တော်လှန်ရေးအဖွဲ့များ ခြေကုပ်ယူလှုပ်ရှားရာ ပဲခူးရိုးမအနီး စစ်ကော်မရှင်တပ်က ယခုလဆန်းမှ စတင်ကာ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးရန် ပြင်ဆင်နေပြီး ထိုအထဲမှ ပဲခူးတိုင်း သာယာဝတီခရိုင်တွင် စစ်ကြောင်းများရောက်နေကာ နတ်တလင်းခရိုင်တွင် စစ်ရေးပြင်းထန်နေသဖြင့် ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရသည်။
ပဲခူးရိုးမ အနောက်ဘက်တောင်ခြေတကြော တဆက်စပ်တည်းရှိသော နတ်တလင်းခရိုင် နတ်တလင်းမြို့နယ် ၊ တောင်ဘက် ကပ်လျက် သာယာဝတီခရိုင် ဇီးကုန်း၊ အုတ်ဖို၊ မင်းလှမြို့နယ်တို့တွင် ယခုလဆန်းမှစပြီး စစ်တပ်က မြို့အဝင်လမ်းများ ပိတ်ဆို့လိုက်သည်။
ထို့နောက် နတ်တလင်းမြို့နယ်ကို ဗဟိုပြု၍ တော်လှန်ရေးတပ်များ ခြေကုပ်ယူထားသည့် ပဲခူးရိုးမပေါ်ဦးတည် စစ်ကြောင်းထိုးနေပြီး တောင်ဘက် သာယာဝတီခရိုင် သုံးမြို့နယ်နှင့် မြောက်ဘက်ရှိ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားရန် ကြိုးစားနေကြောင်း ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ များထံက သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့က နတ်တလင်းမြို့အရှေ့ဘက် ရှစ်မိုင်အကွာ အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိသော ဒမငယ်ကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်အရာရှိတစ်ဦးအပါအဝင် ၁၁ ဦး သေဆုံးခဲ့သလို တော်လှန်ရေးတပ်ဖွဲ့များဘက်မှ တစ်ဦး ဒဏ်ရာရရှိကာ တစ်ဦးသေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ အမှတ် (၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားသည်။
ထိုတိုက်ပွဲအတွင်း လက်နက်ငယ်လေးလက်နှင့်အတူ ခဲယမ်းများ၊ စကားပြောစက်နှင့် အခြားစစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။
ထိုတိုက်ခိုက်မှုကို NUG လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များဖြစ်သော အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)၊ အမှတ်(၃၈၀၁) တပ်ရင်းမှ တပ်ခွဲ(၂)၊ (၃)၊(၄)၊(၆)၊(၇)၊ ဒရုန်းတပ်ဖွဲ့၊ အမှတ်(၃၈၀၂) တပ်ရင်း တပ်ခွဲ(၁)၊ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ ဇီးကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် Spring Bees UAV Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။


ပုံစာ-ဒမငယ်ရွာတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းနှင့်အသုံးအဆောင်အချို့။ (ဓာတ်ပုံ- အမှတ် (၂) စစ်ဆင်ရေးနယ်မြေ)
ထိုနေ့ညမှာပင် စစ်တပ်က ဒမငယ်ရွာနှင့် အုန်းနှဲကန်ရွာကို လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သလို ဒမငယ်ရွာကို မီးရှို့ခဲ့သောကြောင့် ရွာလုံးကျွတ် ပျက်စီးနေပြီဖြစ်ကြောင်း နတ်တလင်းမြို့နယ်မှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“အခု (ဒမငယ်) ရွာမှာလည်း ရွာသားတွေ မရှိတော့ပါဘူး။ စစ်ရှောင်တွေ များနေပြီ” ဟု ဆိုသည်။
