အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

တော်လှန်ရေးနှင့် မဲပုံးကြား ဒုတိယပိုင်း ရွေးကောက်ပွဲကို လေ့လာကြည့်ခြင်း 

တိုက်ပွဲများ ဖြစ်ပွားနေချိန် ဆက်လက် ပြုလုပ်သော၊ သံသယဖြစ်ဖွယ် ကြိုတင်မဲများပြားသော ရွေးကောက်ပွဲကို တရုတ်က ထောက်ခံထားသော်လည်း နိုင်ငံအတွက် အကျိုးရှိမည်မဟုတ်ပေ။

စစ်တပ်​က စီစဉ်သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်း ရွေးကောက်ပွဲ အပိုင်း (၁) ပြီးသည်နှင့် ဤရွေးကောက်ပွဲသည် တရုတ်သမ္မတ ရှီကျင့်ဖျင့်​၏ သဘောတူညီမှုဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု   တရုတ်အစိုးရထိပ်တန်းကိုယ်စားလှယ် တိန့်ရှီးကျွင်းက  ထုတ်ပြောခဲ့သည်။ 

 မြန်မာ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ပါဟူ၍ တရုတ်က အစဉ်တစိုက် ပြောဆိုခဲ့ခြင်းမှာ   အလိမ်အညာစကားသာဖြစ်ကြောင်း ပိုမို ပေါ်လွင်လာသည်။ 

ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲပြီး ကျင်းပနေသည့် ကာလမှာပင် ပြည်သူများမှာ ဖမ်းဆီးခံရမှု၊ ဗုံးကြဲခံရမှုများနှင့် ဆက်လက် ရင်ဆိုင်နေရသည်။

ရွေးကောက်ပွဲ ပထမပိုင်းပြီး အခြေအနေ

ရွေးကောက်ပွဲ အပိုင်း (၁) တွင် တစ်နိုင်ငံလုံး အတိုင်းအတာ ဝင်ပြိုင်သော ပါတီကြီး ခြောက်ခုရှိခဲ့ပြီး ပြည်သူအများစု ထင်ထားသကဲ့သို့ စစ်တပ်နောက်ခံ ပြည်ခိုင်ဖြိုးပါတီသာ နေရာအများစု အနိုင်ရခဲ့သည်။ 

စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်များအရ ရွေးကောက်ပွဲအပိုင်း (၁) တွင် ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲကို (၁၀၂) မြို့နယ်တွင်ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီက ၉၀ နေရာ အနိုင်ရရှိခဲ့သည်။ ၎င်းတို့ထဲမှာ ကချင်ပြည်နယ် နောင်မွန်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းတစ်ဦးတည်းသာ ယှဉ်ပြိုင်ခဲ့သဖြင့်၊ ထိုမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပစရာ မလိုအပ်ခဲ့ပါ။ 

ထို့အပြင် ရွေးကောက်ပွဲ အပိုင်း (၂) ၌ ကျင်းပမည့် ၁၀၀ မြို့နယ်ထဲမှ  ၆ မြို့နယ်၊ အပိုင်း (၃) ၌ ကျင်းပမည့် ၆၃ မြို့နယ်ထဲမှ ၈ မြို့နယ်၊ စုစုပေါင်း ၁၄ မြို့နယ်တွင် ကိုယ်စားလှယ်လောင်းတစ်ဦးတည်းသာရှိသဖြင့် ရွေးကောက်ပွဲကျင်းပရန်မလိုအပ်ဘဲ ပြည်ခိုင်ဖြိုးပါတီက  ၁၃ နေရာနှင့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ က ၁ ဦး အနိုင်ရရှိကြောင်း စစ်ကော်မရှင်၏ ရွေး/ကော်က ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ကြောင့် ပြည်သူ့လွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီက စုစုပေါင်း ၁၀၃ နေရာတွင် အနိုင်ရရှိခဲ့သည်။ 

ဇန်နဝါရီလ ၉ ရက်နေ့အထိ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲရလဒ်များကို ထုတ်ပြန်ရာတွင် လွှတ်တော် နေရာ ၃၁ နေရာ ထုတ်ပြန်ထားပြီး၊ ၎င်းတို့ထဲမှ ပြည်ခိုင်ဖြိုးပါတီက ၂၁ နေရာတွင် အနိုင်ရကြောင်း ကြေညာထား သည်။ ရှမ်းပြည်နယ်ထဲမှ မဲအများဆုံးရသူအနိုင်စနစ် (FPTP) ဖြင့် ယှဉ်ပြိုင်သော တစ်နေရာသည် ပြိုင်ဖက်မရှိသဖြင့်  “ဝ” အမျိုးသားပါတီက အနိုင်ရသည် ဟု ကြေညာခဲ့သည်။ အခြားနေရာများကို ဇိုမီး၊ ရခို၊ နာဂ နှင့် မွန်တိုင်းရင်းသားပါတီများ ရရှိကြသည်။   

