ဒီဇင်ဘာလ ၂၈ ရက်နေ့က ကျင်းပခဲ့သော တရားမဝင် အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၁) ၏ ရလဒ်များ ထုတ်ပြန်လာရာ စစ်တပ်က ၎င်းတို့ အာဏာခိုင်မြဲရေး၊ ရွေးကောက်ပွဲတိုင်း စစ်တပ်ပါတီသာ အနိုင်ရပြီး အစိုးရဖွဲ့နိုင်ရေး စနစ်တကျကြံစည် ကျင့်သုံးလာသော အချိုးကျကိုယ်စားပြုစနစ် (PR စနစ်) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နယ်မြေအများစု ထိန်းချုပ်ထားသော ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် ကျင့်သုံးထားသည်ကို တွေ့ရသည်။
စစ်တပ် စိတ်ကြိုက် ရေးဆွဲခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုလျှင် ထိုစနစ်ကို ကျင့်သုံးနိုင်ခွင့်မရှိပေ။
စင်စစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းခဲ့ချိန်ကစ၍ ၂၀၀၈ ခြေ/ဥ ၏ အသက်ဝိညာဉ် လည်း ချုပ်ငြိမ်းသွားခဲ့ပြီ ဖြစ်၍၊ ခြေ/ဥ ကိစ္စကို ပြောဆို ဆွေးနွေးစရာ အဘယ်ကြောင့် လိုမည်နည်း။ PR စနစ်ကို ကျင့်သုံးမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးကတည်းက ပြောဆိုလာပြီး၊ စစ်ကော်မရှင်ခန့် ရွေးကောက်ပွဲကော်မရှင် (ရွေး/ကော်) က လွှတ်တော်ရွေးကောက်ပွဲဥပဒေများကို ပြင်ဆင် ခဲ့သည် မဟုတ်ပါလား။ ယခုအခါမှ အဘယ်ကြောင့် ပြောစရာ ဖြစ်လာသနည်းဟု မေးခွန်းများ ရှိနိုင်ပါသည်။
၂၀၀၈ ခုနှစ် ခြေ/ဥ ကို ချိုးဖောက်ပြီး အာဏာသိမ်းခဲ့သည် ဆိုသည့်အချက်ကို ခါးခါးသီးသီး ငြင်းဆန်ခဲ့ပြီး၊ ခြေ/ဥနှင့်အညီ “အာဏာထိန်း” ခြင်းသာဖြစ်သည် ဟု မင်းအောင်လှိုင်သည် မြန်မာပြည်သူများနှင့် ကမ္ဘာကြီးကို လွန်ခဲ့သော ငါးနှစ်လုံးလုံး လိမ်ညာနေခဲ့သည်။ ထိုကာလအတွင်း ခြေ/ဥ ကို အကြိမ်ကြိမ်ချိုးဖောက်ပြီး ၎င်း၏ အာဏာကို တိုးချဲ့ယူခဲ့သည်ကိုလည်း ခြေ/ဥနှင့်အညီ ဟု တွင်တွင် ပြောဆိုနေခဲ့သည်။
ယခုနောက်ဆုံး ရွေးကောက်ပွဲ အပိုင်း (၁) ရလဒ်များကို ဝါဒဖြန့်သတင်းစာများတွင် ဇန်နဝါရီလ ၆ ရက်နေ့၌ ထုတ်ပြန်ကြေညာလာချိန် မင်းအောင်လှိုင်သည် ခြေ/ဥ ကို မှောက်လိုမှောက်၊ လှန်လိုလှန် ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း၊ အဆိုပါ ရွေးကောက်ပွဲရလဒ်များအရ PR စနစ်ကျင့်သုံးမှုသည် ၂၀၀၈ ခုနှစ် ခြေ/ဥ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်ချိုးဖောက်ခဲ့ကြောင်းကို ဤဆောင်းပါးတွင် သက်သေအထောက်အထားများဖြင့် သုံးသပ်တင်ပြသွားမည် ဖြစ်သည်။
၂၀၀၈ ခြေ/ဥ တွင် ပြဋ္ဌာန်းထားသော တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များ ရွေးကောက်တင်မြှောက်ပုံ
စစ်ကော်မရှင်၏ PR စနစ်သည် ၂၀၀၈ ခုနှစ် ခြေ/ဥ ကို မည်ကဲ့သို့ ချိုးဖောက်ကြောင်း ဖော်ထုတ်ရာတွင် ၂၀၀၈ ခုနှစ် ခြေ/ဥ ၏ အခန်း (၄) “ဥပဒေပြုရေး” ၊ ပုဒ်မ ၁၆၁ ကို သိရှိနားလည်ထားရန် အရေးကြီးသည်။ ပုဒ်မ ၁၆၁ တွင် ပုဒ်မခွဲ ၄ ခုပါဝင်ပြီး တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များ ဖွဲ့စည်းခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးကောက်တင်မြှောက်ပုံကို တိကျရှင်းလင်းစွာ ပြဋ္ဌာန်းထားသည်။
