
ပေ ၁၀၀၀ အထက်မြင့်သည့် ကရင့်တောင်တန်းများမှ ဆိုင်ကယ်ဖြင့် ဆင်းလာသည့်နောက် မြေပြန့်ကို ရောက်သည်။ ပဲခင်းများကြား ဖောက်ထားသော လယ်ကန်သင်းလမ်းပေါ်မှာ ဖုန်မှုန့် တထောင်းထောင်းကြားက သွားရခြင်းဖြစ်သည်။
ခရီးထွက်လာစဉ်က သွားရမည့်နေရာသည် စစ်တောင်းမြစ်ကို ကျော်လွန်မည်မဟုတ်ဟု ထင်ခဲ့သော်လည်း စစ်တောင်းမြစ် အနောက်ဘက်ကမ်းအထိ ကူးသွားရသည်။ စစ်တောင်းမြစ်အနောက်ဘက်ကမ်းကို ကူးမိသောအခါ ၃ နှစ်ကျော်ခွဲခဲ့ရသည့် ကိုယ့်ရဲ့ဇာတိဒေသ ပဲခူးတိုင်းကို ခြေချနိုင်ပြီဆိုသည့် အတွေးဝင်လာခဲ့သည်။
၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက် ပဲခူးမြို့က အာဏာသိမ်းမှုဆန့်ကျင်သူများ၏ မဂ္ဂတစ်ခံတပ်ကျပြီးနောက် ဇာတိဒေသဖြစ်သည့် ပဲခူးတိုင်းအရှေ့ပိုင်း မြို့တစ်မြို့မှ ကျွန်တော်ထွက်လာခဲ့စဉ်က ပဲခူးတိုင်းကို မည်သည့် အခါတွင်မှ ပြန်ရောက်မည်နည်းဟု တွေးမိခဲ့သည်။
အခုတော့ ဇာတိမြို့မဟုတ်သော်လည်း ဇာတိမြို့အကြုံးဝင်သည့် တိုင်းကို ပြန်ရောက်နိုင်ပါပြီ။
“ဒါ ဟာ အိမ်ပြန်မယ့်လမ်းပဲ ။ ကျွန်တော်တို့ ကတော့ အဲဒီလိုပဲ ယုံကြည်ထားတယ်” ဟု စစ်တောင်းမြစ်အနောက်ဘက်ကမ်း တည်းခိုရမည့်နေရာတွင် တွေ့ရသည် တော်ဝင်ဒေါင်းတပ်ရင်းမှ ရဲဘော်တစ်ဦးက ကျွန်တော်တို့ကို ခရီးဦးကြိုပြုရင်းပြောသည်။
NUG တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသခွဲ လက်အောက်ခံ တော်ဝင်ဒေါင်းစစ်ကြောင်း၌ ဧရာဝတီတိုင်းမှ ရဲဘော်များ ၊ ပဲခူးတိုင်းသား ရဲဘော်များ ၊ ရန်ကုန်တိုင်းမှရဲဘော်များနှင့် ရွှေဘိုဒေသမှ လာရောက်တာဝန်ထမ်းသည့် ဆရာဝန် တို့ကို တွေ့ရသည်။
သူတို့သည် ပဲခူးတိုင်းအရှေ့ပိုင်း စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ နယ်မြေတစ်ချို့ကို သိမ်းထားနိုင်သော်လည်း စစ်ကောင်စီထိန်းချုပ်ထားသော နယ်မြေများကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်ရန် စိတ်အားထက်သန်နေကြသည်။
လက်ရှိနယ်မြေကို အခြားသောတော်လှန်ရေးတပ်များ သိမ်းထားသည့် နယ်မြေများနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်ရန် စစ်တိုက်ချင်နေကြသည်။
စစ်တပ်အာဏာသိမ်းပြီး အုပ်ချုပ်ရေးအာဏာကို ဆုပ်ကိုင်ထားမှု လေးနှစ်ကျော်လာချိန်တွင် စစ်ကောင်စီအတွက် စစ်ရေးအရေးနိမ့်မှုများ ဆက်တိုက်ကြုံလာရပြီး ထိန်းချုပ်နယ်မြေ ဆုံးရှုံးမှုပိုများလာသည်။ စစ်တပ်ဆုံးရှုံးထားသည့်နယ်မြေများစွာအနက် မြန်မာနိုင်ငံအလယ်ပိုင်း ပဲခူးတိုင်းအရှေ့ခြမ်း (စစ်တောင်းမြစ်ဝှမ်းဒေသ)လည်း ပါဝင်သည်။
ထိုနယ်မြေတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ဖယ်ရှား၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ကာကွယ်ရေးတပ် PDF များက စိုးမိုးနယ်မြေ ထူထောင်ထားသည်။ ထိုဒေသသည် ရန်ကုန်-မန္တလေး လမ်းဟောင်းမှသည် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားသော တောင်တန်းများ၏ အခြေအထိဖြစ်သည်။
ထိုနယ်မြေကို PDF များက စစ်တောင်းမြစ်ဝှမ်းဒေသဟု ဆိုကြသည်။ တစ်နည်းအားဖြင့် မြစ်၏ အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်း မြေပြန့်လွင်ပြင်ကို ရည်ညွှန်းခေါ်ဆိုကြသည့် အခေါ်အဝေါ်ဖြစ်သည်။
ကျယ်ပြန့်လှသော စစ်တောင်းမြစ်ဝှမ်းဒေသထဲမှ စစ်တောင်းမြစ်အနောက်ဘက်ကမ်း ရှိ PDF စိုးမိုးနယ်မြေသို့ Myanmar Now သတင်းထောက်က ရောက်ရှိပြီး တစ်လခန့် နေထိုင်၍ နယ်မြေအခြေအနေကို လေ့လာခွင့်ရခဲ့သည်။

PDF တို့ စိုးမိုးနယ်မြေသည် စတုရန်းမိုင်ပေါင်း ၇၄ မိုင်ကျယ်သည်။ အဆိုပါနယ်မြေတွင် စစ်ကောင်စီတပ်၏ အုပ်ချုပ်ရေးယန္တရားလုံးဝ မရှိတော့ဘဲ PDF ကသာ လုံခြုံရေးနှင့် အုပ်ချုပ်ရေး တာဝန်ယူထားကြောင်း တွေ့ရသည်။