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင် င်ငံရေးပါတီများ အပေါ်တွင် တရားမျှတမှုရှိမည် မဟုတ်ကြောင်းကို ဒီဇင်ဘာ ၈ ရက်နေ့ Myanmar Now သတင်းဌာန​၏ ဥပဒေမဲ့အာဏာသိမ်းမှုမှသည် တရားမဝင်ရွေးကောက်ပွဲဆီသို့ ဆောင်းပါးတွင် ရွေးကောက်ပွဲမတိုင်ခင် ဖြစ်စဉ်များဖြင့် မေးခွန်းထုတ် ဆွေးနွေးတင်ပြထားခဲ့သည်။

အပိုင်း (၁) နှင့် ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဟင်္သာတမြို့နယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်သူ့ပါတီမှ ကိုယ်စားလှယ် ဦးစိန်သောင်းက  တရားမျှတမှု မရှိကြောင်း   ပြောကြားခဲ့သလို  တစ်နိုင်ငံလုံးအတိုင်းအတာဝင်ရောက်ယှင်ပြိုင်ခဲ့သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကလည်း  ကျေနပ်အားရမှု မရှိကြောင်းနှင့် တရားမျှတမှု မရှိသလို ခံစားရကြောင်း ထုတ်ဖော်ပြောကြားထားသည်။

၂၀၁၀ ရွေးကောက်ပွဲနေ့ ကြိုတင်မဲများကြောင့် ကြံခိုင်ရေးပါတီအနိုင်ရသည့် ဖြစ်စဉ်များ  ၂၀၂၅ ခုနှစ်တွင်လည်း ထပ်မံ၍ထပ်တူထပ်မျှ ဖြစ်လာခဲ့သည်။ ကြိုတင်မဲကိစ္စနှင့်ပတ်သက်၍ ဦးသိန်းစိန်အစိုးရလက်ထက် ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဌ နှင့် သာသနာရေးဝန်ကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုစစ်တပ်ကျင်းပသည့်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်သည့် ဦးဆန်းဆင့်က ရေကြည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်သည် ကြိုတင်မဲရေတွက်မှုနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှု မရှိဟု ထုတ်ဖော်ပြောကြားခဲ့သည်။ 

ဤသည်မှာ ဝန်ကြီးအဆင့်အထိ ထမ်းဆောင်ခဲ့ဖူးသော စစ်တပ်အရာရှိဟောင်း ကိုယ်တိုင် စစ်တပ်ရွေးကောက်ပွဲကို  ဝေဖန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ၂၀၂၅ ရွေးကောက်ပွဲသည် စစ်တပ်​၏ တရားမဝင်အာဏာသိမ်းမှုကို ခဝါချမည့် တရားမဝင်ရွေးကောက်ပွဲဖြစ်သည့်အတွက်   နိုင်ငံရေးပါတီများ​က ရွေးကောက်ပွဲမသမာမှုနှင့် ပတ်သက်ပြီး တိုင်ကြားလျှင်လည်း   ပလိုင်းပေါက်နှင့်ဖားကောက်နေသကဲ့ပို့ပင် ဖြစ်နေပေမည်။

ထိုအပြင် မင်းအောင်လှိုင်ခန့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသန်းစိုးက ပါတီများ​၏ တိုင်ကြားမှုဖြစ်စဉ်များကို ဖြေရှင်းပေးရမည့်အစား ပြိုင်ဖက်ပါတီကို ပုတ်ခတ်မဲဆွယ်ပါက ပြစ်မှုမြောက်သည်ဟူ၍ဇန်နဝါရီလ ၅ ရက်နေ့က ပါတီ ၄၇ ပါတီနှင့်ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ခြိမ်းခြောက်ပြောဆိုခဲ့သည်။  

ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပသည့် ဒီဇင်ဘာလ ၂၈ ရက်နေ့က ရန်ကုန်မြို့လယ် မဲရုံများအနီး တွေ့ရသော ရဲတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- AFP)

ခြိမ်းခြောက်မှု၊ အမတ်လောင်းကို ထောင်ဒဏ်ချမှတ်မှုတို့မှာ ဆက်တိုက် ပေါ်ပေါက်လာသည်။

 မဲဆွယ်စည်းရုံးရာတွင် တော်လှန်ရေးဆိုသည့် စကားလုံး အသုံးပြုမှုစွဲချက်ဖြင့် တရားစွဲဆိုခံထားရသော ပြည်သူ့ပါတီ​၏ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်မှာ ဇန်နဝါရီလ ၈ ရက်နေ့တွင် အလုပ်နှင့်ထောင်ဒဏ် ၁ နှစ် ချမှတ်ခံလိုက်ရသည်။  