၎င်းပုဒ်မ၏ ပုဒ်မခွဲများထဲတွင် ပုဒ်မ ၁၆၁ (က) သည် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များအတွက် ရွေးချယ် တင်မြှောက်ရမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက်ကို အောက်ပါအတိုင်း သတ်မှတ်ဖော်ပြထားသည်။
| ပုဒ်မ ၁၆၁ – တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကို အောက်ပါအတိုင်း ဖွဲ့စည်းရမည် – (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် မြို့နယ်တစ်မြို့နယ်လျှင် နှစ်ဦးကျစီ ရွေးကောက် တင်မြှောက်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ |
ပုဒ်မ ၁၆၁ (က) တွင် “မြို့နယ်တစ်မြို့နယ်လျှင် နှစ်ဦးကျစီ” ရွေးချယ်တင်မြှောက်မည် ဟု မဲဆန္ဒနယ်မြေကို “မြို့နယ်အခြေပြု” တိတိကျကျ ပြဋ္ဌာန်းထားခြင်းနှင့် ကိုယ်စားလှယ်လောင်းအရေအတွက်ကို “တစ်မြို့နယ် နှစ်ဦး” သတ်မှတ်ထားခြင်းဟူ၍ အရေးကြီးသော အချက် (၂) ချက်ပါဝင်ကြောင်း သတိချပ်ရန် လိုအပ်သည်။
အကြောင်းမှာ အာဏာသိမ်းပြီး အစောပိုင်းနှစ်များတွင် မင်းအောင်လှိုင်သည် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) သည် အင်အားကြီး တစ်ပါတီထဲက အာဏာကိုချုပ်ကိုင်စိုးမိုးနိုင်ရန် ဖန်တီးပေးထားခြင်းဟု ဆိုကာ အကြီးအကျယ် ဝေဖန်ပြစ်တင်ခဲ့ပြီး၊ PR စနစ်ကသာလျှင် ရွေးကောက်ပွဲယှဉ်ပြိုင်သော နိုင်ငံရေးပါတီများ အကြား၊ မျှမျှတတ အနိုင်ရစေသောစနစ် ဟု အမွှမ်းတင်ကာ ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲရန် ကြိုးပမ်းခဲ့ သည်။
သို့သော် ၂၀၀၈ ခုနှစ် ခြေ/ဥ တွင် ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်ပွဲစနစ်ကို မြို့နယ်အခြေပြု ကိုယ်စားလှယ်လောင်းအရေအတွက် အတိအကျ သတ်မှတ်ထားသောကြောင့်၊ နောက်ဆုံးတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ်ကို PR စနစ်သို့ ပြောင်းလဲကျင့်သုံး မရသဖြင့်၊ FPTP ကိုသာ ဆက်လက်ကျင့်သုံးခဲ့ရသည် မဟုတ်ပါလား။
ပြည်သူ့လွှတ်တော်ကဲ့သို့ပင် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲစနစ်ကို ခြေ/ဥ၏ ပုဒ်မ ၁၆၁ (က) အရ မြို့နယ်အခြေပြု သတ်မှတ်ချက် ပြဋ္ဌာန်းထားပါလျက်၊ အဘယ်ကြောင့် FPTP နှင့် PR စနစ်နှစ်မျိုး ရောနှောကျင့်သုံးရန် မင်းအောင်လှိုင် အတင်းအကျပ် ပြောင်းလဲခဲ့သနည်း။ ထိုသို့ကျင့်သုံးခြင်းက ပုဒ်မ ၁၆၁ (က) ပါ ပြဋ္ဌာန်းချက်နှင့် အမှန်တကယ် ကိုက်ညီမှုရှိသလား။
ထိုမေးခွန်းများအတွက် PR စနစ်ကို လက်တွေ့ကျင့်သုံးမှု မရှိသေးသဖြင့် သက်သေအထောက်အထားဖြင့် ငြင်းချက်ထုတ်ရန် ခက်ခဲပါသည်။ သို့ရာတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ ပထမပိုင်းတွင် ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် ကျင်းပခဲ့သော ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲကို FPTP နှင့် PR ရောနှောစနစ်ကျင့်သုံးခဲ့ပြီး၊ စစ်ကော်မရှင်၏ ရွေး/ကော်က ရလဒ်များ ထုတ်ပြန်လာချိန် တွင် PR စနစ်သည် ပုဒ်မ ၁၆၁ (က) ကို ချိုးဖောက်ခဲ့ကြောင်း သက်သေပြနိုင်ပြီ ဖြစ်သည်။
