အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပဲခူးအနောက်ခြမ်း ၄ မြို့ စစ်ဆင်ရေးတွင် ပျူစခန်း မီးရှို့ဖျက်ဆီး၊ နေရာအချို့ပြန်ဆုတ်ရ

ယမန်နေ့နံနက်အစောတွင် ရန်ကုန်-ပြည်လမ်းမကြီးပေါ်ရှိ မင်းလှ၊ ဇီးကုန်း၊ လက်ပံတန်း၊ နတ်တလင်း မြို့အနီးရှိ စစ်တပ်နှင့်ပျူစောထီးစခန်းများကို တပြိုင်နက် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။

ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းနှင့် သာယာဝတီခရိုင်တို့ရှိ မြို့လေးမြို့အနီး စစ်တပ်အခြေစိုက်စခန်းများကို ယမန်နေ့ အရုဏ်တက်ချိန်က တပြိုင်နက် တိုက်ခိုက်စီးနင်းခဲ့ရာ ဇီးကုန်းမြို့နယ် ပျူစောထီးစခန်း သိမ်းပိုက်၍ မီးရှို့ဖျက်ဆီးခဲ့ပြီး အချို့နေရာများတွင် ပြန်ဆုတ်ခွာခဲ့ရကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ တပ်ဖွဲ့များက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီလ ၇ ရက်) နံနက် ၄ နာရီကျော်အချိန်က သာယာဝတီခရိုင် မင်းလှမြို့နယ်၊ ရန်ကုန်- ပြည် လမ်းမဘေးတွင်ရှိသည့် တာကလေးရွာတွင် တပ်စွဲထားသည့် စစ်စခန်း၊ ဇီးကုန်းမြို့နယ်ရှိ ပျူစောထီးစခန်း၊ လက်ပံတန်းမြို့နယ်ရှိ စစ်တပ်အခြေစိုက်စခန်းများ၊ နတ်တလင်းခရိုင်မှ နတ်တလင်းမြို့နယ်၊ တောင်ညိုရဲစခန်းကို တပြိုင်နက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ် ပျူစောထီးစခန်း သိမ်းနိုင်ခဲ့ပြီး စစ်တပ်က လေယာဉ်၊ အင်ဂျင်တပ်လေထီး (ပါရာမိုတာ) များဖြင့် တိုက်ခိုက်သောကြောင့် အခြားမြို့နယ်များတွင် တော်လှန်ရေးတပ်ဖွဲ့များ ပြန်ဆုတ်ခဲ့ရကြောင်း PDF တပ်ဖွဲ့များက ဆိုသည်။

စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများရှိသလို တော်လှန်ရေးဘက်တွင်လည်း ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူ ရှိကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်အရှေ့ဘက်  ၁၄ မိုင်ခန့်အကွာ မီးကောက်ပင်ကျေးရွာတွင် အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသည့် ပျူစောထီးစခန်းကို နံနက် ၅ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တစ်နာရီခန့် အကြာ ပျူစောထီးလေးဦး သေဆုံးပြီး စစ်အသုံးအဆောင်များ သိမ်းဆည်းမိကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) သာယာဝတီခရိုင်၊ အမှတ် (၃၈၀၁) တပ်ရင်း ၊ တပ်ခွဲ (၁) – ( YOMA GBK PDF) တပ်ခွဲမှူး ကိုကရင်လေးက ပြောသည်။

“နံနက် ငါးနာရီမှာ ဒရုန်းနဲ့ကြဲတယ်၊ လက်နက်ကြီးနဲ့ပစ်ခတ်ပြီးမှ (ပျူစောထီးစခန်းကို) ရှင်းလင်းတာ။ ရှင်းလင်းတော့ ပြန်လည်တိုက်ပွဲမှာ တစ်နာရီလောက်ကြာတယ်။ ရွာထဲဝင် စခန်းကိုရှင်းလင်းချိန်မှာ သေဆုံးသူ လေးဦးလည်း ရှိတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ ထွက်ပြေးသွားတယ်” ဟု ဆိုသည်။

မီးကောက်ပင်ရွာ ပျူစောထီးစခန်းကို မီးရှို့ဖျက်ဆီးပြီးနောက် လက်ရှိတွင် အဆိုပါကျေးရွာအနီးဝန်းကျင်တွင်  တော်လှန်ရေးတပ်ဖွဲ့ဝင်များ နောက်မဆုတ်သေးဘဲ စစ်တပ်က အင်အားဖြည့်၍ စစ်ကြောင်းထိုးလာနေသည်။ စစ်ကြောင်းရှေ့ဆက်တိုးလာပါက တိုက်ပွဲပြင်းထန်လာနိုင်ဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။