ပဲခူးတိုင်းအရှေ့ဘက်ရှိ မဒေါက်၊ ညောင်လေးပင်၊ ပိန်းဇလုပ်၊ ကျောက်တံခါးစသည့် မြို့များအနီးရှိ စစ်တောင်းမြစ် အနောက်ဘက်ကမ်းတွင် KNU တပ်မဟာ (၃) လက်အောက်ခံတပ်ဖွဲ့ဝင် အချို့ကိုတွေ့ရသော်လည်း PDF တပ်ဖွဲ့ဝင်များကိုသာ အများအားဖြင့် တွေ့ရသည်။ PDF တပ်ဖွဲ့ဝင်များသည် ၂၀၂၂ ခုနှစ်တွင် စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ စစ်ကောင်စီတပ်များကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
PDF နှင့် KNU တို့၏ ထိုးစစ်ကို ကြုံရသည့် စစ်ကောင်စီတပ်များသည် ကျေးရွာများတွင်အခြေစိုက်ထားသော အင်အားနည်းသည့် ၎င်းတို့ တပ်ဖွဲ့ဝင်များကို ပြန်လည်ဆုတ်ခွာစေကာ ရန်ကုန်-မန္တလေး အမှတ် (၂) လမ်းမတစ်လျှောက်တွင် ပြန်လည်စုစည်းထားသည်ကိုလည်း စုံစမ်းသိရသည်။
စစ်ကောင်စီတပ်များ ဆုတ်သွားသည့် ရွာများတွင် PDF တို့က ၂၀၂၃ ခုနှစ် ဇူလိုင်လမှစတင်၍ နေရာဝင်ယူလိုက်ပြီး စိုးမိုးနယ်မြေထူထောင်ထားခြင်းဖြစ်သည်။ ကျေးရွာအလိုက် အုပ်ချုပ်ရေးမှူးများရှိပြီး ရွာအုပ်ချုပ်ရေးမှူးများသည် PDF တပ်ရင်းများက ညွှန်ကြားသည့် လုံခြုံရေးဆိုင်ရာ အမိန့်များကို အရပ်သားများ လိုက်နာစေရန် တိုက်တွန်းပေးရသည်။ စည်းကမ်းမလိုက်နာသူများကို ထိပ်တုံးခတ်အပြစ်ပေးကြောင်းသိရသည်။
စစ်တောင်းမြစ် အနောက်ဘက်ကမ်းတွင် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသခွဲ လက်အောက်ခံ တော်ဝင်ဒေါင်းစစ်ကြောင်း၊ တောကျီးကန်းစစ်ကြောင်း၊ ပဲခူးခရိုင် (PDF) ၃၇၀၃ တပ်ရင်းနှင့် ၃၇၀၂ တပ်ရင်းစသည့် PDF တပ်ရင်းများရှိသည်။ အင်အားထောင်ချီရှိမည်ဟု ခန့်မှန်းရပြီး မြင်ရသမျှ PDF ရဲဘော်များသည် ကာကီရောင် ပြောက်ကျား ယူနီဖောင်းကိုဝတ်ထားပြီး M4 မောင်းပြန်ရိုင်ဖယ်များကို ကိုင်ထားကြသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။

Myanmar Now က စကားပြောခွင့်ရသည့် PDF တပ်ရင်းမှူးအချို့ကမူ မောင်းပြန်သေနတ် ၊ နောက်ပွင့်ရိုင်ဖယ်၊ စနိုက်ဘာရိုင်ဖယ်၊ သတ္တုကိုပင်ဖောက်ထွင်းနိုင်သည့် ပစ်အားကောင်းရိုင်ဖယ်သေနတ်များ၊ စက်သေနတ်ကြီးနှင့် ခဲယမ်းများလိုအပ်နေဆဲဟု ဆိုကြသည်။
စစ်ကောင်စီဘက်က သတင်းမထုတ်သော်လည်း ပဲခူးတိုင်းအရှေ့ပိုင်း ရန်ကုန်-မန္တလေး အမှတ် (၂) လမ်းမ၏ အရှေ့ဘက် ကျေးလက်ဒေသသည် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် PDF တို့၏ စိုးမိုးမှု အောက်ရောက်နေသည်။
စစ်ကောင်စီဘက်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှု မကြာခဏလုပ်နေသော်လည်း ထိုဒေသ၏ အုပ်ချုပ်ရေးကို KNU နှင့် PDF များက ဖော်ဆောင်နေသည်။ ထိုနယ်မြေတွင် ကလေးများသည် အခြေခံပညာအပြည့်ရရန် ခက်ခဲနေသလို အဆင့်မြင့်ပညာ ဆက်သင်နိုင်ရန်လည်း တက္ကသိုလ်၊ ကောလိပ်များရှိမနေပေ။
လူငယ်များသည် အိမ်နီးချင်း ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်က ထိုနယ်မြေတွင် ကျန်ခဲ့သည့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များကို ထောက်ပံ့နေကြသည်။ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆရာဝန်နှင့် ဆေးရုံအချို့ရှိသော်လည်း ဒေခသံများအတွက် မလောက်ဘဲ လိုအပ်နေဆဲဖြစ်သည်။
ထိုဒေသ၌ စစ်ပွဲသည် အကြီးအကျယ် အင်အားအလုံးအရင်းသုံးကာ မဖြစ်သေးသော်လည်း အားစမ်းသည့် ထိတွေ့တိုက်ပွဲများ ဖြစ်နေကြသည်။ နေ့ခင်းဘက်တွင် မြင်ကွင်းမှာ ရှင်းလင်းပြီး အကာအကွယ်နည်းသဖြင့် ၂ ဘက်တပ်များသည် ညတိုက်ပွဲများ ဖြစ်လေ့ရှိသည်။
ကျွန်တော်နှင့် မိတ်ဆွေဓာတ်ပုံသတင်းထောက်သည် စစ်ကောင်စီတပ်စွဲထားသည့် ပုဇွန်မြောင်းရွာအနီး ရွာတစ်ရွာသို့ ဒေသခံတော်လှန်ရေးရဲဘော်များဖိတ်သဖြင့် တစ်ရက်တွင် ထမင်းသွားစားကြသည်။ ည ၁၁ နာရီခန့်တွင် ရုတ်တရက် လက်နက်ကြီးကျရောက် ပေါက်ကွဲသံ ၂ ချက်ကြားပြီး မရှေးမနှောင်းပင် လက်နက်ငယ်ပစ်ခတ်သံများ တရပ်စပ်ကြားရသည်။ အတွေ့အကြုံမရှိသူများအတွက် ထိတ်လန့်စရာပင်။