တောင်ယာလုပ်ငန်းနှင့် စိုက်ပျိုးရေးကို လုပ်ကိုင်၍ အဓိက အသက်မွေးသော ဒမငယ်ရွာအပြင် အနီးမှ ရှားစေးဖို၊ ကံစု ကျေးရွာများကို အင်ဂျင်တပ် လေထီး၊ လေယာဉ်တို့ဖြင့် ဒီဇင်ဘာလ ၁၂ ရက်နေ့နှင့် ၁၃ ရက်တို့တွင် ဗုံးကြဲခဲ့သောကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည။
ထိုတိုက်ခိုက်မှုကြောင့် အထက်ပါ သုံးရွာနှင့် အနီးဝန်းကျင်မှ အုန်းနှဲကန်၊ ဖလံပင်၊ တာဂွ၊ ငုတ်တို၊ သရက်ပင်ကန်ရွာ စသော ရှစ်ရွာထက်မနည်း ကျေးရွာများမှဒေသခံများပါ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
“ပဲခူးရိုးအနီးက ကျေးရွာတွေကတော့ လက်နက်ကြီးနဲ့လေကြောင်းဗုံးကြဲတာ ကြောက်လို့စစ်ရှောင်နေတာ အတော်တော့များနေပြီ” ဟု အထက်ပါ ဒေသခံအမျိုးသမီးက ဆိုသည်။
ရိုးမနှင့် အစပ်၊ တောင်ကုန်းများအပါအဝင် နေရာလွတ်များတွင် တိမ်းရှောင်နေထိုင်၍ စစ်ဘေးရှောင်နေကြရပြီး ငွေကြေးတတ်နိုင်သူများက နတ်တလင်းမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးနီးစပ်များထံ တိမ်းရှောင်ကြကြောင်း သိရသည်။
ဆောင်းရာသီဖြစ်နေ၍ စစ်ရှောင်များအတွက် စောင်နှင့်ဆေးဝါးများ လိုအပ်နေပြီး လက်ရှိအချိန်အထိ နေရပ် မပြန်နိုင်သေးဘဲ စစ်ပွဲအခြေနေကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း ၎င်းကပြောသည်။
ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်နေ့) အထိ သရက်ပင်ကန်အပါအဝင် ကျေးရွာအချို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများရှိခဲ့သော်လည်း ယနေ့တွင် လက်နက်ကြီးအပါအဝင် လေကြောင်းတိုက်ခိုက်မှုများ ငြိမ်သက် နေကြောင်း စစ်ဘေးရှောင်များကို ကူညီနေသည့် အမျိုးသမီးတစ်ဦးကလည်း ဆိုသည်။
လက်ရှိတွင် စစ်တပ်အနေဖြင့် နတ်တလင်းမြို့နယ် ငုတ်တိုနှင့် ဒမငယ်ရွာတို့တွင် အထိုင်စခန်းများချထားပြီး တိုက်ပွဲများ ငြိမ်သက်နေကြောင်း ဒေသခံများက ဆိုကြသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် အသစ်ပြင်ဆင်လိုက်သော ဖွဲ့စည်းအုပ်ချုပ်ပုံအရ သာယာဝတီခရိုင် နတ်တလင်းမြို့နယ်သည် နတ်တလင်းခရိုင်ဖြစ်သွားပြီး ပြည်ခရိုင်တွင်ပါဝင်သော ပေါင်းတည်မြို့နယ်သည် နတ်တလင်းခရိုင်ထဲ ပါဝင်သွားသည်။
စစ်ရေးတင်းမာနေသော ပဲခူးအနောက်ခြမ်း
သာယာဝတီခရိုင်၏မြောက်ဘက် ပဲခူးရိုးမနှင့်ထိစပ်နေသည့် ပေါင်းတည်မြို့၊ ပေါင်းခေါင်းမြို့နယ်တွင်လည်း စစ်တပ်မှ ရိုးမပေါ်သို့ စစ်ကြောင်းထိုးရန် အင်အားစုဆောင်းနေကြောင်း ပြည်ခရိုင် အမှတ် (၃၆၀၂) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ရိုးမပေါ်ကို စစ်ကြောင်းထိုးဖို့ထက် ရွေးကောက်ပွဲကာလမှ တော်လှန်ရေးတပ်ဖွဲ့တွေ မဝင်နိုင်အောင် ကာထား မယ်ဆိုတဲ့ သတင်းတွေတော့ ရထားတယ်”၎င်းက ပြောသည်။