အဆိုပါပျူစောထီးစခန်းကို သာယာဝတီခရိုင်၊ အမှတ် (၃၈၀၁) တပ်ရင်း ၊ တပ်ခွဲ(၁) (YOMA GBK PDF) မှ ဦးဆောင်၍  တပ်ခွဲ(၅) သာယာဝတီခရိုင် တပ်ရင်း(၂) တပ်ခွဲ-၁ ၊ သာယာဝတီခရိုင် တပ်ရင်း(၂) BTZM GBK တပ်ဖွဲ့ ၊ ဇီးကုန်းမြို့နယ် ပကဖနှင့် သာယာဝတီခရိုင် ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ပြည်သူများအပေါ် အတင်းအဓမ္မ မဲထည့်ခိုင်းခြင်း၊ စစ်မှုထမ်းအတွက် ငွေကြေးကောက်ခံခြင်း၊ ပြည်သူများအပေါ် ဖိနှိပ်ချုပ်ချယ်ခြင်းများကြောင့် ဇီးကုန်းမြို့နယ်ရှိ ပျူစောထီးစခန်းကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သာယာဝတီခရိုင်၊ အမှတ်(၃၈၀၁) တပ်ရင်း၊ တပ်ခွဲ(၁) ဖြစ်သော YOMA GBK PDF က ယနေ့ ထုတ်ပြန်ထားသည်။

ထိုသို့စစ်တပ်အခြေစိုက်စခန်းများကို တပြိုင်နက် တိုက်ခိုက်ပြီးနောက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများရှိခဲ့ပြီး တိုက်ခိုက်ခံရသည့် နေရာနှင့် ထိခိုက်မှုအခြေအနေကို မသိရှိရသေးကြောင်း အထက်ပါ တပ်ရင်းမှ တပ်ခွဲမှူး ကိုကရင်လေးက ဆိုသည်။

“ဇီးကုန်းမှာတော့ ရန်သူ့လက်နက်ခဲယမ်းမရခဲ့ဘူးဆိုပေမယ့်  ရန်သူ့စခန်းကို သိမ်းနိုင်ခဲ့တယ်။ မီးရှို့ ဖျက်ဆီးနိုင်ခဲ့တယ်။ တခြားနေရာမှာတော့ စစ်သားအသေအပျောက်များတယ်။ စခန်းတော့ မသိမ်းနိုင်ခဲ့ဘူး၊ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ကြားတယ်” 

မင်းလှမြို့နယ်၊ စစ်ကွင်းမြို့အရှေ့မြောက်ဘက် သုံးမိုင်ကျော်အကွာ၊ ရန်ကုန်-ပြည်လမ်းမ အနောက်ဘက် ကပ်လျှက် တာကလေးကျေးရွာအနီးရှိ စစ်တပ်ဂိတ်စခန်းကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် တိုက်ပွဲ ပြင်းထန်ပြီး တော်လှန်ရေးဘက်တွင်လည်း ဒဏ်ရာရသူများရှိကြောင်း တိုက်ပွဲအခြေအနေသိရှိသည့် PDF တပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးကလည်း ပြောသည်။

“စစ်ကွင်း တာကလေးလို့ ခေါ်တာပေါ့၊ ရန်ကုန်-ပြည်လမ်းနားက စစ်ကောင်စီဂိတ်စခန်းပေါ့။ တိုက်ပွဲ အခြေအနေက ပြင်းပြင်းထန်ထန် အပြန်အလှန်တိုက်ပွဲတွေ ဖြစ်ကြတယ်၊ ရန်သူဘက်က သေတာ များတယ်ပေါ့လေ၊ ကျွန်တော်တို့ ရဲဘော်တွေတော့ မစိုးရိမ်ရဘူးပေါ့၊ ဒဏ်ရာရတယ်ပေါ့”ဟု ၎င်းက ဆိုသည်။

တိုက်ပွဲ လေးနာရီခန့်ကြာမြင့်ပြီးနောက် စစ်တပ်က လေကြောင်းပစ်ကူဖြင့် တုံ့ပြန်သောကြောင့် ထိုနေရာမှ ပြန်ဆုတ်ခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။ 

“သုံးနာရီ၊ လေးနာရီကြာ တိုက်ပွဲဖြစ်ပြီးတော့ သူတို့စခန်းကို သွားတိုက်တဲ့ရဲဘော်တွေကတော့ လတ်တလော ပြန်ဆုတ်ထားပါတယ်” ဟု ဆိုသည်။ 