စားပွဲထိပ်တွင်ထိုင်နေသည့် တော်လှန်ရေးတပ် ခေါင်းဆောင်အမျိုးသားကမူ “မလန့်ပါနဲ့ ဒါက ပုံမှန်ပါပဲ စစ်ကောင်စီတပ်တွေက ညဆိုရင် ဒီလိုပဲ တိုးလာတတ်တယ်။ အဲဒီအခါမှာ တိုက်ပွဲဖြစ်တတ်တယ်။ ကျွန်တော်တို့ကာထားပါတယ်။ စိတ်မပူပါနဲ့” ဟု ခပ်အေးအေး ဆိုသည်။
ထို့နောက် ၎င်းသည် ဆက်သွယ်ရေးစကားပြောစက်မှ တစ်ဆင့် ရှေ့တန်းရဲဘော်များကို ဆက်သွယ်ကာ လိုအပ်သည့် အမိန့်ညွှန်ကြားချက်များ ပေးနေသည်။ ၂ ဘက်စလုံးသည် နေ့ခင်းဘက် ရှေ့တိုးတိုက်ပါက သတ်ကွင်းကဲ့သို့ အကာအကွယ်မဲ့နေသော လယ်ကွက်များကို ဖြတ်ရသဖြင့် ညတိုက်ပွဲဖော်ဆောင်မှု များခြင်းဖြစ်ကြောင်း PDF ရဲဘော်များက ပြောသည်။
PDF များအနေနှင့် စစ်ကောင်စီရှေ့တိုးလာပါက ရွာသားများကို ပစ်ထားကာ ဆုတ်ခွာသွားမည်မဟုတ်ဟု ဒေသခံများကို ကတိပေးထားကြောင်း PDF ရဲဘော်များပြောပြချက်အရ သိရသည်။

စစ်မီးလျှံကြားက ကျေးလက်ဘဝ
စစ်တောင်းမြစ်အနောက်ဘက်ကမ်းသည် စစ်ကောင်စီတပ်နှင့် စစ်ဆိုင်ထားသော ရှေ့တန်းနယ်မြေလည်းဖြစ်သည်။ PDF များ ရှေ့တန်းခံစစ်ဆင်ထားသည့် နေရာများအထိသွား၍ Myanmar Now က လေ့လာခွင့်ရခဲ့သည်။
စစ်ကောင်စီတပ်သည် ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် ရထားလမ်းကိုကာ၍ မြို့နှင့် အနီးဆုံးရွာများတွင် ခံစစ်စည်းပြင်ထားကြောင် သိရသည်။ တစ်ချို့နေရာများတွင် စစ်ကောင်စီတပ်ရှိသည့်ရွာနှင့် PDF များ စိုးမိုးထားသည့်ရွာသည် ၁ မိုင်ခန့်သာဝေးသည်။ အိမ်တိုင်းတွင် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုဒဏ်ခံနိုင်ရန် ဗုံးခိုကျင်းများ တူးထားကြသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
စစ််တောင်းမြစ်ကမ်းဘေးက ကူးတို့ဆိပ်တစ်ခုအနီးတွင် ကွမ်းယာဆိုင်ဖွင့်ထားသည့် အသက် ၄၀ ကျော် အရွယ် ဦးလှ (အမည်လွှဲ) သည်လည်း ၎င်း၏ အိမ်အောက်ထပ်တွင် သဲအိတ်များကာထားသည့် ဗုံးခိုကျင်း တစ်ခုတည်ဆောက်ထားသည်။ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်လေ့ရှိသဖြင့် ယခုကဲ့သို့တည်ဆောက်ထားခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးလှသည် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပြီးနောက် ထိုင်းနိုင်ငံသို့ သွား၍ အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ ၎င်းအလုပ်လုပ်သည့် စက်ရုံ ဆက်လက်လည်ပတ်ရန် အဆင်မပြေတော့သဖြင့် စက်ရုံပိုင်ရှင်က အလုပ်သမားများကို အလုပ်နားသည့်အခါတွင် ဦးလှလည်း မြန်မာနိုင်ငံသို့ နယ်စပ်မှတစ်ဆင့် ကားဖြင့် ပြန်လာခဲ့ရသည်။
လက်ရှိတွင် ဦးလှသည် ၎င်း၏ ဇာတိရွာ၌ပင် ပြန်လည်အခြေချကာ ကွမ်းယာဆိုင်ဖွင့်၍ ဘဝရပ်တည်နေသူ ဖြစ်သည်။ သူ၏ ဆိုင်တွင် အချိုရည်၊ ကော်ဖီမစ်ထုပ်စသည်များ ရောင်းရန်တင်ထားပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ လိုအပ်သည့် လူ့သုံးကုန်ပစ္စည်းများကိုလည်း မြို့တွင်ဈေးဝယ်သူများနှင့် ချိတ်ဆက်၍ မှာပေးတတ်သည်။
ညောင်လေးပင်၊ ပိန်းဇလုပ်၊ ကျောက်တံခါးနှင့် ပဲနွယ်ကုန်းစသည့် မြို့များမှ စစ်ကောင်စီတပ်သည် PDF နှင့် KNU တပ်ဖွဲ့ဝင်များ ရှိသည့် စစ်တောင်းမြစ်တကြောက ရွာများကို လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်လေ့ရှိသည်ဆိုသည်မှာ အပြောသက်သက်မဟုတ်ဘဲ လက်တွေ့ကြုံခဲ့ရသည်။ Myanmar Now သတင်းထောက် သွားရောက်လေ့လာစဉ်အတွင်းတွင်ပင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံခဲ့ရသည်။
