ပညာရေး

ကြားကာလပညာရေးအစီအမံ ဖော်ဆောင်ရန် NUG စီစဉ်

စစ်အုပ်ချုပ်ရေးလက်အောက်တွင် ပညာမသင်လိုသူများအတွက် ကြားကာလပညာရေးအစီအမံတစ်ခုကို ဖော်ဆောင်နေပြီး မကြာမီ အများပြည်သူထံ ထုတ်ပြန်ကြေညာမည်ဟု ၂၀၂၀ရွေးကောက်ပွဲရလဒ်အရ ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ ပညာရေးဒုတိယဝန်ကြီး ဂျာထွယ်ပန်က Myanmar Now ကို ပြောသည်။

အခြေခံ၊ အဆင့်မြင့်နှင့် ပညာရပ်ဆိုင်ရာ တက္ကသိုလ်တက်နေသူများ အားလုံးသင်ယူနိုင်ရန် NUG ပညာရေးဝန်ကြီးဌာနက စီစဉ်နေခြင်းဖြစ်ပြီး နည်းပညာအသုံးပြုခြင်း၊ သင်ကြားရေးနှင့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူ မိဘများကိုယ်တိုင် သားသမီးများကို ပြန်လည်သင်ကြားခြင်း (Home schooling) စသဖြင့် နည်းလမ်းမျိုးစုံကို အသုံးပြုရန် စဉ်းစားဆောင်ရွက်နေသည်ဟု ၎င်းကဆိုသည်။

“ပုံမှန်မဟုတ်တဲ့ အခြေအနေမှာ ပေးရတဲ့ ပညာရေးဝန်ဆောင်မှုဖြစ်တဲ့အတွက် နည်းလမ်းသစ်အမျိုးမျိုးကို စဉ်းစားရတယ်။ ပညာရေးကို လူထုဆီရောက်နိုင်အောင် ဘယ်လိုပေးရမလဲ၊ အကောင်းဆုံးနည်းလမ်းဘယ်လိုရှိလဲဆိုတာ ကျွန်မတို့ စဉ်းစား‌ဖော်ထုတ်နေပါတယ်” ဟု ဂျာထွယ်ပန်က ပြောသည်။

ကြားဖြတ်ပညာရေးအစီအမံအတွင်း ဦးဆုံးဖော်ဆောင်မည့် အစီအစဉ်မှာ တက္ကသိုလ်အသီးသီး၌ သက်ဆိုင်ရာဘာသာရပ်များတွင် နောက်ဆုံးနှစ်တက်ရောက်နေသူများ၊ မဟာဘွဲ့ယူရန် မဟာကျမ်းပြုစုကာ တင်ရမည့် ကျောင်းသူ၊ ကျောင်းသားများအတွက်ဖြစ်သည်ဟု ၎င်းကဆိုသည်။

 အခြေခံပညာအတွက် သင်ကြားရေးဆိုင်ရာလမ်းညွှန်ချက်များကိုလည်း မကြာမီ ထုတ်ပေးမည်ဟု ဂျာထွယ်ပန်က ဆိုသည်။

“Home schooling လုပ်ပေးနိုင်တဲ့ မိဘတွေက အကောင်းဆုံးပေါ့။ အသိအမှတ်ပြုဖို့လည်း ရှိပါတယ်။ Guide Line တွေ ထုတ်သွားပေးမယ်” ဟု အခြေခံပညာရေးအစီအစဉ်နှင့် ပတ်သက်၍ ၎င်းက ပြောသည်။

ထို့အပြင် ကြားကာလပညာရေးအစီအမံအတွက် သင်ကြားရေးကျွမ်းကျင်သည့် ဆရာ၊ ဆရာမများကိုလည်း လိုအပ်လာမည်ဖြစ်ပြီး အသေးစိတ်ကို မကြာမီထုတ်ပြန်ကြေညာရန် NUG ပညာရေးဝန်ကြီးဌာနက မျှော်မှန်းထားသည်။

တော်လှန်ရေးအောင်မြင်ပြီးသည့်အခါ အနာဂတ်တွင် ဖက်ဒရယ်ပညာရေးဖြင့် သင်ကြားရန် ဦးတည်ဆောင်ရွက်သွားမည်ဟုလည်း NUG ပညာရေးဝန်ကြီးက ကတိပြုသည်။

“ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့အတိုင်း၊ ပညာရေးစနစ်ကလည်း အဲဒီပုံစံ ဖြစ်လာဖို့အတွက် မျှော်လင့်နေပါတယ်။ ဖက်ဒရယ်ပညာရေးအနှစ်သာရတွေ ခံစားရမှာပါ။ အားလုံးကို လွှမ်းခြုံနိုင်တဲ့ ပညာရေးဖြစ်ဖို့ရယ်၊ သာတူညီမျှ ခံစားနိုင်ခွင့်ရှိတဲ့ ပညာရေးဖြစ်ဖို့ရယ် အဲဒါတွေ ပါပါတယ်” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက တက္ကသိုလ်များကို မေ ၅ တွင် ပြန်လည်ဖွင့်လှစ်နေသော်လည်း တက်ရောက်သူအနည်းငယ်သာရှိသည်။ ထို့အတူ အခြေခံပညာကျောင်းများကို ဇွန် ၁ တွင် ဖွင့်လှစ်ရန် စစ်ကောင်စီက ကြေညာထားချိန်တွင် နိုင်ငံ့အနှံ့အပြား၌ “စစ်ကျွန်ပညာရေး မလိုမရှိ” ဟူသော လှုပ်ရှားမှုများပြုလုပ်၍ ပြည်သူတို့က ဆန့်ကျင်နေကြသည်။

NUG ပညာရေးဝန်ကြီးဌာန၊ ဒုဝန်ကြီးကလည်း CDM အဓိပ္ပာယ်မှာ လုံးဝအုပ်ချုပ်ခွင့် မရရှိရေး၊ စစ်အုပ်ချုပ်ရေးယန္တရားမလည်ပတ်စေရေး ဖြစ်သည့်အတွက် ပုဂ္ဂလိကကျောင်းများလည်း ပါဝင်ကြောင်း ပြောသည်။ 

အထူးသဖြင့် စစ်တပ်နှင့် ဆက်နွှယ်သည့် ပုဂ္ဂလိကကျောင်းများ၊ စစ်ကောင်စီယန္တရားလည်ပတ်မှုတွင် ပါဝင်သည့် ပုဂ္ဂလိကကျောင်းများတွင် တက်ရောက်ခြင်းကို အားမပေးကြောင်း ၎င်းက ဆက်လက်ပြောသည်။ 

“မတက်နဲ့လို့ သွားပြောလို့ မရဘူး။ သူတို့ရဲ့ရွေးချယ်မှုအရ သွားတက်လို့ ရတယ်။ ဒါပေမဲ့ ကျွန်မတို့ဘက်ကတော့ Total CDM လုပ်နေတဲ့အတွက်ကြောင့်မို့ စစ်ကောင်စီကို အားပေးတဲ့ ပုံစံရှိတဲ့ တစ်နည်းနည်းနဲ့ ဆက်စပ်ဆက်သွယ်နေတဲ့ ပုဂ္ဂလိကကျောင်းပုံစံတွေကိုကျ အားမ‌ပေးပါဘူး” ဟု ဒုဝန်ကြီး ဂျာထွယ်ပန်က ပြောသည်။

အသက် လေးနှစ်အရွယ် ကလေး၏ ဖခင်တစ်ဦးက ၎င်းကိုယ်တိုင်မှာ အာဏာရှင်လက်အောက်တွင် ပညာသင်ကြားခဲ့သူဖြစ်၍ အမှန်တကယ် စာမတတ်မြောက်ခဲ့သဖြင့် ၎င်း၏ ကလေးကိုလည်း စစ်ကျွန်ပညာရေးစနစ်အတွင်း ကျောင်းမထားနိုင်ဟု Myanmar Now ကို ပြောသည်။

အကယ်၍ ကျောင်းထားရမည့် အခြေအနေရောက်လာလျှင် ပုဂ္ဂလိကကျောင်းများတွင်သာ ရွေးချယ်တက်ရောက်စေမည်ဟု ၎င်းက ဆက်လက်ပြောသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင်  အ.ထ.က (၆) ဗိုလ်တထောင်မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူ အမည်မဖော်လိုသည့် ယောက်ျားလေးတစ်ဦးက ပြည်သူ့အစိုးရလက်အောက်တွင်သာ ကျောင်းတက်မည်ဖြစ်ပြီး လက်ရှိကာလတွင် အတန်းပညာ မရရှိသေးသော်လည်း ပြင်ပဗဟုသုတ ရရှိမည့် သင်တန်းများ တက်ရောက်ထားမည်ဟု ပြောသည်။

