အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပဲခူးတိုင်းအရှေ့ခြမ်း ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်တပ်စခန်းများ တပြိုင်နက် တိုက်ခိုက်ခံရ

စစ်ကော်မရှင်၏ ရွေးကောက်ပွဲ မဖြစ်မြောက်စေရန် ရည်ရွယ်၍ စစ်ရေးဖော်ဆောင်ခဲ့ကြခြင်း ဖြစ်သည် ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

ပဲခူးတိုင်းအရှေ့ခြမ်း ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ  စစ်ကော်မရှင်တပ်စခန်း ၁၂ ခုထက်မနည်းကို ယနေ့(ဇန်နဝါရီလ ၉ ရက်နေ့) နံနက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တော်လှန်ရေးတပ်ဖွဲ့များက တပြိုင်နက်  ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အဆိုပါ လမ်းဟောင်းတစ်လျှောက် ညောင်လေးပင်နှင့် ကျောက်တံခါးမြို့နယ်အကြား ရထားလမ်းနှင့် ကားလမ်းပေါ်ရှိ ကာကင်းစခန်းတစ်ခု၊ အုတ်တွင်းမြို့နယ်ရှိ ကျွဲပွဲ ကာကင်းစခန်း၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့မြို့မရဲစခန်း နှင့် ဘူတာရုံတွင် တပ်စွဲထားသည့် စစ်တပ်စခန်းနှင့် မြို့ပတ်လည်ရှိ ရထားလမ်း၊ ကားလမ်းမှ ကာကင်းစခန်း အပါအဝင်  စခန်းအနည်းဆုံး ၁၂ ခုထက်မနည်းကို ယနေ့ နံနက် ၃ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ကြခြင်းဖြစ်သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

နံနက် ၃ နာရီဝန်းကျင်အချိန်တွင် ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့ရှိ မြို့မရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးအဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ယနေ့ နံနက်တွင် ပြောသည်။

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် စခန်းသိမ်းတိုက်ပွဲများသည်  နံနက် ၉ နာရီအချိန်တွင် တိုက်ပွဲများ ပြန်လည်ငြိမ်သက်သွားကြောင်း ၎င်းက ဆက်ပြောသည်။

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ဖြူးမြို့နယ်နှင့် ကျောက်တံခါးအကြား တည်ရှိသော တောကျွဲအင်း  စစ်စခန်းအပါအဝင် ဂိတ်စခန်းအများစုကို ဝင်ရောက်တိုက်ခိုက်နေကြသည်ဟု ကြားသိရကြောင်း တောင်ငူခရိုင် ဒေသခံ အမျိုးသားတစ်ဦးက ယနေ့ မွန်းတည့်ချိန်က ဆိုသည်။ 

စစ်တပ်က ၎င်းတို့စခန်းများ အလစ်အငိုက် တိုက်ခိုက်ခံရ၍ လေကြောင်းအပြင် မြေပြင်စစ်ကြောင်းများ ပါ ချက်ချင်းရောက်လာကြောင်း ၎င်းက ဆက်ပြောသည်။ 

“တောကျွဲအင်းစစ်စခန်းက လမ်းဟောင်းနဲ့ နှစ်မိုင်လောက်တော့ဝေးတယ်၊ ကားနဲ့သွားရင် ၁၅မိနစ်နဲ့ ရောက်တယ်။ အဲဒီကို ဖြတ်သွားရတဲ့ တံတားကလည်း ကျိုးနေလို့ အဲဘက်ကို ခုသွားလို့မရဘူး၊ လမ်းဟောင်းမှာတော့ ကားတွေ ရှေ့မသွားရဲလို့ ရပ်နေတာရာနဲ့ချီရှိတယ်၊ ခုတော့ လေယာဉ်တွေရော၊ စစ်ကားတွေရော တွေ့တယ်” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ တော်လှန်ရေး တပ်ဖွဲ့များက ပြုလုပ်ခဲ့ပြီး အခြားမဟာမိတ်များပါဝင်မှုနှင့် တိုက်ပွဲအခြေနေများကိုလည်း အသေးစိတ် မသိရှိရပေ။

တောကျွဲအင်းမြို့အနီး PDF တပ်ဖွဲ့ဝင်များ ယနေ့နံနက်အစောက ရောက်ရှိနေကြစဉ်။ (ဓာတ်ပုံ- အမှတ် (၂) စစ်ဆင်ရေးနယ်မြေ)
တောကျွဲအင်းမြို့အနီး PDF တပ်ဖွဲ့ဝင်များ ယနေ့နံနက်အစောက ရောက်ရှိနေကြစဉ်။ (ဓာတ်ပုံ- အမှတ် (၂) စစ်ဆင်ရေးနယ်မြေ)

