တွေ့နေရပြန်ပါတယ်။ 

သုံးနှစ်ကျော်ကာလရောက်လာပြီဖြစ်တဲ့ ကြားကာလပညာရေး အစီအစဉ်ကို  အားမရဘူးလို့ ကျောင်းသား မိဘတချို့က ပြောပေမဲ့ သူတို့က  စစ်ကောင်စီပညာရေးကို အလိုမရှိဘူး၊ တော်လှန်ရေးကို ယုံကြည်သလို ကိုယ့်အစိုးရ (NUG) ကိုသာ အားပေးထောက်ခံတာကြောင့် ကြားကာလပညာရေးကို ဆက်ပြီး ကူညီဝိုင်းဝန်းသွားမယ်လို့ ဆိုပါတယ်။

လူမှုပတ်ဝန်းကျင်ပုံစံသစ်က ကျောင်းသားတွေကို ဘယ်လို ရိုက်ခတ်လဲ

တိုက်ပွဲ၊ စစ်ကြောင်းထိုးရမ်းကားမှုတွေ များတဲ့ ဒေသမှာ လူထုရဲ့ နေ့စဥ်နေထိုင်မှုပုံစံကလည်း ပုံစံသစ်နဲ့ အသားကျနေပါတယ်။ လူတိုင်းဟာ ပြေးဖို့လွှားဖို့ တစ်နိုင်တပိုင် အိတ်ပိုးလေးတွေ အဆင်သင့် ပြင်ထားရတာ၊ နွားလှည်တွေပေါ် အိပ်ယာလိပ် နဲ့ အိုးခွက်ပန်းကန်တွေ အမြဲတင်ထားရတာမျိုးတွေကို အညာက ကျေးရွာ တော်တော်များများမှာ တွေ့နေရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် သုံးနှစ်နီးပါးကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ကလေး ၄၉၁ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၃ အောက်တိုဘာ ၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ  ပြောထားပါတယ်။ 

ကလေးတွေသေဆုံးရမှုမှာ ကျေးရွာတွင်းစီးနင်းမှု၊ တိုက်ပွဲကျန် လက်နက်များပေါက်ကွဲမှုတို့ကြောင့် ဖြစ်ပြီး အများဆုံးမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ 

အဲဒီလို အသက်တောင် အာမခံချက်မရှိတဲ့ အခြေအနေတွေဟာ မျှော်လင့်ချက်မဲ့သလို ခံစားလာရတဲ့အခါ အသက်မသေ ပြီးရောဆိုတဲ့ အတွေးနဲ့ သားသမီးတွေရဲ့ ပညာရေးကိုလည်း သိပ်ပြီး မစဥ်းစားချင်လောက် အောင် ဖြစ်နေကြတာမျိုးလည်း ရှိတယ်လို့ စစ်ကိုင်းဖိုရမ်ရဲ့ ပြောရေးဆိုခွင့်တစ်ဦးဖြစ်သလို၊ အညာဒေသ က သပိတ်ခေါင်းဆောင်သူတစ်ဦးဖြစ်တဲ့ ကိုလွမ်းသူက သုံးသပ်ပြပါတယ်။

“ကိုဗစ်တုန်းက ရေပန်းစားတဲ့ New Normal လိုမျိုးပေ့ါဗျာ။ အညာသားတွေလည်း စစ်ကောင်စီကို ခုခံရင်း ဒုက္ခသုက္ခတွေကြားမှာ ပုံစံသစ်နဲ့  New Normal ဖြစ်သွားပြီ” လို့ သူက ဆက်ပြောပါတယ်။

 စစ်ရှောင်စခန်း၌ စာသင်နေသော မတ္တရာဒေသခံ ကလေးငယ်များကို  ၂၀၂၄ ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