“ပညာဆိုတာ ကျောင်းစာသင်ခန်းထဲမှာသင်ကြားမှ တတ်မြောက်ရမယ်လို့ မထုတ်ပြန်ထားပါဘူးဗျ။ အဲ့ဒီအတွက် ပညာကို ရသလို ရတဲ့နေရာကနေ ရှာဖွေနေပါတယ်ဗျ” ဟု ၎င်းက ပြောသည်။

၎င်းက ဆရာ၊ ဆရာမများ၏ လုံခြုံရေးနှင့် စားဝတ်နေရေးအတွက် NUG အစိုးရက ကူညီထောက်ပံ့ပေးရန်နှင့် NUG လက်အောက်တွင် ပညာသင်ကြားလိုသူများအတွက် လက်တွေ့ကျသော အစီအမံများကို ဆောင်ရွက်ပေးရန် အကြံပြုသည်။ 

ရန်ကုန်တွင် နေထိုင်ပြီး ဒုတိယတန်းတက်ရောက်ရမည့် သားတစ်ဦး၏ ဖခင်က လက်ရှိတွင် သားဖြစ်သူကို ကိုယ်တိုင် စာသင်ကြားပေးလျက်ရှိပြီး နောင်တွင် ဆရာမခေါ်၍ သင်ကြားမည်ဟု ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက်တွင် ကျောင်းထားမည်မဟုတ်သလို ကလေး၏ လုံခြုံရေးအတွက် ပုဂ္ဂလိကကျောင်းများတွင်လည်း ထားရန်လည်း မစဉ်းစားကြောင်း ၎င်းက ပြောသည်။

“ကိုယ်ပိုင်​ကျောင်း​တွေဟာ နယ်​တွေမှာ မရှိတဲ့အတွက်၊ ဖွင့်ပြီဆိုရင် က​လေး​တွေအားလုံးရဲ့ ပညာ​​ရေး က​မောက်ကမဖြစ်နိုင်ပါတယ်။ ပြည်သူအချင်းချင်း ​သွေးကွဲ​စေနိုင်ပါတယ်။ CDM ဆိုရင် အားလုံး CDM လုပ်ကြမှ ​အောင်မြင်မှာပါ” ဟု ဒုတိယတန်းအရွယ် သားတစ်ဦး၏ ဖခင်က ပြောသည်။

NUG အစိုးရအနေဖြင့် ဖက်ဒရယ်ပညာရေးဝက်ဆိုက်ထူထောင်၍ နေ့စဉ်သင်ခန်းစာများကို ရုပ်သံဖိုင်များဖြင့် ပို့ချပေးစေလိုကြောင်း ၎င်းက အကြံပြုသည်။

“Zoom က မီးခဏခဏ ပျက်တတ်​တော့ အဆင်မ​ပြေပါ။ website မှာ video built in ပုံစံနဲ့ တင်​ပေးတာမျိုး အဆင်​ပြေမှာပါ” ဟု ၎င်းက ပြောသည်။

ပညာရေးဝန်ကြီးဌာန၏ ၂၀၁၉/၂၀ ခုနှစ် ပညာသင်နှစ်စာရင်းအရ မြန်မာနိုင်ငံတွင် အခြေခံပညာ ကျောင်းသား/သူ ဦးရေမှာ ကိုးသန်းကျော်ရှိပြီး ဆရာ၊ ဆရာမ ဦးရေမှာ လေးသိန်းကျော်ရှိသည်။ 

တက္ကသိုလ်ကျောင်းသားဦးရေမှာမူ ၂၀၂၁ တွင် ၃ သန်းခွဲကျော်ရှိပြီး ဆရာ၊ဆရာမ ဦးရေ ၂ သောင်းကျော်ရှိသည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာန၏ စာရင်းများက ဆိုသည်။ 

Show More

Related Articles

Back to top button