နိုင်ငံအလယ်ပိုင်း မကွေးတိုင်းတွင် စစ်ရေးအရှိန်မြှင့်လိုက်ပြီး စလင်းနှင့် ဆင်ဖြူကျွန်းမြို့ကို ပိတ်ဆို့ထားသလို စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံများအား မီးပေးသည့်ဓာတ်တိုင် ၁၀၀ ကျော်ကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်သည်။
မကွေးတိုင်းရှိ စလင်း၊ ဆင်ဖြူကျွန်း၊ ပေါက်၊ ပွင့်ဖြူ၊ ဆိပ်ဖြူအပါအဝင် မြို့နယ် ခြောက်ခုမှ စစ်တပ် စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန ဦးစီးကွပ်ကဲမှုဖြင့် ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် အရုဏ်တက်တွင် စတင်ထိုးစစ်ဆင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ (ဒီဇင်ဘာလ ၂၈) တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဆင်ဖြူကျွန်းမြို့ရှိ စစ်တပ်အခြေစိုက်ထားသည့်နေရာများကို စတင်တိုက်ခိုက်ခဲ့ရာ နွယ်တမယ်တံတား၊ ရဲစခန်းအပါအဝင် မြို့တွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး တော်လှန်ရေးအင်အားစုများက မြို့ကိုပိတ်ဆို့နိုင်ခဲ့သည်။
ထို့နောက် စလင်းနှင့်ဆင်ဖြူကျွန်းမြို့အခြေစိုက် စစ်စခန်းများအား အပြီးသတ်သိမ်းပိုက်မည် ဖြစ်သည့်အတွက် ဒေသခံများ တိမ်းရှောင်ကြရရန် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) က ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် သတိပေးသည်။
ယင်းညတွင်ပင် စလင်းမြို့ဘက်မှ တဆင့် ခြောက်မိုင်ခွဲကျော်အကွာရှိ ဆင်ဖြူကျွန်းသို့ စစ်ကူလာသည့် စစ်တပ်စစ်ကြောင်းတစ်ခုကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းနှင့်ဒရုန်းများတင်လာသည့် စစ်ကား ငါးစီး ပေါက်ကွဲပျက်စီးခဲ့သည်ဟု သိရသသည်။
လက်ရှိတွင် စလင်းမြို့နယ်နှင့် ဆင်ဖြူကျွန်းမြို့တွင် တိုက်ပွဲများရှိနေပြီး မြေပြင်တွင် ပိတ်ဆို့ခံထားရသဖြင့် စစ်တပ်က လေကြောင်းမှတဆင့် အင်အားဖြည့်နေရကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ ပွဲကတော့ ဆက်ဖြစ်နေတုန်းပါပဲ။ နေ့တိုင်းလိုလိုလောက်ဖြစ်တယ်။ ကျွန်တော်တို့က မြို့ကိုဝန်းရံထားတဲ့ အနေအထားမျိုးမှာရှိတယ်။ သူတို့က ရိက္ခာက မြေပြင်စစ်ကြောင်းက မပို့နိုင်တော့ လေယာဉ်နဲ့ ရိက္ခာ၊ ခဲယမ်း ချပေးတယ်”ဟု ထိုအမျိုးသားက ဆိုသည်။