“စစ်တပ်က လုပ်တဲ့ရွေးကောက်ပွဲကို အနှောင့်အယှက်ပေးဖို့နဲ့ သူတို့လုပ်တာကို လက်မခံဘူးဆိုတဲ့ အကြောင်း ပြချင်တာ”ဟု တိုက်ခိုက်ရသည့် ရည်ရွယ်ချက်ကို မြေပြင်စစ်ရေးသတင်းရင်းမြစ် နောက်တစ်ဦး က ပြောသည်။

စစ်တပ်ထောက်ခံသူများက တောကျွဲအင်း ရဲစခန်းကျသွားကြောင်း၊ စစ်တပ်က လေကြောင်းဖြင့် လိုက်လံ တိုက်ခိုက်နေကြောင်း ယနေ့ မွန်းလွဲတွင် ဝါဒဖြန့်နေကြသည်။

ပဲခူးအနောက်ခြမ်း ပြည်-ပန်းတောင်း-တောင်ကုတ်လမ်းတလျှောက်တွင်လည်း အာရက္ခတပ်တော်(AA)နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့များက ထိုးစစ်ဆင်နေသည့်တိုက်ပွဲများပြင်းထန်နေသလို ဧရာဝတီမြစ်အရှေ့ ဘက်ကမ်း ပဲခူးတိုင်းအနောက်ခြမ်းတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့တွင်လည်းနတ်တလင်း၊ ဇီးကုန်း၊ မင်းလှမြို့နယ်တို့ရှိ စစ်တပ်ဂိတ်စခန်း သုံးခုကို တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဇီးကုန်းမြို့နယ်ရှိ ပျူစောထီးစခန်းတစ်ခုကိုလည်း မီးရှို့ ဖျက်ဆီးနိုင်ခဲ့သည်။ စစ်တပ်ဘက် သေဆုံးသူ ဆယ်နှင့်ချီပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း အမှတ် (၂) စစ်ဆင်ရေးနယ်မြေက ယမန်နေ့က ထုတ်ပြန်ထားသည်။ 

ထိုတိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်း စစ်ဌာန၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့( ပကဖ)များ၊ ဒရုန်းတပ်ဖွဲ့များနှင့် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုသည်လည်း စစ်တပ်ရွေးကောက်ပွဲကို အဟန့်အတားဖြစ်စေရန် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပဲခူးအနောက်ခြမ်းအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောထားကြသည်။

၂၀၂၅ ဖေဖော်ဝါရီတွင်လည်း စစ်တောင်းမြစ်ဝှမ်းဒေသ ဖြူး၊ ဆင်တဲကုန်း၊ တောကျွဲအင်း၊ ပဲနွယ်ကုန်း၊ ကျောက်တံခါး၊ နတ်သံကွင်း၊ ညောင်လေးပင်မြို့များရှိ စစ်ကောင်စီတပ်၏ ကာကင်းစခန်း ၇ခုကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်နိုင်ခဲ့သေးသည်။

တောကျွဲအင်းဘူတာအနီး တိုက်ပွဲကြောင့် မီးလောင်ပျက်စီးနေသောကားတစ်စီး။ (ဓာတ်ပုံ- Ko Hein Screengrab)
တောကျွဲအင်းဘူတာအနီး တိုက်ပွဲကြောင့် မီးလောင်ပျက်စီးနေသောကားတစ်စီး။ (ဓာတ်ပုံ- Ko Hein Screengrab)


ပဲခူးတိုင်းအရှေ့ခြမ်း ရန်ကုန်-မန္တလေးလမ်းလမ်းဟောင်းမှ စစ်တပ်၏ ကင်းစခန်းများကို စစ်တောင်း မြစ်ဝှမ်းတွင် အခြေစိုက်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF များက ယမန်နှစ် ဇွန်လ ၂၄ ရက်ညတွင်  စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်တပ်အတွက် ထိခိုက်ဆုံးရှုံးမှုများရှိခဲ့ပြီး ကျောက်ကြီးမြို့နယ်တွင် စစ်သုံ့ပန်း ၂၀ ကျော် ဖမ်းမိသည်။ 