PDF ရဲဘော်များနှင့် Myanmar Now သတင်းထောက်သည် ဗုံးခိုကျင်းထဲ ဝင်နေခဲ့သဖြင့် ဘေးကင်းခဲ့သည်။ လက်နက်ကြီးပစ်ခတ်ပါက ကျည်ထွက်သံ ခပ်အုပ်အုပ်ကြားရပြီး စက္ကန့် ၅၀ ခန့်အကြာတွင် မြေပြင်ကို ကျရောက်ပေါက်ကွဲသည်။ လူရှိသည့်နေရာနှင့် နီးပါက လက်နက်ကြီးကျည်၏ ဒလက်သံ တရွှီရွှီကို ကြားရတတ်ပြီး ဝေးလျှင်မကြားရပေ။ လက်နက်ကြီးကျရောက်ပေါက်ကွဲပါက မိုးချိန်းသံကဲ့သို့ ဂျိန်းခနဲ အသံကျယ်ပြီး မြေကြီးများပါ တုန်ခါသွားတတ်သည်။ လက်နက်ကြီးပစ်ခတ်နေသည့် နာရီဝက်နီးပါးအချိန်အတွင်း ဗုံးခိုကျင်းထဲ၌သာ နေရသည်။ ထိုနေ့ပစ်ခတ်မှုအတွင်း လူထိခိုက်မှု မရှိပေ။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်ခိုက် သေကြေရမှုများလည်းရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်တွင် စစ်ကောင်စီတပ်ဘက်က ၁၂၀ မမ စိန်ပြောင်းဖြင့် တစ်နေ့တည်း ၈ လုံးပစ်ခတ်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ရွာများတွင် စစ်ပွဲကြောင့် တိမ်းရှောင်သွားကြသည့် အရပ်သားများရှိသလို ရွာတွင် ကျန်ရှိကာ PDF တပ်ဖွဲ့ဝင်များနှင့်အတူ နေထိုင်ကြသူများလည်းရှိသည်။ နေအိမ်များတွင် လူငယ်များကို မတွေ့ရဘဲ လူလတ်ပိုင်း ၊ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများသည်။ လူငယ်အများစုသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြောင်း ဒေသခံများက ဆိုသည်။
မြစ်ဝှမ်းဒေသဖြစ်သဖြင့် မိုးတွင်းကာလရောက်ပါက ရေဘေးနှင့်ရင်ဆိုင်ရကြောင်း သိရသည်။ သို့သော် ရေပြန်ကျပါက နုန်းတင်မြေနုများ ကျန်ခဲ့သောကြောင့် မြေဩဇာကောင်းသည်။ မိုးကာလတွင် စပါးစိုက်ပျိုးကြပြီး ဆောင်းနှင့်နွေတွင် မတ်ပဲ၊ ပဲတီစိမ်း စိုက်ပျိုးသည်။ PDF တပ်ရင်းတပ်ဖွဲ့များသည် တပ်ဖွဲ့ရိက္ခာအတွက် ပဲ၊ ခရမ်း၊ ချဉ်ပေါင်၊ ကန်စွန်း၊ ဘူး၊ ငရုတ်၊ ဖရုံ စသည့် အပင်များကို ယာခင်းများပြုလုပ်၍ စိုက်ပျိုးကြသည်။ မြစ်ကျိုးအင်းများ ပေါများပြီး စစ်တောင်းမြစ်မှလည်း ငါးဖမ်းကြသည်ဖြစ်ရာ ငါး၊ ငါးပိ အလွန်ပေါသည့် ဒေသဖြစ်သည်။
ထိုဒေသတွင် လျှပ်စစ်မီးအတွက် နေရောင်ခြည်စွမ်းအင် (Solar Energy) ထုတ်သည့် အပြားများနှင့် မီးစက်ကို အဓိက သုံးကြသည်။ လမ်းဘေးဝဲယာတွင် လျှပ်စစ်ဓာတ်အားပေးတိုင်များရှိသော်လည်း စစ်ကောင်စီဘက်က ဖြတ်တောက်ထားသဖြင့် လျှပ်စစ်မရပေ။
ကျန်းမာရေးအတွက်မူ PDF တပ်ရင်းအသီးသီးက ဆရာဝန်များက ဆေးခန်းဖွင့်၍ ကုသပေးနေသည်။ ခွဲစိတ်ကုသရမည့် ဝေဒနာသည်များအတွက် စစ်တောင်းမြစ်အနောက်ဘက်ကမ်းတွင် ဆေးရုံမရှိပေ။ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ဆေးရုံများသို့ ပို့၍ ကုရသည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်များသည် စာသင်ကျောင်းများတွင် ပညာမသင်နိုင်ဘဲ ဘေးလွတ်မည့်နေရာများတွင် ဖြန့်ခွဲ၍ စာသင်ကြရသည်။ လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်သည့် ဆရာ၊ ဆရာမများက ကလေးများကို အခမဲ့ပညာသင်ပေးနေကြပြီး ဆရာ၊ ဆရာမများကို ရပ်ရွာက ဝိုင်းဝန်းထောက်ပံ့သည်။ သင်ရိုးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က အတည်ပြုခဲ့သော အခြေခံပညာသင်ရိုးသစ်ကိုပင် အသုံးပြုသည်။
စစ်တောင်းမြစ်ဝှမ်းအနောက်ဘက်ကမ်းတွင် ကလေးများကို စာသင်ပေးနေသည့် အသက် ၂၈ နှစ်အရွယ် ဆရာကျောင်းဆိုသည့် လူငယ်နှင့်လည်း တွေ့ဆုံစကားပြောခွင့်ရခဲ့သည်။ ဆရာကျောင်းသည် အသားညိုညိုပိန်ပိန်ပါးပါးနှင့်ဖြစ်ပြီး မျက်မှန်တစ်လက်ကို တပ်ထားသည်။
ဧရာဝတီတိုင်းသားဖြစ်ပြီး စစ်တပ်အာဏာမသိမ်းမီက ပညာရေးဝန်ကြီးဌာန၏ မူလတန်းပြ ကျောင်းဆရာအဖြစ် တာဝန်ထမ်းခဲ့သည်။ စစ်တပ်က အာဏာသိမ်းလိုက်သောအခါ လူထုအာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ခဲ့သူဖြစ်သည်။ တော်ဝင်ဒေါင်းတပ်ရင်းတွင် တပ်စုမှူးအဖြစ် တာဝန်ယူကာ တိုက်ပွဲဝင်ခဲ့သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ဖြစ်ပွားသည့် ပဲနွယ်ကုန်းမြို့နယ် သဲကောရွာတိုက်ပွဲတွင် စစ်ကောင်စီ၏ ဒရုန်းမှ ကြဲသော ဗုံးသီးကျည်စများ ထိမှန်မှုကြောင့် ညာဘက်လက် ၊ ဦးခေါင်းနှင့် ရင်ဘက်တို့တွင် ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ ဒဏ်ရာရပြီးနောက်တွင် တပ်မှ အနားယူကာ ၎င်းအခြေချနေသည့် ရွာမှ ကလေးများကို ၎င်း၏ အမျိုးသမီးဖြစ်သူနှင့်အတူ တွဲ၍ စာသင်ပေးနေသူဖြစ်သည်။