ထို့ကြောင့် အာဏာသိမ်းစစ်တပ် ပြုလုပ်ပေးသည့် ပထမပိုင်းရွေးကောက်ပွဲသည် စစ်တပ်နောက်ခံကြံခိုင်ရေးပါတီ အနိုင်ရရှိစေရန် ပြုလုပ်ထားသော နိုင်ငံရေးကွင်းပြင်ဖြစ်ကြောင်း ယခု ဖြစ်ရပ်များကိုကြည့်ရှုခြင်းဖြင့် သုံးသပ် သိရှိနိုင်သည်။

ရွေးကောက်ပွဲ ဒုတိယပိုင်းကို လေ့လာကြည့်ခြင်း

ရွေးကောက်ပွဲပထမပိုင်းတွင် မဲပေးသူဦးရေ မရှိသလောက်ဖြစ်ကြောင်း ပြည်တွင်းပြည်ပ သတင်းဌာနများ၏ ဖော်ပြမှုကြောင့် သိရှိရသည်။  စစ်တပ်က  ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပသည့်နေ့တွင် မဲရုံဝန်းကျင် လူစည်ကားသယောင်ပြုလုပ်နိုင်ရန်အတွက်  ဖိအားပေးခြိမ်းခြောက်လျက်ရှိသည်။

ရွေးကောက်ပွဲ ဒုတိယပိုင်း ပြုလုပ်မည့် မြို့နယ် ၁၀၀ မှာ စစ်ရေး၊ နိုင်ငံရေး အကဲဆတ်နေသော ဒေသများဖြစ်ကြောင်းတွေ့ရသည်။

ကချင်ပြည်နယ်တွင် ဒုတိယပိုင်းရွေးကောက်ပွဲ ကျင်းပမည့်  ဝိုင်းမော်၊ မိုးကောင်း၊ မချမ်းဘော စသည့် မြို့နယ်တို့မှာ  KIA နှင့် PDF ပူးပေါင်းတပ်များ လှုပ်ရှားရာ ဒေသဖြစ်ပြီး လွန်ခဲ့သော နိုဝင်ဘာ နောက်ဆုံးအပတ် စစ်တပ် နှင့် KIA တိုက်ပွဲဖြစ်ပွားနေသော ဒေသများဖြစ်သည်။ စစ်တပ် UEC အနေဖြင့်လည်း အဆိုပါ ဒေသများတွင် ရွေးကောက်ပွဲအပြည့်အဝ ကျင်းပနိုင်မည်မဟုတ်ကြောင်း ဝန်ခံထားသည်။ 

ကယားပြည်နယ် (ကရင်နီပြည်) သည် နွေဦးတော်လှန်ရေးတွင် စစ်ရေး၊ နိုင်ငံရေး အင်အားအကောင်းဆုံးဒေသသစ် တခုပြီး တော်လှန်ရေးအဖွဲ့များ စိုးမိုးထားနိုင်ရာ ပြည်နယ်ဖြစ်သည်။ 

ရွေးကောက်ပွဲဒုတိယပိုင်း ကျင်းပရာတွင် ပါဝင်သည့် ဒီမောဆို နှင့် ဖရူဆိုသည် ယခင်က ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ဒေသဖြစ်ခဲ့ပြီး  ယခုအခါ ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် မကြာသေးမီကာလအတွင်း စစ်တပ်က အင်အားအလုံးအရင်းသုံးကာ ပြန်လည်ထိန်းချုပ်ထားသော ဒေသများဖြစ်လာသည်။ သို့သော်လည်း ကရင်နီ​၏ စစ်ရေးအခြေအနေအရ အဆိုပါဒေသများတွင် အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်သည်။

၂၀၂၁ အောက်တိုဘာ ၁၉ ရက်နေ့က ဒီးမော့ဆိုမြို့နယ်အတွင်း တွေ့ရသည့် KNDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-AFP)

ကရင်ပြည်နယ်တွင်ရွေးကောက်ပွဲ ဒုတိယပိုင်းကို လှိုင်းဘွဲ့နှင့်ဖာပွန်မြို့နယ်တွင် ကျင်းပမည်ဖြစ်ပြီး စစ်တပ်အနေဖြင့် ကရင်ပြည်နယ်သည် ယင်းတို့အတွက် KNU နှင့် တိုက်ပွဲများစွာဖြစ်ပွားသော ဒေသဖြစ်သည်။ 

ချင်းပြည်နယ် ၉ မြို့နယ်အနက် ပထမပိုင်းကို ဟားခါးနှင့်တီးတိန်မြို့နယ်တွင်သာ ပြုလုပ်ခဲ့သည်။  ကျန် ၇ မြို့နယ်မှာ    ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားရာဒေသဖြစ်နေသည်။