သာယာဝတီခရိုင်အတွင်းမှ ဇီးကုန်း၊ အုတ်ဖို၊ မင်းလှမြို့နယ်များတွင်လည်း ပဲခူးရိုးမတောင်ခြေ၌ စစ်တပ်က အင်အားအလုံးအရင်းဖြင့် ရောက်နေပြီး ရိုးမပေါ် စစ်ကြောင်းထိုးလာပါက တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း ဒေသအခြေစိုက် PDF တပ်ဖွဲ့များက ဆိုသည်။
လက်ရှိအချိန်တွင် ပဲခူးရိုးမပေါ် စစ်ကြောင်းများ ရောက်လာခြင်းမရှိသေးကြောင်း သာယာဝတီခရိုင်အတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့်လများက သာယာဝတီခရိုင်အတွင်း မဲစာရင်းများကို မီးရှို့ဖျက်ဆီးခံရခြင်း၊ ရွေးကောက်ပွဲတွင် ပါဝင်သည့် ဆရာမများကို သတိပေးခံရခြင်း၊ စစ်ကော်မရှင် ဂိတ်စခန်းလေးခုထက်မနည်း တိုက်ခိုက်ခံရခြင်းတို့ ဖြစ်ပွားခဲ့သည်။
ထိုကဲ့သို့ ပဲခူးအနောက်ခြမ်း၊ သာယာဝတီခရိုင်တွင် တော်လှန်ရေးအဖွဲ့များ၏ လှုပ်ရှားမှုများ စိပ်လာသလို ရိုးမပေါ်မှ တော်လှန်ရေးတပ်ဖွဲ့များ မြို့ပေါ်မရောက်လာစေရန် ကာရံလိုခြင်းတို့ကြောင့် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနယ်မြေစိုးမိုးမှုယူရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ပြည်ခရိုင် အမှတ် (၃၆၀၂) တပ်ရင်း တာဝန်ရှိသူနှင့် သာယာဝတီခရိုင်တွင်း လှုပ်ရှားသည့် PDF တပ်ဖွဲ့ဝင်တို့က သုံးသပ်သည်။
တော်လှန်ရေးလှုပ်ရှားမှု အားကောင်းရာ သာယာဝတီခရိုင်အတွင်း ယခင်ကတည်းက စစ်ကြောင်းထိုးလေ့ ရှိသော်လည်း တစ်လထက်တစ်လ စစ်ကြောင်းအရေအတွက်နှင့် စစ်အင်အားများပြားလာကြောင်း ဒေသ အခြေစိုက်တပ်ဖွဲ့များက ဆိုသည်။
လာမည့် ဒီဇင်ဘာလ ၂၈ ရက်မှ စတင်ကာ အပိုင်းသုံးပိုင်းဖြင့် ကျင်းပမည့် ရွေးကောက်ပွဲတွင် အပိုင်း (၁) နှင့် (၂) တွင် ပဲခူးတိုင်းအတွင်း ပဲခူးအရှေ့ခြမ်းမှ ညောင်လေးပင်၊ တောင်ငူ၊ ပဲခူး၊ ဒိုက်ဦး၊ ရွှေကျင်၊ ထန်းတပင်၊ ရေတာရှည်၊ ပဲခူးအနောက်ခြမ်းတွင် နတ်တလင်း ၊ ပြည်၊ ရွှေတောင်၊ လက်ပံတန်း၊ သာယာဝတီ ဇီးကုန်း၊ ပေါင်းတည်၊ ကဝ၊ သနပ်ပင်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ မိုးညို၊ မင်းလှ တို့သည် ရွေးကောက်ပွဲ ကျင်းပသည့် နယ်မြေများတွင် ပါဝင်နေသည်။
၎င်းတို့ ရွေးကောက်ပွဲ လုပ်နိုင်မည်ဟု ယူဆသည့် နတ်တလင်းမြို့နယ်တွင် မြို့ပေါ် ၇ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၇ အုပ်စုအနက် ကျေးရွာအုပ်စု ၂၂ စု တွင် ရွေးကောက်ပွဲ မလုပ်နိုင်ကြောင်း ဒီဇင်ဘာလ ပထမပတ်အတွင်း ကြေညာလိုက်ရသည်။ အလားတူ လက်ပံတန်းတွင် ၄ အုပ်စု၊ မင်းလှတွင် ကျေးရွာအုပ်စု ၉ အုပ်စု၊ ပြည်ခရိုင်အတွင်း ပေါင်းတည်တွင် ၁၃ အုပ်စု၊ ပေါက်ခေါင်းတွင် ၃၀ အုပ်စု ရွေးကောက်ပွဲ မလုပ်နိုင်ပေ။