ရွေးကောက်ပွဲတွင် ခြေ/ဥကို ဆန့်ကျင်ချိုးဖောက်၍ PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ပုံ
ပထမဦးစွာ ၂၀၀၈ ခုနှစ် ခြေ/ဥ အရ ကျင်းပခဲ့သော ၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲများ၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ခြေ/ဥ ပုဒ်မ ၁၆၁ (က) ပြဋ္ဌာန်းချက်နှင့်အညီ “မြို့နယ်တစ်မြို့နယ်လျှင် နှစ်ဦးကျစီ” ရွေးကောက်တင်မြှောက်ခဲ့ပုံကို ပြန်လည်ဖော်ပြလိုသည်။ ထိုသို့ဖော်ပြရခြင်းမှာ ရခိုင်နှင့် ချင်း ပြည်နယ်လွှတ်တော်များအတွက် FPTP နှင့် PR ရောနှောစနစ်ဖြင့် ရွေးကောက်တင်မြှောက်ပုံများနှင့် နှိုင်းယှဉ်သုံးသပ်နိုင်ရန် ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ၁၇ မြို့နယ်ရှိသည့်အတွက် တစ်မြို့နယ်လျှင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း နှစ်ဦးစီဖြင့် ၃၄ ဦး၊ စစ်တပ် ၂၅ ရာခိုင်နှုန်း ကိုယ်စားလှယ် ၁၂ ဦးနှင့် ချင်းတိုင်းရင်းသားကိုယ်စားလှယ် တစ်ဦး စုစုပေါင်း ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အရေအတွက်မှာ ၄၇ ဦး ဖြစ်သည်။ အလားတူ ချင်းပြည်နယ်၌ ကိုးမြို့နယ်ရှိသည့်အတွက် ကိုယ်စားလှယ်လောင်း ၁၈ ဦးကို ရွေးကောက်တင်မြှောက်ခဲ့ပြီး၊ စစ်တပ် ၂၅ ရာခိုင်နှုန်း ကိုယ်စားလှယ် ခြောက်ဦးပေါင်းလျှင်၊ ချင်းပြည်နယ်လွှတ်တော်၏ ကိုယ်စားလှယ်အရေအတွက်သည် ၂၄ ဦး ဖြစ်သည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ ကျင်းပခဲ့သော ရွေးကောက်ပွဲ ပထမပိုင်းတွင် ရခိုင်နှင့် ချင်း ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲများကို FPTP နှင့် PR စနစ် ရောနှောစနစ်ကို စစ်ကော်မရှင် ကျင့်သုံးခဲ့သည်။ ထိုသို့ ကျင့်သုံးနိုင်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ခြေ/ဥ ပုဒ်မ ၁၆၁ (က) တွင် ပြဋ္ဌာန်းထားသော “မြို့နယ် တစ်မြို့နယ်လျှင် နှစ်ဦးကျစီ” သတ်မှတ်ချက်ကို တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေတွင် ပြင်ဆင်ခဲ့သည်။
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ ရက်စွဲဖြင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ဆဌမအကြိမ် ပြင်ဆင်သည့်ဥပဒေကို မင်းအောင်လှိုင် လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။ တရားမဝင် အာဏာ သိမ်းထားသော စစ်ခေါင်းဆောင်တွင် လွှတ်တော်ဥပဒေများကို ပြင်ဆင်ခွင့်မရှိဘဲ၊ ပြည်ထောင်စုလွှတ်တော် ကသာလျှင် ပြင်ဆင်ခွင့် ရှိသည်။ သို့သော် တရုတ်အစိုးရ၏ ထောက်ခံကူညီမှု ရရှိရေးအတွက် ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပရန်လိုအပ်သော မင်းအောင်လှိုင်သည် လက်တွေ့တွင် ၂၀၀၈ ခြေ/ဥ ကို ဂရုမစိုက်ဘဲ၊ ဥပဒေ အထက်တွင် နေထိုင်ပြီး၊ လွှတ်တော်ဥပဒေများကို ၎င်းစိတ်တိုင်းကျ ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။