ထိုနည်းတူ ရခိုင်ပြည်နယ် ၁၇ မြို့နယ်တွင်လည်း ULA/AA က  ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားရာ စစ်တပ်သည် ယင်းတို့ အာဏာစက်ကျန်ရှိနေသေးသော စစ်တွေ၊ ကျောက်ဖြူ၊ မန်အောင်မြို့နယ်များတွင်သာ ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပနိုင်ခဲ့သည်။   

သို့သော် စစ်တပ်သည် ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် မြို့နယ်အများစုကို လက်လွှတ်ထားရသော်လည်း ပြည်နယ်အစိုးရများ ဖွဲ့စည်းနိုင်ရန်အတွက် PR စနစ်ဖြင့် ကိုယ်စားလှယ်များရွေးချယ်၊ မလိမ့်တပတ် အကြံအဖန်လုပ်ကာ ယင်းတို့​၏ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေနှင့်ရွေးကောက်ပွဲဥပဒေများကို ထပ်မံ၍ လက်တလုံးခြားပြုလုပ်ခဲ့သည်ကို ရွေးကောက်ပွဲမရှိဘဲ PR စနစ်ဖြင့် ရွေးချယ်ခံရသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဆောင်းပါးတွင် အကျယ်တဝင့် တွေ့ရသည်။ 

နွေဦးတော်လှန်ရေးတွင် မွန်ပြည်နယ်​၏ အခြေအနေသည် တိုက်ပွဲဖြစ်ပွားရာနည်းပါးသော ဒေသတခုဟုတ် သတ်မှတ်နိုင်သည်။ အဘယ်ကြောင့်ဆ်ိုသော် KNU တပ်မဟာ ၁ ထိန်းချုပ်ရာ ကျိုက်ထို၊ သထုံ၊ ဘီလင်းမြို့နယ်များတွင်သာ   ထိတွေ့တိုက်ပွဲများ  ဖြစ်ပွားသည်ကို တွေ့ရသည်။

ကျန်ဒေသများတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုနည်းပါးသည်။ 

ထိုကြောင့် စစ်တပ်သည် မွန်ပြည်နယ်တွင် ရွေးကောက်ပွဲ ပထမပိုင်းကို အထိုက်အလျောက် တည်ငြိမ်စွာကျင်းပနိုင်ခဲ့ပြီး ရွေးကောက်ပွဲ အပိုင်း ၂ ကိုလည်း ဘီလင်း၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့ စသည့် ၅ နေရာတွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

အဆိုပါ မြို့နယ်များအနက် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ရေးဘီလူး ဦးဆောင်သော ရေးမြို့နယ်သည် မကြာခဏ  တိုက်ပွဲမကြာခဏဖြစ်ပွားနေသည့်ဒေသဖြစ်၍ စစ်တပ်က အပိုင်း ၂ ရွေးကောက်ပွဲကာလ လုံခြုံရေး ပိုမို ဂရုစိုက်ရမည် ဖြစ်ကြောင်း တွေ့ရသည်။  

ရှမ်းပြည်နယ်တွင် စစ်တပ်သည် ၁၀၂၇ စစ်ဆင်ရေးများဖြင့် မြောက်ပိုင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသော မြို့နယ်များ နှင့်ကျန်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် ၁၇ မြို့နယ်တွင် ရွေးကောက်ပွဲ လုံးဝ မကျင်းပနိုင်ကြောင်း ထုတ်ပြန်ထားသည်။  

ဒုတိယပိုင်း ကျင်းပမည့် ၁၇ မြို့နယ်တို့တွင်လည်း ရွာငံ၊ ဆီဆိုင်၊ ကလော၊ မိုင်းပြင်း၊ ရပ်စောက်၊ ကွန်ဟိန်း၊ မိုင်းပန်၊ မိုင်းကိုင်၊ လဲချားမြို့နယ်များတွင်သာ ရွေးကောက်ပွဲ အပြည့်အဝကျင်းပနိုင်မည်၊  မိုင်းခတ်၊ မိုင်းရယ်၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းယန်း၊ မယ်မောက်၊ တန့်ယန်း၊ မိုင်းယောင်းဒေသတို့တွင် တစိတ်တပ်ိုင်သာ ကျင်းပနိုင်မည်ဟု စစ်တပ် UEC ​၏ ထုတ်ပြန်ချက်အရ သိရသည်။ 

တစိတ်တပိုင်းသာကျင်းပနိုင်မည့်ဒေသများသည်  ရှမ်းပြည်နယ်အတွင်းရှိကျန်ရှိသော တိုင်းရင်းသားလက်နက်ကိုင် တပ်များ ကူးလူးစပ်ယှက်နေသော ဒေသဖြစ်ကြောင်း တွေ့ရှိရသည်။ 