ရွေးကောက်ပွဲမလုပ်နိုင်သည့်နယ်မြေများတွင် ပဲခူးအရှေ့ ရွှေကျင်တွင် ၅၃ အုပ်စု၊ ထန်းတပင်တွင် ၂၅ အုပ်စု၊ ရေတာရှည်တွင် ၁၈ အုပ်စုတို့ပါဝင်သည်။
“ရွေးကောက်ပွဲက ရက်ပိုင်းပဲလိုတော့ အတင်းကို ဖိပြီးထိုးလာတာ။ ရိုးမပေါ်ကနေ မြို့ပေါ်ကိုတက်ပြီး ရွေးကောက်ပွဲကိစ္စတွေ ဟန့်တားမှာ အကြောက်ကြီးကြောက်နေတဲ့သဘောပါပဲ၊ အတုအယောင်ရွေးကောက်ပွဲ မဖြစ်မှာကို ကြောက်နေတာ၊ အဲဒါမို့ ပဲခူးရိုးမတကြော စစ်ကြောင်းထိုးတာ”ဟု သာယာဝတီခရိုင်အခြေစိုက် PDF ရဲဘော်က ဆိုသည်။
ယခင်က ဧရာဝတီမြစ်တစ်ဖက်ခြမ်း ပန်းတောင်းနယ်အတွင်း အာရက္ခတပ်တော် (AA) တပ်များ ရောက်လာ သောကြောင့် မြစ်အရှေ့ဘက်ခြမ်း ပဲခူးရိုးမ အခြေစိုက်တပ်များနှင့် ပူးပေါင်းသွားမည်ကို စစ်ကော်မရှင်က စိုးရိမ်သဖြင့် ဟန့်တားစစ်ကြောင်းထိုးမှုများရှိခဲ့ကြောင်း ဆိုသည်။
“အရင်က စစ်ကြောင်းထိုးတယ်ဆိုတာက ဟို AA က ပန်းတောင်းအစပ်ကို ရောက်နေပြီ၊ ဒါဧရာဝတီမြစ် ဘက်ခြမ်းမှာရှိတော့ ဒီဘက် ရိုးမဘက်ခြမ်းနဲ့ ပေါင်းသွားမှာကို သူတို့ကြောက်ပြီးတော့ ဟန့်တာ၊ ခုကတော့ ရွေးကောက်ပွဲ မဖြစ်မှာကြောက်ပြီး ကြောက်ကန်ကန်ပြီး စစ်ကြောင်းတက်တာပေါ့” ဟု အထက်ပါရဲဘော် က ယူဆသည်။
စစ်တပ်စစ်ကြောင်းများတွင် အဓမ္မစုဆောင်းထားသော ပြည်သူ့စစ်မှုထမ်းများပါဝင်ပြီး တိုက်ပွဲအတွင်း လက်နက်ချခြင်းနှင့် ထွက်ပြေးမှုသာများပြားကြောင်း ၎င်းကပြောသည်။
စစ်တပ်ဘက်မှ စစ်ရေးလှုပ်ရှားမှုအားကောင်းလာသည့် သာယာဝတီခရိုင်နှင့် ပြည်ခရိုင်အတွင်းရှိ မြို့နယ်များကို ငြိမ်ဝပ်ပိပြားရေး ခေါင်းစဉ်ဖြင့် စစ်ကြောင်းထိုးရန် စီစဉ်နေကြသည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။
ယခင်နှစ် ဒီဇင်ဘာကလည်း အင်အား ၁၀၀ ဝန်းကျင်ပါသော စစ်ကြောင်း ၅ ကြောင်းဖြင့် လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ နတ်တလင်းမြို့နယ်တို့မှ တစ်ဆင့် ရိုးမတောင်ခြေတစ်လျှောက် ကျေးရွာများအနီး စစ်ကြောင်းထိုးခဲ့ သည်။
စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားသည့် ၂၀၂၁ ခုနှစ်အထိ နှစ် ၄၀ တိုင်တိုင် ပဲခူးရိုးမတွင် လက်နက်ကိုင်တော်လှန်ရေး တပ်ကင်းစင်နေခဲ့ရာမှ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှ စတင်ကာ PDF များ ပဲခူးရိုးမတွင် ခြေကုပ်ယူလာနိုင်ခဲ့သည်။
အာဏာသိမ်းဗိုလ်ချုပ်များ ရုံးစိုက်ရာ နေပြည်တော်နှင့် မလှမ်းမကမ်းတွင်တည်ရှိသော ပဲခူးရိုးမအတွင်း PDF များ ဝင်ရောက်အခြေချနေသဖြင့် စစ်တပ်ကလည်း စစ်ကြောင်း ထိုး၍ နယ်မြေ ရှင်းလင်းရန် မကြာခဏ ကြိုးပမ်းခဲ့သည်။
ပဲခူးရိုးမ အရှေ့ဘက်တွင် တောင်ငူ၊ ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်တို့ရှိပြီး အနောက်ဘက်ခြမ်းတွင် မကွေး ၊ သရက်၊ ပြည်၊ သာယာဝတီခရိုင်တို့ရှိသည်။ မြောက်ဘက်တွင် စစ်ကော်မရှင်၏ အုပ်ချုပ်ရေးဗဟိုချက် ဖြစ်သည့် နေပြည်တော် ရှိသည်။