စစ်ဆင်ရေးလုပ်သည့် ခြောက်မြို့နယ်သည် စလင်း၊ ဆင်ဖြူကျွန်း၊ ပေါက်၊ ပွင့်ဖြူနှင့် ဆိပ်ဖြူမြို့နယ်တို့ဖြစ်ပြီး အခြားမြို့နယ်တစ်ခုကိုမူ NUG က ထုတ်ဖော်မပြောသေးပေ။
တိုက်ပွဲ စတင်သည့်နေ့တွင် ဒေသခံများ ပိတ်မိခဲ့သော်လည်း နောက်ရက်များတွင် တစ်သုတ်ပြီး တစ်သုတ် ထွက်ခွာရှောင်တိမ်းနေကြကြောင်း ဒေသခံများထံက သိရသည်။
“မြို့ထဲကနေ သုံးဘီးနဲ့ထွက်ရတယ်။ ပြီးတော့ လှေဆိပ်ကနေ ကူးတယ်။ စက်လှေတစ်စီးကို လူ ၂၀ လောက်တော့ဆံ့တယ်။ ပစ္စည်းသိပ်တင်လို့မရဘူး။ လူအယောက် ၂၀ တင်မယ်ဆိုရင် ဟိုဘက်ကမ်းကြမှ စလင်းမြို့ပေါ်ကလူကို ကားငှားပြီးကြိုခိုင်းရတာ။ သုံးဆင့်ထွက်ရတယ်။ ကုန်းလမ်းက ထွက်လို့မရဘူး”ဟု ဆင်ဖြူကျွန်းမြို့နယ်ဒေသခံတစ်ဦးက ပြောသည်။
အများစု တိမ်းရှောင်သွားကြသော်လည်း သက်ကြီးရွယ်အိုအချို့နှင့် ရှောင်တိမ်းရန် အခက်အခဲရှိသူအချို့ ဆင်ဖြူကျွန်းမြို့တွင်း ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
“သက်ကြီးရွယ်အိုတွေလည်းရှိသလို လူငယ်လူလတ်ပိုင်းတွေလည်း ကျန်ခဲ့တယ်။ ဘာလို့ကျန်ခဲ့လဲဆိုတော့ ယောကျာ်းလေးတွေဆို ပိုတောင်မရှောင်ဘူး။ ကျန်ခဲ့ကြတယ်။ ထွက်လိုက်ရင် ပေါ်တာဆွဲလို့၊ ကားပေါ်မှာ လူငယ်ယောကျာ်းလေးတွေပါရင် ပေါ်တာမစိုးလို့”ဟု အထက်ပါဒေသခံက ပြောသည်။

အဆိုပါ မကွေးတိုင်းစစ်ဆင်ရေးအတွင်း ဆိပ်ဖြူမြို့နယ်မှ လေယာဉ်ဗုံးများ ထုတ်လုပ်ရာ အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၁)၊ လက်နက်ငယ်များထုတ်လုပ်သည့် ကပစ ၂၂ နှင့် ပေါက်မြို့နယ်ရှိ အလူမီနီယံကုန်ကြမ်း ထုတ်လုပ်ရာ ကပစ ၂၄ တို့ကို မီးပေး သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်းမှ ဓာတ်တိုင် ၁၀၀ ကျော်ကို ဖောက်ခွဲဖျက်ဆီးခဲ့သည်။
ဓာတ်တိုင်များ ဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လူအင်အားအများပြားဖြင့် ပြန်ပြင်ဆင်ရန် ကြိုးပမ်းနေကြောင်း ဆိပ်ဖြူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ ဖောက်ခွဲဖျက်ဆီးလိုက်တဲ့ နေရာတွေကို လောလောဆယ်တော့ လာပြုပြင်နေတာတွေရှိတယ်။ လက်နက် ကြီးတွေနဲ့ပစ်နေတာတွေ ရှိတယ်။ လက်နက်ငယ်တွေနဲ့ပစ်ဝင်ပြီးတော့ လာပြုပြင်နေတာတွေ ရှိတယ်။ ဒီနေ့အချိန်ထိတော့ ကပစ ၂၂ မှာ မီးပြန်မရသေးဘူး။ ပြုပြင်တာတွေ မပြီးသေးဘူး။ အလုံးအရင်းနဲ့ လာပြီးတော့ ပြုပြင်တာမျိုးပေါ့။ လောလောဆယ်အထိတော့ မလည်ပတ်နိုင်သေးဘူး”ဟု အထက်ပါပကဖ တပ်ဖွဲ့ဝင်က ဆိုသည်။