တိုင်းဒေသကြီးများ​နှင့် ရွေးကောက်ပွဲ အပိုင်း (၂)  

တနင်္သာရီတိုင်းအတွင်း အပိုင်း (၂) ရွေးကောက်ပွဲကျင်းပမည့် ရေဖြူ၊ ကျွန်းစု၊တနင်္သာရီမြို့နယ်တွင်  ထိတွေ့တိုက်ပွဲ ရှိတတ်ပသည်၊ ယခင်လက ရေဖြူမြို့နယ်ရှိ စစ်တပ်ဌာနဆိုင်ရာရုံးများကို  အဆိုပါဒေသရှိ တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက် စီးနင်းထားသောကြောင့် ထိုမြို့နယ်သည် ဒုတိယပိုင်း ရွေးကောက်ပွဲ တွင် စောင့်ကြည့်ရမည့်မြို့ဖြစ်လာသည်။

စစ်တပ်​က တပ်သားအရင်းအမြစ်များစွာရရှိခဲ့သည့် ဗမာလူမျိုးအများစု နေထိုင်ရာ စစ်ကိုင်းတိုင်းသည် နွေဦးကာလတွင် စစ်ခွေးသင်္ချိုင်း စစ်ကိုင်းတိုင်းဟု ပြောစမှတ်ပြုရအောင် ခုခံစစ်အပြင်းဆုံးဒေသကြီးတစ်ခုဖြစ်သည်။

လက်ရှိကာလ ယူနစ်နိုင်ငံရေးအစီအမံတွင်လည်း ရှေ့ဆုံးမှ ရလဒ်ကောင်းများ ထွက်ပေါ်အောင် လုပ်ဆောင်နိုင်ကာ ဒေသယူနစ်အစိုးရ ပေါ်ပေါက်လာ သောဒေသတခုဖြစ်ပြီး စစ်တပ်​၏ အကြမ်းဖက် တိုက်ခိုက်မှု အခံရဆုံးဒေသလည်း ဖြစ်သည်။ 

စစ်ကိုင်းတွင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သော လဟယ်၊ လေရှီး၊ နန်းယွန်းမြို့များတွင်သာ ရွေးကောက်ပွဲ အပြည့်အဝကျင်းပနိုင်သည်ဟု စစ်တပ် UEC က ကြေညာထားသည်။ 

စစ်ကိုင်းရှိ ၃၇ မြို့နယ်တွင် စစ်ရေးအရ ရွေးကောက်ပွဲ မကျင်းပနိုင်သော မြို့နယ် ၁၀ မြို့နယ်ရှိသည်။  ပထမပိုင်း ကျင်းပပြီးစီးခဲ့သည့်  ၁၃ မြို့နယ် ရှိပြီး ဆက်လက်ကျင်းပမည့်မြို့နယ် ၁၂ ခုမှာ  ကလေးဝ၊ မင်းကင်း၊ ဝန်းသို၊ ကျွန်းလှ၊ မြင်းမူ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော်၊ ဖောင်းပြင်၊ မော်လိုက်၊ ရေဦး တို့တွင် နာဂဒေသ ၃ နေရာတို့ ဖြစ်သည်။ 

ဆက်လက်၍ လည်း ပထမပိုင်းရွေးကောက်ပွဲကျင်းပပြီးစီးခဲ့သည့် ကသာမြို့တွင် မြို့သိမ်းသိမ်းတိုက်ပွဲများ မကြာမှီသေးအချိန်မှ ဖြစ်ပွားခဲ့သည်ကိုတွေ့ရသည်။ ဤအရာကို ကြည့်ပါက စစ်တပ်သည် စစ်ကိုင်းသားတော်လှန်တပ်ဖွဲ့များ ထိန်းချုပ်ထားသော ဒေသတွင် အာဏာသိမ်းကာလ ၅ နှစ်တာအတွင်း စစ်ရေး၊ နိုင်ငံရေး အဖက်ဖက်တွင် ကျရှုံးနေကြောင်း တွေရသည်။

ဘုတလင်နယ်တွင် ရွေးကောက်ပွဲ မဲမပေးရန် ဆိုင်းဘုတ်ထောင်နေသည်ကို ဒီဇင်ဘာလ ၂၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ- ဘုတလင်မြို့နယ် သပိတ်အင်အားစု)

မြို့နယ် ၂၅ မြို့ရှိသော မကွေးတိုင်းသည်လည်း စစ်အာဏာရှင်တော်လှန်ရေး အားကောင်းရာဒေသ ဖြစ်ပြီး များမကြာမီကာလအတွင်းကပင် စစ်ကိုင်းကဲ့သို့ ဒေသယူနစ်အစိုးရတရပ် ထွက်ပေါ်လာမည့် ဒေသဖြစ်သည်။