ယမန်နေ့ တော်လှန်ရေးဘက်က စစ်ဆင်ရေးလုပ်ခဲ့သည့် ပဲခူးတိုင်းအနောက်ခြမ်းပြမြေပုံ။

လေကြောင်း တိုက်ခိုက်မှုကြောင့် ယမန်နေ့က တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့သည်ဟု သိရသော်လည်း အသေးစိတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးသလို သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် NUG ပဲခူးတိုင်းစစ်ဌာနက ယနေ့နေ့လယ်အထိ ထုတ်ပြန်ခြင်းမရှိသေးပေ။

ယနေ့တွင် တိုက်ပွဲများ ငြိမ်သက်နေကြောင်း၊ ယမန်နေ့တိုက်ပွဲအရှိန်ကြောင့် နတ်တလင်း၊ ဇီးကုန်းနှင့် ရန်ကုန်-ပြည်လမ်း ကားလမ်းပေါ်ရှိ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း  ပြည်ခရိုင်ရှိ ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

တော်လှန်ရေးအဖွဲ့များ ခြေကုပ်ယူလှုပ်ရှားရာ ပဲခူးရိုးမအနီး စစ်ကော်မရှင်တပ်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ လဆန်းမှ စတင်ကာ သာယာဝတီနှင့် နတ်တလင်း ခရိုင်နှစ်ခုတွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးရန် ပြင်ဆင်နေပြီး  နတ်တလင်းခရိုင်တွင် တိုက်ပွဲပြင်းထန်လာသဖြင့် ဒေသခံ သောင်းဂဏန်းသည် ယခင်လ အစကတည်းက ထွက်ပြေးနေရသည်။

ထိုစဉ်ကတည်းက စစ်ကော်မရှင်တပ်သည် နတ်တလင်းမြို့နယ်ကို ဗဟိုပြု၍ တော်လှန်ရေးတပ်များ ခြေကုပ်ယူ ထားသည့် ပဲခူးရိုးမပေါ် ဦးတည်စစ်ကြောင်းထိုးနေပြီး တောင်ဘက် သာယာဝတီခရိုင်  ဇီးကုန်း၊ အုတ်ဖို၊ မင်းလှ စသော သုံးမြို့နယ်နှင့် မြောက်ဘက်ရှိ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားရန် ကြိုးစားခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်းအခြေစိုက် ဒေသတော်လှန်ရေးအဖွဲ့များကလည်း ယင်းမတိုင်ခင်ကတည်းက မဲစာရင်းများကို မီးရှို့ဖျက်ဆီးခြင်း၊ ရွေးကောက်ပွဲတွင် ပါဝင်သည့် ဆရာမများကို သတိပေးခြင်း၊ စစ်ကော်မရှင် ဂိတ်စခန်းများ၊ စစ်ကြောင်းများတိုက်ခိုက်ခြင်းတို့ ခပ်စိပ်စိပ် လှုပ်ရှားနေကြသည်။

ပဲခူးအနောက်ခြမ်းတွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို ဟန့်တားလိုခြင်းနှင့် မဲရုံများကို ပျူစောထီးရွာများနှင့် စစ်တပ်အခြေစိုက် စခန်းများရှိသည့် နေရာများတွင် တည်ဆောက်မည်ဖြစ်၍ ယင်းနေရာများကို တပြိုင်နက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ(၁) ( YOMA GBK PDF) မှ တပ်ခွဲမှူး ကိုကရင်လေးက ပြောသည်။

ထို့ကြောင့် ပဲခူးအနောက်ခြမ်းမှ စစ်တပ်ဦးစီးကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူများအနေဖြင့်  မဲမထည့်ရန်နှင့် လုပ်ငန်းစဉ်များတွင် မပါဝင်ရန် တပ်ခွဲမှူး ကိုကရင်လေးက သတိပေးပြောဆိုသည်။

ပဲခူးရိုးမအရှေ့ဘက်တွင် တောင်ငူ၊ ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်တို့ရှိပြီး အနောက်ဘက်ခြမ်းတွင် မကွေး၊ သရက်၊ပြည်၊ သာယာဝတီခရိုင်တို့ရှိသည်။ မြောက်ဘက်တွင် စစ်ကော်မရှင်၏ အုပ်ချုပ်ရေး ဗဟိုချက်ဖြစ်သည့် နေပြည်တော်ရှိသည်။

Related Articles

Back to top button