ရွေးကောက်ပွဲလုပ်မည်ဟု ကြေညာထားသည့် ချင်းပြည်နယ်၊ မြို့တော် ဟားခါးအနီးရှိ စာသင်ကျောင်း ယနေ့ နံနက်ပိုင်းက လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီး ကျောင်းသားလေး နှစ် ဦး သေဆုံးခဲ့ကြောင်း ချင်းတော်လှန်ရေး အင်အားစုများထံက သိရသည်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နှင့် ဟားခါးမြို့အကြား ဗန်ဟားရွာစာသင်ကျောင်းကို အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်၌ ကျောင်းဝင်းအတွင်း ကလေးများသန့်ရှင်းရေး လုပ်အားပေးနေချိန်တွင် လေကြောင်းမှ ဗုံးကြဲခံရခြင်းဖြစ်သည်။
“ကလေးတွေ ဒီမနက် ၁၀ နာရီခွဲ ကျောင်းသန့်ရှင်းရေး လုပ်အားပေးနေတဲ့အချိန်မှာ ဗုံး လာကြဲတယ်။ ကလေးငယ် နှစ် ဦးကျတယ်။ ဆရာမ တစ်ဦးအပါအဝင် ကလေးငယ် တစ် ဦးဒဏ်ရာရ တယ်” ဟု ချင်းအမျိုးသားတပ်မတော် (CAN / CNF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Myanmar Now ကို ပြောသည်။
အသက် ငါး နှစ်မှ ခုနစ် နှစ်အရွယ် ကျောင်းသား နှစ်ဦးသေဆုံးပြီး ဆရာမ တစ် ဦးနှင့် ကျောင်းသား တစ် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“ ရွာကလေးဆိုတော့ ကျောင်းဖွင့်ထားတာရှိတယ်။ ဒီနေ့တော့ စာမသင်ဘဲနဲ့ အပြင်မှာသန့်ရှင်းရေးလုပ်တဲ့အချိန် ဗုံးကြဲတာ။ ထိခိုက်ဒဏ်ရာရတာက နှစ် ယောက်တော့သိတယ်။ ကာကွယ်ရေးအဖွဲ့တွေ အခြေချတဲ့ နေရာလည်း မဟုတ်ဘူး။ ဟားခါးကလည်း တော်တော်လေးဝေးတဲ့နေရာ” ဟု ချင်းဒေသ ကာကွယ်ရေးအဖွဲ့ (CDF) ဟားခါး မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ပင်မနှစ်ထပ်အဆောက်အအုံနှင့် ဝန်းကျင်ရှိစာသင်ဆောင်များ ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်းသိရသည်။
အိမ်ခြေ ၇၀ ခန့်ရှိသည့် ဗန်ဟားရွာမှာ ဟားခါးမြို့အရှေ့ဘက် မိုင် ၃၀ ခန့်ကွာဝေးပြီး တိုက်ပွဲမရှိသလို ချင်းတော်လှန်ရေးတပ်များ အခြေချတပ်စွဲထားသည့် ရွာမဟုတ်ကြောင်း ဒေသခံများက ဆိုသည်။

မြို့နယ် ကိုး ခုအနက် ခြောက် ခုကို စစ်တပ်က လက်လွှတ်ဆုံးရှုံးထားရသည့် ချင်းပြည်နယ်တွင် စာသင် ကျောင်းကို ဦးတည်သည့် ဒုတိယမြောက်လေကြောင်းတိုက်ခိုက်မှုဖြစ်သည်။
အောက်တိုဘာလ ၈ ရက်နေ့က မင်းတပ်မြို့နယ်တွင် စာသင်ကျောင်း တစ်ခုကို လေကြောင်းမှ ဗုံးကြဲခဲ့ရာ ကျောင်းသား သုံး ဦးနှင့် ဒေသခံ မသန်စွမ်းအမျိုးသမီး တစ် ဦးသေဆုံးခဲ့သည်။
နိုင်ငံအနောက်မြောက်ပိုင်း အိန္ဒိယနှင့် ထိစပ်နေသည့် ချင်းပြည်နယ်တွင် ပြည်နယ်မြို့တော် ဟားခါး၊ ထန်တလန်နှင့် တီးတိန်မှအပ ကျန်မြို့နယ်များကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားသည်။
မြို့လုံးကျွတ်နီးပါး နှစ်နှင့်ချီ စစ်ဘေးရှောင်နေရသည့် ထန်တလန်မှအပ စစ်တပ်ထိန်းချုပ်ရာ လက်ကျန် မြို့နယ်များဖြစ်သော ဟားခါးနှင့် တီးတိန်မြို့နယ်တို့တွင် ရွေးကောက်ပွဲ အပိုင်း(၁) ကို ပြုလုပ်ရန် စစ်တပ်က စီစဉ်နေပြီး ချင်းတော်လှန်ရေးအင်အားစုများက ဆန့်ကျင်ကန့်ကွက်ထားသည်။
ရွေးကောက်ပွဲပြုလုပ်မည့် ဟားခါးနှင့် တီးတိန်မြို့နယ်တို့တွင်လည်း မြို့ပေါ်မှအပ ကျေးလက်ဒေသကို ချင်းတပ်များက နယ်မြေစိုးမိုးထားပြီး စစ်တပ်ကလည်း ၎င်းတို့ထိန်းချုပ်ထားသည့် မြို့ပေါ်ရပ်ကွက်များတွင် လုံခြုံရေးတင်းကျပ်ထားသည်။
နယ်မြေအများစု လက်လွှတ်ထားရသည့် ချင်းတောင်တွင် မြေပြင်စစ်ကြောင်းထိုးနိုင်ခြင်းမရှိသေးသည့် စစ်တပ်က ယခုလဆန်းကစပြီး မင်းတပ်၊ မတူပီနှင့်ဟားခါးတို့ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်လာခြင်းဖြစ်သည်။
ချင်းဒေသတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် စာသင်ကျောင်းများ ယာယီပိတ်ထားရမည့် အခြေအနေရှိကြောင်း ဆလိုင်းထက်နီက ဆိုသည်။
“ ရန်သူ ဦးတည်ရာက ပြည်သူတွေဖြစ်တဲ့အတွက် ကျောင်းတွေ စိတ်ချလက်ချနဲ့ ဖွင့်ဖို့ဆိုတဲ့ အခက်အခဲတွေက တော့ ရှိမှာပေါ့။ ကျောင်းတွေလည်း လောလောဆယ်တော့ ယာယီပိတ်မှရမယ်”ဟု ၎င်းက ပြောသည်။
မင်းတပ်မြို့နယ်တွင် အောက်တိုဘာလ ၁၀ ရက်နေ့ကစပြီး မြို့နယ်အတွင်းရှိ စာသင်ကျောင်းများအား ယာယီ ပိတ်ထားရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားထားသည်။
လာမည့် ဒီဇင်ဘာလကုန်တွင် ရွေးကောက်ပွဲစတင်ကျင်းပမည့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာနိုင်သည့်အတွက် လေကြောင်းအန္တရာယ် ပိုမိုသတိပြုကြရန် ဆလိုင်းထက်နီက တိုက်တွန်းသည်။