၎င်းသည် KG တန်းမှ Grade 4 အထိ ကလေး ၃၀ ကျော်ကို ရွာထဲရှိနေအိမ်တစ်လုံးတွင် စု၍ အခမဲ့ စာသင်ပေးနေသည်။ စာသင်ကျောင်းများသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုခံရနိုင်သော ပစ်မှတ်များ ဖြစ်နိုင်သဖြင့် စာသင်ကျောင်းတွင် စာမသင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ဆရာကျောင်းတို့သည် ကလေးများကို ပညာသင်ပေးရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေးဝန်ကြီးဌာနနှင့် သော်လည်းကောင်း KNU ၏ KECD နှင့်သော်လည်းကောင်း မချိတ်ဆက်ထားနိုင်သေးပေ။
ထိုကြောင့် ဆရာကျောင်း၏ အိမ်စာသင်ဝိုင်းကလေးမှ Grade 4 ပြီးသည့် ကလေးများသည် Grade 4 ပြီးပါက အတန်းဆက်တက်ရန် အခက်အခဲရှိသည်။ ဆရာကျောင်းကလည်း “ကလေးတွေကို အတန်းတရားဝင်ရစေချင်တယ်။ ကလေးတွေကို ပညာတတ်တွေဖြစ်စေချင်တယ်။ အတန်းကတရားဝင်အသိအမှတ်ပြုမှုမရသေးတော့ ကလေးတွေ ပညာဆက်သင်ဖို့ အခက်အခဲဖြစ်နေတယ်” ဟုဆိုသည်။
ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းရွာမှ နေရပ်စွန့်ခွာထွက်ပြေးလာသော စစ်ရှောင်များနေသည့် စခန်းတစ်ခုကိုလည်း သွားရောက်လေ့လာကြည့်ရှုခွင့်ရသည်။ ပုဇွန်မြောင်းရွာသည် နာမည်ကျော် သတင်းစာဆရာနှင့် စာရေးဆရာ လူထုဦးလှ မွေးဖွားရာဇာတိရွာဖြစ်သည်။ ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ တပ်စွဲထားသဖြင့် ဒေသခံများသည် ရွာတွင်မနေနိုင်ဘဲ ဘေးလွတ်ရာထွက်ပြေးနေရသည်။
စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၂၆ စုရှိပြီး လူဦးရေ ၁၀၀ ကျော်နေထိုင်သည်။ ပုဇွန်မြောင်းရွာမှ ငွေကြေးမတတ်နိုင်သည့် လက်လုပ်လက်စား မိသားစုများစု၍ နေထိုင်သည့် စခန်းလည်းဖြစ်သည်။
စခန်းကို နံနက် ၇ နာရီကျော်တွင် ရောက်သွားခြင်းဖြစ်သည်။ စခန်းတွင် တောင်ထန်းရွက်မိုးထားပြီး ဝါးကတ်ကာထားသည့် ဟာလာဟင်းလင်းတဲများသာ အများစုတွေ့ရသည်။ စခန်းသည် စစ်တောင်းမြစ်မှ ပဲ့ထွက်လာသော မြစ်ကျိုးအင်းတစ်ခု၏ ဘေးတွင် တည်ထားခြင်းဖြစ်သည်။
မြစ်ကျိုးအင်းအစပ်တွင် အမျိုးသမီး၅ ယောက်သည် အမျိုးသားအချို့ဖမ်းလာသော ငါးအသေးလေးများကို ထောင်းနေသည်။ ငါးပိပြုလုပ်ရန်အတွက်ဖြစ်သည်။ အမျိုးသား၂ ဦးသည် ငါးများကို လှေဖြင့်လာပို့ပြီးနောက် အင်းထဲက ငါးဖမ်းနေသော နေရာသို့ပြန်သွားကြသည်။
ပိုမိုကြီးမားသော ငါးဘတ် ၊ ငါးခူ ၊ ငါးနွားကဲ့သို့သော ငါးများကိုမူ စစ်ရှောင်စခန်းထဲရှိ တဲကြီးတစ်လုံးရှေ့တွင် ခုတ်ထစ် သန့်စင်၍ လာဝယ်သူများကို ရောင်းသည်။ အဆိုပါ စစ်ရှောင်စခန်းမှ လူများသည် လက်လုပ်လက်စားများဖြစ်ကြသော်လည်း ၎င်းတို့ နေထိုင်ရာ ပုဇွန်မြောင်းရွာတွင် ကိုယ်ပိုင်ခြံဖြင့် နေနိုင်ကြသူများဖြစ်သည်။
စစ်ကောင်စီတပ်က ပုဇွန်မြောင်းရွာကို ဝင်စီးကာ ရွာကို ထိန်းချုပ်လိုက်သည့်နောက် ရွာထဲတွင် မနေရဲတော့ဘဲ ရှောင်တိမ်းလာကြသူများဖြစ်သည်။ စစ်ရှောင်စခန်းတွင် အမျိုးသမီး၊ ကလေးနှင့် သက်ကြီးရွယ်အိုများသာ ရှိနေပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ လေဒဏ်မိုးဒဏ်ခံနိုင်သည့် တဲအိမ်များလိုအပ်နေသည်။
စစ်ရှောင်အချို့နှင့် စကားပြောကြည့်သည့်အခါ ၎င်းတို့ ဇာတိရွာဖြစ်သည့် ပုဇွန်မြောင်းက ၎င်းတို့ပိုင် ခြံများတွင်သာ နေလိုကြကြောင်းဆိုသည်။ အသက် ၅၆ နှစ်အရွယ် ဒေါ်ရီသည် ပုဇွန်မြောင်းရွာမှ စစ်ရှောင်တစ်ဦးဖြစ်ပြီး အမျိုးသားဖြစ်သူအပါအဝင် ၎င်း၏ မြေးဖြစ်သူတို့နှင့် စစ်ရှောင်စခန်းတွင် နေထိုင်သည်။