ပဲခူးတိုင်းအရှေ့ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် ရန်ကုန်-မန္တလေး အမှတ် (၂) လမ်းဟု ခေါ်သော လမ်းဟောင်းရှိပြီး လမ်းဟောင်း၏ အရှေ့ဘက် ၇ မိုင်ခန့်အကွာတွင် စစ်တောင်းမြစ်ရှိသည်။ PDF များ သည် လမ်းဟောင်းနှင့် စစ်တောင်းမြစ်ကြားတွင် အခြေစိုက်လှုပ်ရှားကြပြီး စစ်တောင်းမြစ်အရှေ့ဘက် ကမ်းတွင် KNU တပ်မဟာ (၃) က အဓိက စိုးမိုးထားသည်။

ပဲခူးတိုင်း အရှေ့ခြမ်းနှင့်အနောက်ခြမ်း၊ ထိုမှတဆင့် AA နှင့် အမ်း-ပဒါန်းလမ်းတွင် လှုပ်ရှားသော AA မဟာမိတ် ကျောင်းသားတပ်များ၊ အရှိုချင်းတပ်များ အပါအဝင် ဒေသတစ်ခုလုံး စစ်ရေး ပြင်းထန်နေ သည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်ကာ အပိုင်းသုံးပိုင်းဖြင့် ရွေးကောက်ပွဲ ကျင်းပရန် စစ်ကော်မရှင်တပ် က ကြိုးပမ်းနေရာ အပိုင်း (၁) တွင် ပဲခူးတိုင်း ၈ မြို့နယ်၌ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီး အပိုင်း (၂) တွင် ပဲခူးတိုင်း ၁၂ မြို့နယ်ပါဝင်နေသည်။

သို့ရာတွင်  အပိုင်း (၁) ၌ ညောင်လေးပင်မြို့နယ်မှ ကျေးရွာအုပ်စု ၁၅ စု၊ တောင်ငူမြို့နယ်တွင် ၈ စု၊ နတ်တလင်းတွင် ၂၂ စု၊ လက်ပံတန်းတွင် ၄ အုပ်စု တို့တွင်  ရွေးကောက်ပွဲ မလုပ်နိုင်ကြောင်း ဒီဇင်ဘာလ ပထမပတ်က ကြေညာထားရသည်။

အပိုင်း(၂) တွင် ရွှေကျင်မြို့နယ်၌ ၅၃ အုပ်စု၊ ထန်းတပင် ၂၅၊ ရေတာရှည်မြို့နယ်တွင် ၁၈အုပ်စု၊ ပေါင်းတည်မြို့နယ် ၁၃ ၊ ပေါက်ခေါင်းမြို့နယ်တွင်  ၃၀အုပ်စု၊ မင်းလှမြို့နယ်တွင် ၉ အုပ်စု တို့လည်း အလားတူ ရွေးကောက်ပွဲ မလုပ်နိုင်သော နယ်မြေများတွင် ပါဝင်သည်။ 

အလားတူ အပိုင်း (၃) တွင်လည်း ပဲခူးတိုင်းရှိ ရွေးကောက်ပွဲ မလုပ်နိုင်သည့် နယ်မြေများတွင် ကျောက်ကြီးမြို့နယ်၌ ကျေးရွာအုပ်စု ၄၃ စု၊ ကျောက်တံခါးမြို့နယ်တွင် ကျေးရွာအုပ်စု ၁၀ စု၊ ဖြူးမြို့နယ်၌  ၄၃ စု၊ အုတ်တွင်းမြို့နယ်တွင် ကျွဲပွဲမြို့ပေါ်  အမှတ် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆ အုပ်စု၊ သဲကုန်းမြို့နယ်တွင် ၁၀ စု၊ ဝေါမြို့နယ်တွင် ၁ စု၊ ကြို့ပင်ကောက်မြို့နယ်တွင် ၂၀ စု၊ အုတ်ဖိုမြို့နယ်တွင် ၂၃ စု တို့ပါသည်။

အထူးသဖြင့် အဆိုပါ ကျောက်ကြီးမြို့နယ် နယ်မြေများသည် တော်လှန်ရေးအားကောင်းရာ စစ်တောင်း မြစ်ဘေးမှ ကျေးရွာများ ဖြစ်ကြပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၃) တပ်များ အခြေချလှုပ်ရှားသလို PDF များလည်း ပူးတွဲ စစ်ရေးလှုပ်ရှားကြသည်။

Related Articles

Back to top button