စစ်တပ်လက်နက်စက်ရုံအများစုသည် မကွေးတိုင်းအတွင်း ဧရာဝတီမြစ်အနောက်ခြမ်းမြို့နယ်များတွင် အများဆုံးတည်ရှိကြရာ စလင်းနှင့်ဆင်ဖြူကျွန်းမြို့ကို တော်လှန်ရေးအင်အားစုများ ထိန်းချုပ်နိုင်ပါက အနီးရှိ ကပစ စက်ရုံတို့အား ပိတ်ဆို့ထားနိုင်သည့်အခြေအနေရှိကြောင်း စစ်ရေးလေ့လာသုံးသပ်သည့် CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
“စလင်းနဲ့ ဆင်ဖြူကျွန်းက မြစ်အနောက်ဘက်ခြမ်း ကပစ စက်ရုံတွေကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်မှာ နေရာယူထားတဲ့ မြို့နယ်နှစ်ခုလို့တော့ ကျွန်တော်တို့ကတော့ သုံးသပ်တယ်။ ဒီမြို့နှစ်မြို့ကိုသာ တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ရင် တော်လှန်ရေးတပ်တွေက ကပစ ၂၀၊ ၂၁၊ ၂၂၊ ၂၄၊ ၂၅ ကို စက်ရုံတွေကို ပိတ်ဆို့ထားနိုင်တဲ့အနေအထားမျိုးထိဖြစ်သွားနိုင်ပါတယ်”ဟု ၎င်းကဆိုသည်။
ထို့ပြင် ကပစများ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်းများ ဖြတ်တောက်ခြင်းက ထုတ်လုပ်ရေး လုပ်ငန်းများကို ကမောက်ကမဖြစ်စေနိုင်ကြောင်း ၎င်းက သုံးသပ်သည်။
“အဲ့ဒီတော့ စလင်း၊ ဆင်ဖြူကျွန်းကိုသာထိန်းချုပ်နိုင်ပြီဆိုရင် မကွေးတိုင်းမှာ မြစ်အနောက်ခြမ်းမှာ ကပစ စက်ရုံတွေကပိုများတဲ့အနေထားမျိုးရှိတယ်။ ကပစ စက်ရုံတွေချည့်နဲ့သွားစေမယ့် Weak point တစ်ခုကို စပြီးတော့ အော်ပရေးရှင်းလုပ်နေပြီလို့ပြောရမယ့် အနေအထားမျိုးပေါ့။ ရာနှုန်းပြည့်သာ ထိန်းချုပ်နိုင်သွားပြီ ဆိုရင် ကာကွယ်ရေးပစ္စည်းစက်ရုံတွေက တစ်ရုံပျက်ပြီဆိုရင် နောက်ရုံတွေပါ ဂျမ်းသွားဖြစ်မယ့် အနေထားမျိုးပေါ့”ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်နေ့က မြိုင်ပကဖ အဖွဲ့က ကပစ ၂၄ ကို ရရှိနိုင်ရေး တိုက်ခိုက်နေကြောင်း ထုတ်ပြန်ခဲ့ပြီး ကပစ ၂၄ ကို မီးပေးသော တာဝါတိုင်များအား ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ရုပ်သံနှင့်တကွ ထုတ်ပြန်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကို မြိုင်ပကဖနှင့်အတူ ပေါက်ပကဖ၊ MAGWAY PDF၊ ပခုက္ကူခရိုင် PDF ရင်း (၁)၊ အခြားသော မဟာမိတ်အဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။