တော်လှန်ရေးအားကောင်းတဲ့ ဒေသဆိုပေမယ့် မူးယစ်ဆေး နဲ့ အလောင်းအစားဝိုင်းတွေကလည်း အပြည့် အဝ မထိန်းချုပ်နိုင်ပါဘူး။ လွယ်လွယ်ကူကူရတဲ့ အရက်၊ ဘီယာနဲ့ ဆေးခြောက်တွေဟာ ကျောင်းသား အရွယ် လူငယ်တွေကြားထိ စိမ့်ဝင်ပျံ့နှံ့ကြောင်းလည်း အညာဒေသတိုက်ပွဲတွေမှာ ထဲထဲဝင်ဝင် ဝင်ရောက် တိုက်ခိုက်နေတဲ့ PDF ရဲဘော်တစ်ဦးက ပြောပါတယ်။ 

ကလေးတွေ ကျောင်းနေအရွယ်မှာ ကျောင်းမတက်ဘဲ၊ အပြင်မှာ ရှိနေမယ်ဆိုရင် ပိုပြီး ပျက်စီးမှာစိုးတဲ့ အတွက် ကျောင်းထားကြတာတွေလည်း ရှိတဲ့အကြောင်း  ယင်းမာပင်မြို့နယ် အနောက်ခြမ်းမှာရှိတဲ့ အလယ်တန်းပြဆရာမ တစ်ဦးက ရှင်းပြပါတယ်။ 

ဒါ့ကြောင့်လည်း ကျောင်းသား နဲ့ ဆရာကြား ပဋိပက္ခတွေလည်း ပုံမှန် နိုင်ငံရေးအခြေအနေတုန်းကထက် များတယ်လို့ သူကဆိုပါတယ်။ 

“စာသင်ချိန်မမှန်တာ၊ ကျောင်းစည်းကမ်းကို အပြည့်အဝ မသုံးနိုင်တာက ကျောင်းသားတွေကို စည်းကမ်း ပြည့်ဝအောင် မကိုင်တွယ်နိုင်ဘူး” လို့  အဲဒီဆရာမက မှတ်ချက်ပေးပါတယ်။

အရွယ်ရောက်လာတဲ့ ကျောင်းသားတွေဟာ စာသင်ခန်းအပြင်ဘက်နေရတဲ့အချိန် ပိုများလာတဲ့အတွက် ရပ်ရွာထဲက မသင့်တော်တဲ့ ဓလေ့စရိုက်တွေ လွယ်လွယ်ကူကူ ကူးစက်လာတာလို့လည်း ဆရာမက  ဆိုပါတယ်။ 

 ကျောင်းထွက်ပြီး အလုပ်ခွင်ထဲ ရောက်သွားသူ၊ အကြောင်းပြချက် မရှိ ကျောင်းထွက်သွားသူတွေ ရှိသလို အထက်တန်းကျောင်း မပြီးခင်မှာဘဲ အိမ်ထောင်ကျသွားတဲ့ ကျောင်းသားကျောင်းသူတွေလည်း  များလာပါတယ်။

ယင်းမာပင်ခရိုင်အတွင်း  ကျောင်းသား၊ ကျောင်းသူတွေထဲက သမီးရည်းစားသုံးတွဲ အိမ်ထောင်ပြုသွားကြတာ ကြုံလိုက်ရချိန်မှာတော့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားမိဘတွေ စိုးရိမ်သောကပွားစရာ အသစ်တစ်ခုတိုးလာပြန်ပါတယ်။

တာဝန်ခံကျောင်းအုပ်ကြီးကတော့ အခုလိုအဖြစ်မျိုး ကြုံရတာဟာ သူ့တစ်ကျောင်းတည်းတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

ကျောင်းကော်မတီအပါအဝင် မိဘဆရာ တွေ့ဆုံပြီး ဆွေးနွေးတိုင်ပင် အဖြေရှာကြကြောင်းလည်း အဲဒီကျောင်းအုပ်ဆရာကြီးက ရှင်းပြပါတယ်။ 

အဲဒီ အစည်းအဝေးနဲ့ ပတ်သက်လို့ ရရှိတဲ့ အဖြေက “ဘယ်လိုလဲ” မေးကြည့်ရမှာတော့ ကျောင်းအုပ် ဆရာကြီးက “မလွယ်ပါဘူးဗျာ” ဆိုပြီး ခေါင်းကိုသာ တွင်တွင်ခါပြပါတယ်။

Show More

Related Articles

Back to top button