ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်တွင် ကျေးရွာ နှစ်ရွာမှစာသင်ကျောင်းများကို ယမန်နေ့ (အောက်တိုဘာလ ၈ ရက်နေ့) ညက လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကျောင်းသား သုံး ဦးနှင့် မသန်စွမ်းအမျိုးသမီး တစ်ဦးသေဆုံးပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
မင်းတပ်မြို့နယ် ထင်ချောင်းနှင့် ဝမ္မသူးကျေးရွာ စာသင်ကျောင်းတို့ကို ယမန်နေ့ ည ၇ နာရီဝန်းကျင်တွင် တိုက်ခိုက်ရေးလေယာဉ်က ဗုံးကြဲခြင်းဖြစ်သည်။
ယခင်က စစ်ဘေးရှောင်စခန်းဖြစ်ခဲ့သော ထင်ချောင်းရွာစာသင်ကျောင်းသည် လက်ရှိတွင် ကျောင်းဖွင့်လှစ်ထားပြီး ကျောင်းအနီးအနားတွင် စစ်ရှောင် ကျောင်းသား၊ ကျောင်းသူအများစု နေထိုင်ကြကာ မင်းတပ်မြို့ မှ ရှစ် မိုင်ခန့်အကွာ ချင်းပြည်နယ်နှင့် မကွေးနယ်စပ်တွင် တည်ရှိသည်။
ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် Grade 9 ၊ Grade 10 တက်ရောက်နေသည့် ကျောင်းသား သုံးဦး၊ ထိုနေရာ အနီးရှိနေသော မသန်စွမ်းအမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့သည်။
“အရင်တုန်းကလူတွေပြေးကြလွှားကြနဲ့ စစ်ဘေးရှောင်စခန်း ကမ့်ဖြစ်နေတာပါ။ စစ်ဘေးရှောင်ကမ့်ကိုပဲ လူတွေများလာလို့ ကလေးတွေများလာတော့ ကျောင်းအဖြစ်ဖွင့်လှစ်တာပါ။ ကျောင်းအဖြစ်ဖွင့်တော့ ကမ့် (Camp)က အခုကျတော့ ဘော်ဒါလိုမျိုး ကလေးတွေနေကြတယ်။ အဲ့ဒီမှာပဲ စာသင်ကြတယ်၊ အဲ့ဒီနားမှာပဲ နေကြတဲ့ပုံစံဖြစ်တော့ ဗုံးကြဲတဲ့အချိန်မှာ ကျောင်းသား သုံး ဦးနဲ့ မသန်စွမ်း အမျိုးသမီး တစ် ဦး သေဆုံးတာ ပေါ့”ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ပြောသည်။
ထိခိုက်ဒဏ်ရာရသူ ၂၂ ဦးတွင် ကျောင်းသူ၊ ကျောင်းသားအများစုပါဝင်ပြီး ဒဏ်ရာပြင်းထန်သူများ ရှိသည်ဟု ၎င်းကဆက်ပြောသည်။
မူလတန်းမှသည် အထက်တန်းအထိသင်ကြားပေးနေသည့် အဆိုပါစာသင်ကျောင်းတွင် ကျောင်းသား ကျောင်းသူဦးရေ ၂၀၀ နီးပါး တက်ရောက်နေကြောင်း သိရသည်။
မြို့မြောက်ဘက် မိုင်၂၀ ခန့်အကွာ ဝမ္မသူးရွာ စာသင်ကျောင်းကို ယမန်နေ့ညက လေကြောင်း တိုက်ခိုက်ခဲ့သော်လည်း ကျောင်းဆင်းချိန်ဖြစ်သည့်အတွက် ထိခိုက်ဒဏ်ရာရရှိသူမရှိဘဲ ကျောင်းဆောင် ပျက်စီးမှုသာရှိကြောင်း ကိုယောမန်က ပြောသည်။

မင်းတပ်မြို့အခြေစိုက် အမှတ် (၂၇၄) ခြေလျင်တပ်ရင်းအပါအဝင် စစ်တပ် တပ်စွဲထားသည့် နေရာများကို ချင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်သည်။ ယမန်နှစ် ဒီဇင်ဘာလကုန်ခန့်တွင် မင်းတပ်မြို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားပြီး ရဲဌာန၊ တရားရေးအပါအဝင် အုပ်ချုပ်ရေးယန္တရားများ လည်ပတ်လျှက်ရှိသည်။
မင်းတပ်မြို့အပါအဝင် ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ၊ ကျင်ဒွေး စသည့် ချင်းတောင်ပိုင်းဒေသကို လက်လွှတ်ခဲ့ရသော စစ်တပ်သည် မြေပြင်မှထိုးစစ်ဆင်လာနိုင်ခြင်း မရှိသေးသော်လည်း လေကြောင်း တိုက်ခိုက်မှုများကို မကြာခဏပြုလုပ်နေသည်။
စက်တင်ဘာလကုန်ပိုင်းကစ၍ ပြီးခဲ့သည့် ၁၀ ရက်အတွင်း စစ်တပ်က မင်းတပ်မြို့ပေါ် စည်ပင်ဧရိယာ နှင့် မြို့အနီးဝန်းကျင်ရှိနေရာများ၊ အဆောက်အအုံများကို ခုနစ် ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်မှု များ ပြုလုပ်ခဲ့သည်။
မင်းတပ်မြို့ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသော်လည်း စစ်တပ်၏ လေကြောင်းရန်ကြောင့် မြို့ခံအများစုသည် နေရပ်မပြန်ရဲကြသေးပေ။
ယခုနှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲလုပ်ရန် စိုင်းပြင်းနေသည့် စစ်တပ်သည် နိုင်ငံအနှံ့စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်နေသလို လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက်လုပ်နေသည်။
ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံများကို လေကြောင်းပစ်မှတ်ထားတိုက်ခိုက်ရုံ သာမက သီတင်းကျွတ်လပြည့်ညက စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာတွင် ဆီမီးပူဇော်ပွဲ ကျင်းပနေသည့် လူအုပ်အတွင်း အင်ဂျင်တပ် လေထီးဖြင့် ဗုံးကြဲခဲ့ရာ ကလေးများအပါအဝင် လူ နှစ်ဒါဇင်နီးပါးသေဆုံးပြီး ဆယ်နှင့်ချီ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည့်အချက်အလက်အရ ယခုနှစ်ဆန်းပိုင်းမှစပြီး ဩဂုတ်လ အထိ ရှစ်လတာကာလအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၃၀၀၀ ကျော် ပြုလုပ်ခဲ့ပြီး ပြည်သူ ၁၄၈၇ ဦး သေဆုံးခဲ့သည်။