ကပစများကို ပေးသည့် လျှပ်စစ်ဓာတ်အား လိုင်းများအားဖောက်ခွဲဖျက်ဆီးခြင်းကြောင့် ထုတ်လုပ်ရေးလုပ်ငန်းများ လုံးဝရပ်တန့်သည်ဆိုသည်ထက် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိနိုင်ကြောင်း ကိုနောင်ရိုးက သုံးသပ်သည်။
“ ဒီလျှပ်စစ်လိုင်းတွေက ကပစ တွေ အဓိကမှီခိုထားရမယ့်ဆိုရင် သူ့ရဲ့ထုတ်လုပ်မှုလုပ်ငန်းတွေကို အတိုင်းအတာတစ်ခုထိတော့ ထိခိုက်စေတာ သက်ရောက်စေတာတော့ရှိနိုင်တယ်။ သို့သော်လည်း တစ်ဖက်မှာက စစ်ကောင်စီတပ်တွေမှာက တခြားသောအရန်လျှပ်စစ်စွမ်းအားအရင်းအမြစ်တွေလည်း ပြင်ဆင်ထားတာတွေရှိတော့ လုံးဝကြီးရပ်တန့်သွားဖို့ ဆိုတာတော့ခက်ခဲမယ်ထင်ပါတယ်”
“ သို့သော်လည်း ပြန်ခြုံကြည့်မယ်ဆိုရင် ဒီလျှပ်စစ်လိုင်းတွေက အထူးသဖြင့် ကပစ ၂၁ ရဲ့အမှီအခိုပြု အဓိကအားထားရမယ့် လျှပ်စစ်လိုင်းတွေ ဖြစ်ခဲ့မယ်ဆိုရင်တော့ သူ့ရဲ့ စစ်လက်နက်ထုတ်လုပ်မယ့် လုပ်ငန်းစဉ် တွေပေါ်မှာ အတိုင်းအတာတစ်ခုထိ ထိခိုက်သက်ရောက်စေနိုင်တယ်လို့ ပြောလို့ရပါတယ်”ဟု ၎င်းက ဆိုသည်။
ရှမ်းမြောက်တွင် တရုတ်ကြားဝင်ဖိအားပေးမှုဖြင့် ကိုးကန့်တပ်၊ တအာင်းတပ်တို့နှင့်စစ်တပ်က အပစ် ရပ်ခဲ့ပြီးနောက် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့် တိုက်ခိုက်ချိန် တော်လှန်ရေးအင်အားစုများက မကွေးတိုင်းတွင် စစ်ရေးလှုပ်ရှားမှု ခပ်စိပ်စိပ် လုပ်လာသည်။
ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့နှင့်ထိစပ်နေသည့် မကွေးတိုင်းမြောက်ပိုင်းနှင့် ဧရာဝတီမြစ် အနောက်ဘက်ခြမ်း မြို့နယ်များတွင် တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းသလို မြို့နယ် အနောက်ဘက် ရခိုင်-မကွေး နယ်စပ်တွင် အာရက္ခတပ်တော် (AA) နှင့်မဟာမိတ်များ စစ်ရေးလှုပ်ရှားကြသည်။
AA နှင့် ထိစပ်သောနေရာ ဒေသများဖြစ်သည့်အတွက် NUG အနေဖြင့် စစ်ရေးပူးပေါင်းဖော်ဆောင်မှု လုပ်လာခြင်းဖြစ်နိုင်ကြောင်း ကိုနောင်ရိုးက သုံးသပ်သည်။
