အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လှိုင်သာယာ ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ 

ရန်ကုန်၊ လှိုင်သာယာမြို့နယ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှဦးမှာ ယနေ့ (ဇွန် ၁၆) နံနက် ၉ နာရီခွဲက သေနတ်ဖြင့် အနီးကပ်လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။ 

ရပ်ကွက်အုပ်ချုပ်ရေးမှူး အသက် ၅၀ ခန့်အရွယ် ဦးလှဦးမှာ လှိုင်သာယာမြို့နယ် ဗိုလ်အောင်ကျော်လမ်းမကြီး ပင်လုံစျေးအနီး ယုဝတီပရိဘောဂဆိုင်ရှေ့တွင် လုပ်ကြံခံရခြင်းဖြစ်ကာ ဆိုင်ကယ်ဖြင့် လာသူနှစ်ဦးက ဦးခေါင်းကို သေနတ်ဖြင့်တေ့ပစ်ခဲ့သည်ဟု အဆိုပါမျက်မြင်သက်သေက ဆိုသည်။

“သေနတ်နဲ့တော့ တေ့ပစ်သွားတယ်ခင်ဗျ ခေါင်းကို။ ဆိုင်ကယ်နဲ့ လာပစ်သွားတာပေါ့။ နှစ်ယောက် လာပစ်သွားတာပေါ့။ သူစျေးထွက်ဝယ်နေတုန်းပစ်သွားတာပေါ့” ဟု ၎င်းက ပြောသည်။

လွန်ခဲ့သည့် တစ်လခန့်ကလည်း လှိုင်သာယာမြို့နယ် ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှဦး၏ နေအိမ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“လွန်ခဲ့တဲ့တစ်လလောက်က သူ့အိမ်မှာ လက်လုပ်ဗုံးတစ်လုံးတော့ ပေါက်တယ်ကြားလိုက်တယ်။ အဲ့တုန်းကတော့ သူလလည်း သိပ်ပြီး ခေါင်းထဲမှာ မထည့်ထားခဲ့ဖူး။ ဒီအတိုင်း ပေါ့ပေါ့ပဲ သူနေခဲ့တယ်” ဟု လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ အထက်ပါမျက်မြင်သက်သေက ပြောသည်။ 

ဦးလှဦးသည် လှိုင်သာယာ ၁၃ ရပ်ကွက်အတွင်း နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်ကာ လှိုင်သာယာတွင် ပြုလုပ်ခဲ့သည့် လူထုဆန္ဒပြပွဲများကို ဖြိုခွင်းရာတွင် ဦးဆောင်ကူညီပေးခဲ့သူတစ်ဦးဖြစ်ပြီး စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်မှုများကို အားပေးသူတစ်ဦးဖြစ်သည်ဟုလည်း ဆိုသည်။

“ဒီအုပ်ကြီးက ရပ်ကွက်ထဲ ဘယ်လိုနာမည်တွေထွက်လဲဆိုတော့ သပိတ်စစ်ကြောင်းလုပ်ခဲ့တဲ့ ကလေးတွေရော ရပ်ကွက်ထဲမှာရော ဖမ်းတာဆီးတာ သတ်တာဖြတ်တာကအစ အားပေးလုပ်ခဲ့တယ်လို့ သိထားရတယ်။ သူက ရပ်ကွက်ထဲမှာ ရပ်ကွက်သူရပ်ကွက်သားတွေ မကြည်တဲ့ ဥက္ကဋ္ဌထဲမှာ သူပါတယ်” ဟု ၎င်းက ပြောသည်။

ဦးလှဦး လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် စစ်ကောင်စီတပ်များသည် လှိုင်သာယာ ၁၃ ရပ်ကွက်ရှိ လမ်းဆုံလမ်းခွများတွင် ပိတ်ဆို့ထားပြီး လမ်းသွားလမ်းလာများ၊ စက်ဘီး၊ ဆိုင်ကယ်နှင့် ကားများကို စစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။

လှိုင်သာယာမြို့နယ်သည် မတ်လ ၁၄ ရက်နေ့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒပြနေသည့် သပိတ်များကို စစ်ကောင်စီတပ်များမှ ရက်ရက်စက်စက်​အင်အားသုံးဖြိုခွင်းခဲ့ကာ စစ်အုပ်ချုပ်ရေးကြေညာခံခဲ့ရသည့် မြို့နယ်တစ်ခုဖြစ်သည်။

ဇွန် ၁ ရက်ကလည်း လှိုင်သာယာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းလင်းဇော် ကားပေါ်၌ပင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ ၎င်းမှာ ပြည်ခိုင်ဖြိုးပါတီဝင်ဟောင်းဖြစ်သကဲ့သို့ လက်ရှိတွင် စစ်အာဏာသိမ်းမှုကို ထောက်ခံသော PPP ပြည်သူ့ရှေ့ဆောင်ပါတီဝင်လည်းဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ဆက်တိုက်လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ရန်ကုန်တိုင်းအတွင်းရှိ အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးက ဇွန် ၁၁ ရက်တွင် တွေ့ဆုံခဲ့ပြီး အသတ်ခံရသူအုပ်ချုပ်ရေးမှူးများအတွက် ငွေကျပ်ငါးသိန်းစီ ထောက်ပံ့ပေးအပ်ခဲ့ကာ လက်ခံရရှိခဲ့သူ အုပ်ချုပ်ရေးမှူး ၇ ဦးအထိ ရှိသည်။

အဆိုပါတွေ့ဆုံပွဲအတွင်း ကိုယ့်ကိုယ်ကိုဂရုစိုက်ကြရန် စစ်ကောင်စီပြည်ထဲရေးဝန်ကြီးက အုပ်ချုပ်ရေးမှူးများကို မှာကြားခဲ့သည်ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သူ အုပ်ချုပ်ရေးမှူးတစ်ဦးက Myanmar Now ကို ပြောကြားထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button