တတိုင်းလုံးအနေဖြင့် မကွေးမြို့ပေါ် တခုတွင်သာ ရွေးကောက်ပွဲအပြည့်အဝ ကျင်းပထားနိုင်သည်ဟု ကြေညာထားသည်။ ဆော၊ ထီးလင်း၊ ပေါက်၊ မြိုင်၊ ရေစကြိုစည် စသည့် ၅ မြို့နယ်တွင် ရွေးကောက်လုံးဝ မကျင်းပနိုင်ဟု ကြေညာထားကာ အဆိုပါဒေသများသည်လည်း မကွေးတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များ အားအကောင်းဆုံးဒေသဖြစ်သည်။ 

လောလောလတ်လတ် ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပရန် ဒေသေတွင်းသို့လာရောက်သော UEC နေပြည်တော် ဗဟိုနှင့် မကွေးတိုင်းတာဝန်ခံ ဦးအောင်လွင်ဦးတို့ ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံထားရသည်ကို တွေ့ရသည်။

ရွေးကောက်ပွဲအပိုင်း ၂ နယ်မြေများမှာ ဂန့်ဂေါ၊ ဆိပ်ဖြူ၊ နတ်မောက်၊ မြို့သစ်၊ ငဖဲ၊ စလင်း၊ စေတုတ္တရာ၊ ကံမ၊ မင်းတုန်း၊ မင်းလှ (အထက်)၊  ဆင်ပေါင်ဝဲ စသည့် ၁၁ မြို့နယ်တွင်  ဖြစ်သည်။ စေတုတ္တရာ၊ မင်းလှ(အထက်)၊ ဆင်ပေါင်ဝဲ ၃ မြို့နယ်သည် မကွေးတိုင်းအတွင်းရှိ လက်နက်စက်ရုံ တည်ရှိရာ ဒေသများဖြစ်ပြီး စလင်း မြို့နယ်အပါအဝင် မြို့နယ် ၆ မြို့နယ်ကိုလည်း NUG ​၏ ကာကွယ်ရေးဝန်ကြီးဌာနက ထိုးစစ်ဆင်မည်ဟု ကြေညာထားသည်ကိုတွေ့ရသည်။

ဗမာတို့​၏ နောက်ဆုံးမင်းဆက် ရုံးစိုက်ရာ မန္တလေးတိုင်းကို လေ့လာကြည့်ပါက လက်တလော ကြားကာလအစီအမံကောင်စီ ဒေသယူနစ်  ဖွဲ့စည်းနိုင်ခဲ့ပြီး၊ မြို့နယ် ၂၈ မြို့နယ်ရှိရာ  လတ်တလော တော်လှန်ရေးတပ်ဖွဲ့များ မကြာသေးမီက လက်လွှတ်လိုက်ရသော စဉ့်ကူး၊ မိုးကုတ် နှင့် နွားထိုးကြီး ၃ မြို့နယ်တွင်ရွေးကောက်ပွဲ လုံးဝမကျင်းပနိုင်ဟု ကြေညာထားပြီး ၁၂ မြို့နယ်တွင်သာ ရွေးကောက်ပွဲအပြည့်အဝ ကျင်းပထားနိုင်သည်။ 

ဆက်လက်၍  ရွေးကောက်ပွဲ အပိုင်း (၂) ကို   စဉ့်ကိုင်၊ ကျောက်ပန်းတောင်း၊ တံတားဦး၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ ဝမ်းတွင်း၊ သာစည်၊ အမရပူရ၊ မတ္တရာ စသည့် မြို့နယ် ၉ မြို့နယ်တွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။ ကျောက်ပန်းတောင်း၊ တံတားဦး၊ ဝမ်းတွင်း၊ မတ္တရာမြို့နယ်များသည်  ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိပြီး ကျန် ၅ မြို့နယ်သည် ရွေးကောက်ပွဲအပြည့်အဝ ကျင်းပနိုင်သော စစ်ကောင်စီထိန်းချုပ်ထားနိုင်သော မြို့နယ်များဖြစ်သည်။

လက်ရှိ ရွေးကောက် အပိုင်း ၂ ကာလ အတွင်းနှင့် ယခုနှစ် အတွင်း မျက်ချေမပြတ် ဆက်လက်စောင့်ကြည့်ရမည့် ဒေသမှာ ပဲခူးတိုင်းဒေသ မြို့နယ် ၂၈ မြို့ဖြင့်ဖွဲ့စည်းထားသည်။ ပဲခူးတိုင်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟို ရုံးစိုက်ရာ ဒေသဖြစ်ခဲ့သည်။ ထိုအပြင် စစ်တပ်၏ လက်နက် စက်ရုံများ ရေသောက်အရင်းအမြစ်များရှိရာဖြစ်ပြီး ဗမာ့နိုင်ငံရေး​၏  အဆုံးအဖြတ်ပေးနိုင်သော ဒေသကြီးဖြစ်သည့် မြို့တော်ရန်ကုန်နှင့်လည်း အနီးဆုံး ဒေသဖြစ်သည်။

ခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန် – ပြည် အမြန်လမ်း‌ပေါ်ရှိ အုတ်တွင်းကျေးရွာ၊စစ်ကွင်းတာဆုံ နှင့် တာဆုံအနီးဘုရားရှိ စစ်ကွင်းတာဆုံဂိတ်စခန်းအား  ဇန်နဝါရီလ ၇ ရက်နေ့က ပဲခူး အနောက်ခြမ်းတော်လှန်ရေးအင်အားစုများက ဝင်တိုက်ခဲ့စဉ်။ (ဓာတ်ပုံ-သာယာဝတီခရိုင် တပ်ရင်း (၃) /Myanmar Defense Force) 

ပြီးခဲ့သည့် ဇန်နဝါရီလ  ၇ ရက်နှင့် ၈ ရက်တို့တွင် ပဲခူးအရှေ့ခြမ်းနှင့်အနောက်ခြမ်း ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF) တော်လှန်ရေး အင်အားစုများက ခေါင်းဆောင်၍ စစ်ကော်မရှင် ရွေးကောက်ပွဲ အဟန့်အတားဖြစ်စေရန် စစ်တပ်စခန်း အများအပြားကို တပြိုင်နက် ဝင်တိုက်ခဲ့ကြသည်။

ရန်ကုန်-ပြည်လမ်းမကြီးပေါ်ရှိ ပဲခူးအနောက်ခြမ်း သုံးမြို့နယ်တွင် စစ်စခန်းများ ဝင်တိုက်ခဲ့သလို ပဲခူးအရှေ့တွင်လည်း ရန်ကုန်- မန္တလေးလမ်းဟောင်းပေါ်မှ စစ်စခန်း ၁၄ ခုခန့်ကို ဝင်တိုက်ခဲ့ကြခြင်းဖြစ်သည်။ 

ရွေးကောက်ပွဲ ပထမပိုင်းကို ၈ မြို့နယ်တွင် ကျင်းပသွားခဲ့ပြီး ဆက်လက်၍ ဒုတိယပိုင်းကို ဒိုက်ဦး၊ ရွှေကျင်၊ ထန်းတပင်၊ ရေတာရှည်၊ ဇီးကုန်း၊ ပေါင်းတည်၊ ကဝ၊ သနပ်ပင်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ မိုးညို၊ မင်းလှ စသည့် ၁၂ မြို့နယ်တွင် ကျင်းပမည်ဖြစ်သည်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်မှ ကာကွယ်ရေးတပ်ဖွဲ့များသည် ပဲခူးရိုးမကို ကြားခံကာ ပဲခူးတိုင်းအတွင်းရှိ အရှေ့ခြမ်းဖြစ်သော ရန်ကုန်-မန္တလေးအမြန်လမ်း (လမ်းဟောင်း) ပေါ်ရှိ စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီ တဆက်တည်း ပဲခူးတိုင်းအနောက်ပိုင်းဖြစ်သော ရန်ကုန်-ပြည်ကားလမ်းမ များပေါ်တွင်လည်း စစ်ကောင်စီ စခန်းများကိုလည်း ဆက်လက်  တိုက်ခိုက်နေသည်။

ထူးခြားမှုတခုအနေဖြင့်  ရန်ကုန်မြို့နှင့် မိုင် ၅၀ ခန့်သာဝေးသော ပဲခူးမြို့နယ် တွင်လည်းစတင်ထိတွေ့တိုက်ပွဲဖြစ်ပွားလာသည်ကို တွေ့ရသည်။ ပဲခူးတိုင်းတွင်း ထိတွေ့တိုက်ပွဲများ ဖော်ဆောင်နေသော MOD လက်အောက်ရှိ အမှတ်(၂) စစ်ဆင်ရေးမှူးက ရန်ကုန်တိုင်းတွင်လည်း ၂၀၂၆ ခုနှစ်အတွင်း စစ်ဆင်ရေးများ ဖော်ဆောင်မည်ဟု ပြောဆိုထားသည်၊ ရန်ကုန်သည် ရွေးကောက်ပွဲအပြီးအခြေအနေများတွင် ဆက်လက် စောင့်ကြည့်ရမည့်ဒေသ ဖြစ်သည်။