အမျိုးသားဖြစ်သူက အင်းထဲတွင် ငါးဖမ်းသည့်အလုပ်ကို အင်းသူကြီးထံမှ နေ့စားခယူ၍ လုပ်ကိုင်သည်။ နေ့စားခ တစ်နေ့ ၁ သောင်းကျပ်ရသည်ဟု သိရသည်။ ဒေါ်ရီပြောပြသည့် ထူးခြားသည့် ဖြစ်ရပ်တစ်ခုက ၎င်း၏ အငယ်ဆုံးသားဖြစ်သူသည် စစ်တပ်အာဏာသိမ်းပြီးနောက်တွင် အမည်မသိအဖွဲ့တစ်ဖွဲ့၏ သေနတ်ဖြင့် ပစ်သတ်ခြင်းခံရသည်။
ဒေါ်ရီ၏ ချွေးမနှင့် ညီအကိုမောင်နှမများသည် စစ်ကောင်စီတပ်နှင့်နီးစပ်သူများဖြစ်ပြီး အမည်မသိအဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ်စဉ် လည်ပင်းကို သေနတ်ကျည်ထိမှန်သေဆုံးသွားခြင်း ဖြစ်သည်။ ဒေါ်ရီက သားဖြစ်သူသည် စစ်ကောင်စီတပ်နှင့် ပတ်သက်သူမဟုတ်သော်လည်း မှားယွင်းပစ်ခတ်ခံခဲ့ရကြောင်း ပြောသည်။
သားဖြစ်သူသေဆုံးသွားသည့် အတွက် ယူကြုံးမရဝမ်းနည်းရသည်ဟုလည်း Myanmar Now ကို ပြောပြသည်။ စစ်ပွဲအတွင်း မှားယွင်းအသတ်ခံရသူများလည်း ရှိနိုင်ကြောင်း ဒေါ်ရီ၏ သားအငယ်ဆုံး၏ ဖြစ်ရပ်က မီးမောင်းထိုးပြနေသည်။
ဒေါ်ရီအပါအဝင် စစ်ရှောင်စခန်းမှ လူများသည် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု ၊ ဒရုန်းဖြင့် အပြန်အလှန်တိုက်ခိုက်မှု တို့ကြားမှာပင် အသက်မသေရန်ကြိုးစား၍ ဘဝရှင်သန်ရေးအတွက် ရုန်းကန်နေရသည့် အခြေအနေရှိကြောင်း တွေ့ရသည်။

ဓာတ်ပုံ – Saw Reh
PDF စိုးမိုးနယ်မြေနှင့် ပထဝီအနေအထား
Myanmar Now သတင်းထောက် ရောက်ခဲ့သည့် PDF စိုးမိုးနယ်မြေသည် တောင်ဘက်တွင် ညောင်လေးပင် – မဒေါက် – ရွှေကျင် ကားလမ်းရှိသည်။ PDF စိုမိုးနယ်မြေတွင် ဆိုင်ကယ်နှင့် ထော်လာဂျီကိုသာ အဓိက အသုံးပြုသည်။ လမ်းများသည် လယ်ကွက်များကြားတွင် မြေဖို့ထားသည့် တာပေါင်လမ်းများဖြစ်သဖြင့် ကျဉ်းမြောင်းသည်။ မြို့များမှ ကုန်စည်များသည် လမ်းကြောင်းအသွယ်သွယ်မှတစ်ဆင့် PDF စိုးမိုးနယ်မြေသို့ ရောက်ရှိကြသည်။
စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ PDF စိုးမိုးနယ်မြေ၏ မြောက်ဘက်တွင် ပဲနွယ်ကုန်း-နတ်သံကွင်း – ကျောက်ကြီး ကားလမ်းရှိသည်။ အနောက်ဘက်တွင် ရန်ကုန်-မန္တလေး အမှတ် (၂) လမ်းမနှင့် ရထားလမ်းရှိသည်။ အရှေ့ဘက်တွင် စစ်တောင်းမြစ်ရှိသည်။ ကားလမ်းမ ၃ ခုကို စစ်ကောင်စီတပ်ကသာ ထိန်းချုပ်ထားသည်။
ပဲနွယ်ကုန်း – နတ်သံကွင်း – ကျောက်ကြီးကားလမ်းမ၏ မြောက်ဘက်ရှိ ကညွတ်ကွင်းနှင့် ဖြူးမြို့နယ်တို့တွင်လည်း PDF စိုးမိုးနယ်မြေရှိပြီး KNU တပ်မဟာ (၂) လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းလှုပ်ရှားကြောင်း PDF သတင်းရင်းမြစ်များထံမှသိရသည်။
စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတွင် ရွှေကျင် ၊ နတ်သံကွင်း၊ ကျောက်ကြီး ၊ ဇရပ်ကြီး ၊ ၊ ထန်းတပင်နှင့် မုန်းမြို့ တို့ ရှိသည်။ စစ်တောင်းမြစ်အနောက်ဘက်ကမ်းတွင် ညောင်လေးပင် ၊ ပိန်းဇလုပ်၊ ကျောက်တံခါး ၊ ပဲနွယ်ကုန်း ၊ ကညွတ်ကွင်း ၊ ဖြူး ၊ ဇေယျဝတီ ၊ ကျွဲပွဲ ၊ အုတ်တွင်း ၊ တောင်ငူ မြို့များသည် မြောက်မှတောင် သွယ်တန်းလျက်ရှိသည်။ ရန်ကုန်- မန္တလေး အမှတ် (၂) လမ်းနှင့် ရထားလမ်းသည် အဆိုပါမြို့များကို ဖြတ်သန်းသွားသည်။
စစ်တောင်းမြစ်အနောက်ဘက်ကမ်း မြို့များ၏ အနောက်ဘက်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမရှိပြီး လမ်း၏ အလွန် အနောက်ဘက်တွင် မြောက်မှတောင် သွယ်တန်းနေသည့် ပဲခူးရိုးမတောင်တန်းရှိသည်။
စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရွှေကျင်မြို့နယ်မှစတင်၍ မြောက်ဘက်ရှိ ထန်းတပင်၊ သံတောင်ကြီးမြို့နယ်အထိ ကျေးလက်ဒေသ တစ်ကြောလုံးကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နှင့် တပ်မဟာ (၂) က ထိန်းချုပ်ထားသည်။
KNU အုပ်ချုပ်သည့်နယ်