“ ဒီနေရာဒေသတွေဟာ အာရက္ခတပ်တော်စိုးမိုးထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နဲ့ ဧရာဝတီမြစ်အနောက် ဘက်ကမ်းနေရာဒေသတွေမှာ ဆက်စပ်နေတဲ့နေရာတကြောတွေဖြစ်တယ်။ အထက်ပိုင်းမှာဆိုရင် သူက နေသွားမယ်ဆိုရင် ချင်းပြည်နယ်အစပ်ဆိုတော့လည်း တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ရေးအရ အားပြိုင်မှုတွေရှိနေတဲ့ အနေအထားပေါ့။ ဒီအခြေအနေမှာ NUG ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ ဧရာဝတီမြစ် အနောက်ဘက်ကမ်းကို တပြိုင်နက်တည်း စစ်ဆင်ရေး ဖော်ဆောင်လာခြင်းဖြစ်မယ်လို့ ယူဆပါတယ်” ဟု ၎င်းက ပြောသည်။
ရခိုင်နှင့်ထိစပ်နေသော မကွေးဒေသအတွင်း ဒီဇင်ဘာလ နောက်ဆုံးပတ်၌ စစ်ရေးလှုပ်ရှားမှုများ ရှိလာကြပြီး ထိုအခြေအနေသည် ရွေးကောက်ပွဲအပေါ် ဖိအားပြန်ပေးရန်ဖြစ်သည်ဟု ယူဆကြသူများလည်း ရှိသည်။
မကွေးတိုင်းအတွင်း စစ်ဆင်ရေးသည် ရွေးကောက်ပွဲကို တန်ပြန်သည့် စစ်ရေးအရ ဖိအားပေးမှုဖြစ်ကြောင်း CDM စစ်တပ်အရာရှိများဖြင့် ဖွဲ့စည်းထားသည့် စစ်ဘက်နှင့် လုံခြုံရေးရာသုတေသနအဖွဲ့ (MDSI ) မှ စစ်ဘက်သုတေသန တာဝန်ခံ ကိုနောင်ရိုးကလည်း ပြောသည်။
“စစ်ကောင်စီ ကျင်းပတဲ့ရွေးကောက်ပွဲနဲ့တပြိုင်နက် တန်ပြန်စစ်ဆင်ရေးတွေ ဖော်ဆောင်ခြင်းဖြစ်မယ်။ စစ်ရေး၊ နိုင်ငံရေးရည်ရွယ်ချက်တွေနဲ့ ဖော်ဆောင်ခြင်းက အဓိကကျမယ်။ နောက်တစ်ခုကတော့ စစ်ကောင်စီ အားပျော့တဲ့နေရာဒေသတွေမှာ စစ်ဆင်ရေးဖော်ဆောင်ပြီးတော့မှ တစ်ဖက်မှာ စစ်ကောင်စီ ပြင်ဆင်နေတဲ့ ခြေလှမ်းတွေကိုနိုင်ငံရေးအရ၊ စစ်ရေးအရ ဖိအားပေးနိုင်ဖို့ ရည်ရွယ်ပြီးအဓိက ဖော်ဆောင်တဲ့ စစ်ဆင်ရေး ဖြစ်မယ်လို့ သုံးသပ်ပါတယ်”ဟု ကိုနောင်ရိုးက ဆိုသည်။
မကွေးတိုင်းရှိ မြို့နယ် ၂၅ မြို့နယ်အနက် တော်လှန်ရေးအင်အားစုများ အားကောင်းရာ ဆော၊ ထီးလင်း၊ ပေါက်၊ မြိုင်၊ ရေစကြိုမြို့နယ်တို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိပေ။
ဒီဇင်ဘာလ ၂၈ ရက်နေ့က ရွေးကောက်ပွဲအပိုင်း (၁) ကို ချောက်၊ ရေနံချောင်း၊ ပခုက္ကူ၊ တောင်တွင်းကြီး၊ မကွေး၊ ပွင့်ဖြူ၊ မင်းဘူး၊ သရက် နှင့် အောင်လံမြို့နယ်တို့တွင် ကျင်းပခဲ့ပြီး ဂန့်ဂေါ၊ ဆိပ်ဖြူ၊ နတ်မောက်၊ မြို့သစ်၊ ငဖဲ၊ စလင်း၊ စေတုတ္တရာ၊ ကံမ၊ မင်းတုန်း၊ မင်းလှ၊ ဆင်ပေါင်ဝဲ တို့သည် ဇန်နဝါရီလလယ်၌ ပြုလုပ်မည့် အပိုင်း (၂) တွင် ပါဝင်သည်။