ထို့အပြင် ပဲခူးအရှေ့နှင့်အနောက်ခြမ်းဒေသများသည် စစ်ရေးအရ အရေးပါသောဒေသများဖြစ်ပြီး ပဲခူးတိုင်းကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်သွားနိုင်ပါက စစ်ကောင်စီရုံးစိုက်ရာ မြို့တော် နေပြည်တော်နှင့်ရန်ကုန်မြို့သည် အဆက်အသွယ် ပြတ်တောက်သွားမည်ဖြစ်၍ တော်လှန်ရေးအတွက် များစွာအထောက်အကူပေးနိုင်မည်ဖြစ်သည်။

မြစ်ဝကျွန်းပေါ်ဒေသ ၂၆ မြို့နယ်ရှိသော  ဧရာဝတီတိုင်းတွင်လည်း ရွေးကောက်ပွဲ အပိုင်း ၁ ကို ၈ မြို့နယ်တွင်ပြုလုပ်သွားခဲ့ပြီး အပိုင်း ၂ ကို ကျောင်းကုန်း၊ သာပေါင်း၊ ကန်ကြီးထောင့်၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ပန်းတနော်၊ ဝါးခယ်မ၊ အိမ်မဲ စသည့် ၉ မြို့နယ်တွင် ပြုလုပ်မည်ဖြစ်သည်။ ရခိုင်နယ်စပ်ရှိ  ထိတွေ့တိုက်ပွဲများ ရှိနေသော ပုသိမ်၊ သာပေါင်း၊ လေးမျက်မှာ၊ အင်္ဂပူ၊ ရေကြည် စသည့်ဒေသများတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ဟု ကြေညာထားသည်။

ဗမာပြည်​၏ လူဦးရေ အများဆုံး နေရာထိုင်ရာ ဒေသဖြစ်သည့် ရန်ကုန်တိုင်းတွင် ၄၅ မြို့နယ်လုံး ရွေးကောက်ပွဲအပြည့်အဝကျင်းပနိုင်သည်ဟု ကြေညာထားသည်။ ဒုတိယပိုင်းကိုလည်း ဗဟန်း၊ ပန်းပဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာ၊ ကိုးကိုးကျွန်း၊ ကြည့်မြင့်တိုင်၊ အင်းစိန် စသည့် ၁၆ မြို့နယ်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

အာဏာသိမ်းဗိုလ်ချုပ်များ ရုံးစိုက်ရာ ပြည်ထောင်စု နယ်မြေ နေပြည်တော်ရှိ ၈ မြို့နယ်လုံးတွင် ရွေးကောက်ပွဲ ပြုလုပ်ပြီး ဖြစ်သည်။

နိဂုံးချုပ်အားဖြင့်၂၀၂၅ ခုနှစ် စစ်တပ်ဦးဆောင်ကျင်းပသော ရွေးကောက်ပွဲသည် အပိုင်း (၁) တွင် မဲဆန္ဒရှင်များ၏ စိတ်ဝင်စားမှုနည်းပါးခြင်း၊ ကြိုတင်မဲများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုအခက်အခဲ၊ ရွေးကောက်ပွဲကော်မရှင်၏ ခြိမ်းခြောက်ထိန်းချုပ်မှုများ၊   ပြိုင်ဘက်နိုင်ငံရေးပါတီများအပေါ် တရားမျှတမှုမရှိ စသည့် ဝေဖန်မှုများ ပေါ်ထွက်လာခဲ့သည်။  ရွေးကောက်ပွဲ အပိုင်း (၂) ကို နိုင်ငံတစ်ဝှမ်း စစ်ရေးအရ အလွန်အကဲဆတ်နေသော ဒေသများတွင် ကျင်းပရန် စီစဉ်ထားရာ ထိုဒေသများ၏ လုံခြုံရေးအခက်အခဲများနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် ရွေးကောက်ပွဲ ပြည့်ပြည့်ဝဝကျင်းပနိုင်ရေး စိန်ခေါ်မှုများ ကြီးမားကြောင်းတွေ့ရသည်။ 

ထိုကြောင့် စစ်တပ်စီစဉ်သည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီ အခြေခံမူများဖြစ်သော တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့် လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်ခွင့်တို့ ပြည့်ဝစွာမရှိပါက ရွေးကောက်ပွဲ၏ ရလဒ်သည် နိုင်ငံ၏ ရေရှည်တည်ငြိမ်ရေးနှင့် ပြည်သူများ၏ စစ်မှန်သော ဆန္ဒအတွက် အဖြေတစ်ရပ် ဖြစ်လာမည်မဟုတ်ကြောင်း သုံးသပ် တင်ပြလိုက်ပါသည်။ 

ရန်ကုန်မြို့လယ်ရှိ ရွေးကောက်ပွဲ မဲရုံတစ်ခုကို ဒီဇင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

Related Articles

Back to top button