စစ်တောင်းမြစ်ဝှမ်းက စစ်ကောင်စီ၏ အုပ်ချုပ်ရေးအာဏာစက်မသက်ရောက်တော့သည့် နယ်မြေများထဲတွင် နှစ် ၇၀ ကျော်တော်လှန်ရေးအတွေ့အကြုံရှိသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားသော နယ်မြေသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ကျေးလက်ဒေသသည် KNU ၏ အုပ်ချုပ်ရေးအပြည့်အဝ ထူထောင်ထားသည့်နယ် ဆိုနိုင်သည်။ အဆိုပါနယ်မြေ၏ အကျယ်အဝန်းအတိအကျကို သိနိုင်ရန် မလွယ်ကူပေ။
ရွာအများစု၏ အဝင်ဝတွင် ကရင်အမျိုးသားအလံကို လွှင့်ထူထားပြီး အချို့ရွာများဆိုလျှင် အဝင်ဝ၌ KNU ဟုရေးထားသည့် ကွန်ကရစ်ဖြင့်လုပ်ထားသော ဆိုင်းဘုတ်များရှိသည်။ အဆိုပါဆိုင်းဘုတ်တွင် KNU ဆိုသည့် စကားလုံးမှလွဲ၍ ကျန်စကားလုံးများကို ကရင်ဘာသာစကားဖြင့်ရေးထားသည်။ KNU အုပ်ချုပ်ရေးထူထောင်ထားသော ရွာဟု မှန်းဆနားလည်ရသည်။
KNU တပ်မဟာ (၃) စစ်ရေးလှုပ်ရှားသည့် ရွှေကျင်တွင် စစ်ကောင်စီတပ်၏ စစ်ဗျူဟာအခြေချ (စဗခ) တစ်ခုရှိပြီး တပ်ရင်း (၃) ရင်းရှိသည်။ ရွှေကျင်၏ အနောက်ဘက်ရှိ မဒေါက်မြို့ကိုလည်း စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည်။ ကျောက်ကြီးတွင် စစ်ကောင်စီ၏ စစ်ဗျူဟာအခြေချ (စဗခ) တစ်ခုနှင့် တပ်ရင်း ၂ ရင်းရှိသည်။ နတ်သံကွင်းမြို့ကိုမူ စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည်။
မြို့များနှင့် မြို့ချင်းဆက်သွယ်ထားသည့် ကားလမ်းကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး PDF စိုးမိုးနယ်နှင့် KNU တပ်မဟာ (၃) ထိန်းချုပ်သည့်နယ်ကို မြန်မာအက္ခရာ ‘ပ’ စောက်သဏ္ဍာန် ဝိုင်းပတ်ထားသည်ဟု ဆိုနိုင်သည်။ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတွင် အရက် ၊ ဘီယာ၊ ဆေးခြောက်နှင့် မူးယစ်ဆေးသယ်ယူရောင်းချခွင့်ကို ကန့်သတ်ထားပြီး တွေ့ရှိပါက ပြင်းထန်စွာအရေးယူမည်ဟု KNU ဘက်က လူများအမြင်သာသည့်နေရာအချို့တွင် ရေး၍ သတိပေးထားသည်။
စစ်တောင်းမြစ်အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းကို ကူးရန် တံတားမရှိပေ။ စက်လှေအကြီး ၂ စီး (သို့မဟုတ်) ၃ စီးကို ဘေးချင်းယှဉ်တွဲစပ်ထားပြီး စက်လှေများပေါ်တွင် သစ်သားဖောင်တင်ထားသည့် ကူးတို့များကိုသုံး၍ ကူးရသည်။ ကူးတို့ခမှာ ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၂၀၀၀ ဖြစ်ပြီး KNU ဘက်က ကောက်ခံနေသည်။ စစ်တောင်းမြစ်တကြောတွင် ထိုသို့ ကူးပေးသည့် ကူးတို့ပေါင်း ဆယ်နှင့်ချီရှိကြောင်း ဒေသခံများထံမှသိရသည်။
စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ကလေးများ၏ပညာရေးကို Karen Education and Culture Department (KECD) က တာဝန်ယူအကောင်အထည်ဖော်နေကြောင်း သိရသည်။
ကလေးများသည် ကျောင်းတက်သည့်အခါ အဖြူရောင်အင်္ကျီနှင့် အပြာရောင် ဘောင်းဘီ၊ ဂါဝန်စသည်တို့ ဝတ်ဆင်ကြောင်းတွေ့ရသည်။စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတွင် KNU က ဖွင့်သည့် တိုက်နယ်ဆေးရုံအချို့ရှိသော်လည်း လေ့လာခွင့်မရခဲ့ပေ။ စစ်တောင်းမြစ်အရှေ့ဘက်တွင် ကရင်လူမျိုးများနေသည့်ရွာများပြီး ဗမာလူမျိုးများနေသည့် ရွာလည်းရှိသည်။ ခရစ်ယာန်ဘာသာ ကိုးကွယ်သူနှင့် ဗုဒ္ဓဘာသာကိုးကွယ်သူများသည်။ ဗြဟ္မစိုရ်ဘာသာ ကိုးကွယ်သူများ လည်းရှိသည်။
ကရင်အမျိုးသားကြီး ဖူးဘူးပွယ်မူး (ခ) ဘိုးပိုက်ဆံနှင့် ၎င်း၏ အဆုံးအမကို ယုံကြည်ကိုးကွယ်သူများကို ဗြဟ္မစိုရ်ဘာသာဝင်များဟု ခေါ်သည်။ ဗြဟ္မစိုရ်ဘာသာ၏ သင်္ကေတမှာ နေနှင့်တောင် တံဆိပ်ဖြစ်ပြီး ရွှေကျမ်းတော်မှာ ဗြဟ္မစိုရ်ဘာသာဝင်များအတွက် အဆုံးအမကျမ်းစာဖြစ်သည်။ ကိုးကွယ်သည့်ဘာသာ စုံလင်ပြီး လူမျိုးစု နှစ်စုအများဆုံး နေထိုင်သည့် KNU ထိန်းချုပ်နယ်မြေအဖြစ် မြင်တွေ့ခဲ့ရသည်။
KNU သည် ယခင်က စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကိုသာ လွှမ်းမိုးနိုင်ခဲ့ရာမှ လက်ရှိကာလတွင် စစ်တောင်းမြစ်အနောက်ဘက်ကမ်းအထိ လွှမ်းမိုးလာနိုင်ပြီဟု KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့ မဒေါက် ၊ ညောင်လေးပင် ၊ ကျောက်တံခါး ၊ ပဲနွယ်ကုန်း ၊ ဖြူး ၊ နတ်သံကွင်း။ ကျွန်တော်ကိုယ်တိုင် ရန်ကုန်-မန္တလေး ကားလမ်း ၊ ရထားလမ်းဘေးနားအထိ ကျွန်တော်တို့တပ်တွေ အဲဒီနေရာတစ်လျှောက်မှာ တပ်ချထားနိုင်ပြီ။ စစ်တောင်းမြစ်ဝှမ်း တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အနေအထားတစ်ခု။ အဲဒီဒေသမှာ စစ်ကောင်စီအုပ်ချုပ်ရေး ပျက်နေပြီဆိုတာ ကျွန်တော်တို့ ပြောလို့ရတယ်” ဟု ဆိုသည်။
PDF တပ်များဘက်ကမူ KNU ၏ ပြောဆိုချက်နှင့်ပတ်သက်၍ ထောက်ခံသည်ဟုလည်း မပြောသလို ကန့်ကွက်ကြောင်းလည်း ထုတ်မပြောပေ။
စစ်ရေးအခြေအနေနှင့် အနာဂတ် အလားအလာ
တော်လှန်ရေးတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များက ၄၈ မြို့နယ်ကို သိမ်းပိုက်ထားပြီး ၉၆ မြို့နယ်ကို ထိန်းချုပ်ထားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်တွင် ထုတ်ပြန်သည်။ ။ သိမ်းထားသည့် မြို့များနှင့် ထိန်းချုပ်ထားသည့် မြို့နယ်အရေအတွက် ၂ ခုကိုပေါင်းကာ ၁၄၄ မြို့ ၊ တစ်နိုင်ငံလုံး၏ ၄၄ ရာခိုင်နှုန်း သိမ်းထားနိုင်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနကဆိုသည်။
တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည်ဟု NUG ၏ ထည့်သွင်းတွက်ချက်မှုတွင် စစ်တောင်းမြစ်အနောက်ဘက်ကမ်း နယ်မြေလည်း ပါဝင်သည်။ စစ်တောင်းမြစ်အနောက်ဘက်ကမ်း ဒေသများဖြစ်သည့် ပဲနွယ်ကုန်း -နတ်သံကွင်း – ကျောက်ကြီး ကားလမ်းတောင်ဘက်တို့တွင် PDF တို့ စိုးမိုးထားပြီး Myanmar Now က သွားရောက်လေ့လာခဲ့စဉ်အတွင်း ကြီးမားသည့် တိုက်ပွဲမရှိဘဲ တိုက်ပွဲငယ်အချို့သာဖြစ်ပွားသည်ကို တွေ့ရသည်။
ရွှေကျင်မြို့နယ်နှင့် ညောင်လေးပင်မြို့နယ်ဝန်းကျင်တွင် လှုပ်ရှားသည့် အမှတ် (၂) စစ်ဒေသခွဲ လက်အောက်ခံ၊ အမှတ် (၃၇၀၃) တပ်ရင်း သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၃ နာရီတွင် ညောင်လေးပင် – မဒေါက်ကားလမ်းရှိ စစ်ကောင်စီ၏ ကာကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲမှာ ၁ နာရီခန့်ကြာမြင့်ပြီး နံနက် ၄ နာရီတွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ MA-1 အမျိုးအစား သေနတ် ၃ လက်၊ G – 3 အမျိုးအစား သေနတ် ၂ လက်၊ မိုင်းအချို့နှင့် ကျည်ဆန်အချို့သိမ်းမိကြောင်း ၃၇၀၃ တပ်ရင်း သတင်းများဖော်ပြနေသည့် Fire Dragon PDF Facebook စာမျက်နှာက ရေးသားသည်။ စစ်ကောင်စီဘက်ကလည်း နောက်တစ်ရက်တွင် ၃၇၀၃ တပ်ရင်းရှိရာနေရာဘက်သို့ ပွိုင့်ဖိုက် စက်သေနတ်ကြီး ၂ လက်တင်သည့်ကားအပါအဝင် အင်အားရာဂဏာန်းဖြင့် စစ်ကြောင်းပြန်ထိုးခဲ့ရာ PDF ဘက်က နောက်ကိုဆုတ်၍ ခံစစ်ပြင်လိုက်ရသည်။
ထို့ပြင် စစ်ကောင်စီတပ်သည် ညောင်လေးပင်မြို့နယ် ရေဖြူကန်ရွာဘက်သို့ ဒီဇင်ဘာလအတွင်းမှာပင် စစ်ကြောင်းထိုးလာသည်။ PDF ဘက်က နောက်သို့အနည်းငယ်ဆုတ်၍ ခံစစ်ပြင်ကာ စစ်ဆိုင်ထားသည်။ PDF များဘက်ကလည်း စစ်ကောင်စီတပ်အခြေစိုက်ထားသည့် စခန်းအချို့ကို Drone ဖြင့် ဗုံးသီးများ ကြဲချ၍ တိုက်ခိုက်မှုလည်းရှိသည်။
စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ပဲနွယ်ကုန်း -နတ်သံကွင်း – ကျောက်ကြီးကားလမ်းတောင်ဘက် PDF စိုးမိုးနယ်သို့ စစ်ကောင်စီဘက်က အင်အားထောင်ဂဏာန်းသုံးကာ စစ်ထိုးလာခြင်းမရှိသေးသလို PDF ဘက်ကလည်း အင်အားအမြောက်အမြားသုံး၍ ရန်ကုန်-မန္တလေး အမှတ် (၂) လမ်းဘက် စစ်ထိုးသည်ကို မတွေ့ရသေးပေ။
စစ်ကောင်စီတပ်နှင့် KNU၊ PDF ပူးပေါင်းတပ် နှစ်ဘက်စလုံးသည် ထိုးစစ်မစကြသေးသဖြင့် ပြင်းထန်သည့် တိုက်ပွဲများမဖြစ်သေးဘဲ ယာယီငြိမ်သက်နေသည့် သဘောအဖြစ် ရှုမြင်ရသည်။