အဆိုပါ ပြင်ဆင်ထုတ်ပြန်ခဲ့သော တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း (၃) “မဲဆန္ဒနယ်များ သတ်မှတ်ခြင်း” ၊ ပုဒ်မ ၄ (က) နှင့် (ခ) တွင် အောက်ပါအတိုင်း ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။
| ပုဒ်မ (၄) – ကော်မရှင်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုချင်းစီအလိုက် လွှတ်တော်မဲဆန္ဒ နယ်များကို သတ်မှတ်ရာတွင် – (က) လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကျစီကို မဲအများဆုံးရသူ အနိုင်ယူစနစ်ဖြင့် ရွေးကောက် တင် မြှောက်ရန်အတွက် မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ် တစ်နယ် သတ်မှတ်ပေးရမည်။ (ခ) ကျန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအတွက် မြို့နယ်တစ်မြို့နယ်လျှင် တစ်ဦးကျဖြင့် အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်တင်မြှောက်နိုင်ရန် မြို့နယ်များကို စုစည်း၍ မဲဆန္ဒနယ်များ သတ်မှတ်ပေးရမည်။ |
ထိုကဲ့သို့ ပြင်ဆင်ခဲ့ရာတွင် တစ်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးကို FPTP စနစ်ဖြင့် ရွေးချယ်ပြီး၊ ကျန်ကိုယ်စားလှယ်လောင်းတစ်ဦးကို PR စနစ်ဖြင့် ရွေးချယ်မည်ဟု ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။ ရုတ်တရက်ကြည့်လျှင် ခြေ/ဥ ပုဒ်မ ၁၆၁ (က) နှင့် ကိုက်ညီသည်ဟု ယူဆနိုင်သည်။ သို့သော် ပုဒ်မ ၄ (ခ) တွင် “မြို့နယ်များကိုစုစည်း၍ မဲဆန္ဒနယ်များ သတ်မှတ်ပေးရမည်” ဟု ပြင်ဆင်ပြဋ္ဌာန်းခဲ့ခြင်းသည် ခြေ/ဥ၏ ပုဒ်မ ၁၆၁ (က) ပြဋ္ဌာန်းချက်ကို ပြောင်းပြောင်းတင်းတင်း ဆန့်ကျင်ကျော်လွန်၍ PR စနစ်ကျင့်သုံးနိုင်ရန် လုပ်ဆောင်ခဲ့ကြောင်း ထင်ရှားစွာ တွေ့ရမည် ဖြစ်သည်။
၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ ရက်စွဲဖြင့် စစ်ကော်မရှင်ခန့် ရွေးကောက်ပွဲကော်မရှင် ပြင်ဆင်ခဲ့သော ပုဒ်မ ၄ အတိုင်း တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခဲ့သည်။ ထိုကြေညာ ချက်တွင် ချင်းပြည်နယ် ကိုးမြို့နယ်အတွက် ပုဒ်မ ၄ (က) အရ တစ်မြို့နယ်လျှင် ကိုယ်စားလှယ်လောင်း တစ်ဦး ကျစီကို FPTP စနစ်ဖြင့် ရွေးချယ်ရန်ဖြစ်ပြီး၊ ယင်းသည် စနစ်ဟောင်းအတိုင်း ဖြစ်သည်။ သို့သော် ပုဒ်မ ၄ (ခ) အရ ကျန်ကိုယ်စားလှယ်ကိုးဦးကို PR စနစ်ဖြင့် ရွေးချယ်ရာတွင် မဲဆန္ဒနယ်ကို “ချင်းပြည်နယ်တစ်ခုလုံး” ဟု သတ်မှတ်ကြောင်း ကြေညာခဲ့သည်။ ထို့ကြောင့် ပုဒ်မ ၄ (ခ) သည် ခြေ/ဥ ၏ ပုဒ်မ ၁၆၁ (က) ကို ဆန့်ကျင် ချိုးဖောက်ထားကြောင်း ပို၍ပေါ်လွင်ထင်ရှား လာပါသည်။
ပို၍အံ့ဩစရာကောင်းသည်မှာ ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲ ပထမပိုင်း ရလဒ်များကို ကြေညာသည့် အခါ စစ်ကော်မရှင်သည် PR စနစ်ကို မည်သို့ကျင့်သုံးခဲ့ကြောင်း ထပ်မံပေါ်ထွက်ခြင်း ဖြစ်သည်။ ချင်းပြည်နယ် တစ်ခုလုံးတွင် တီးတိန်နှင့် ဟားခါး နှစ်မြို့နယ်သာ ကျင်းပနိုင်သဖြင့်၊ ပုဒ်မ ၄ (က) အရ FPTP စနစ်ဖြင့် တီးတိန် မြို့နယ်၌ ဇိုမီးအမျိုးသားပါတီမှ ဦးပေါင်ဇလန်းနှင့် ဟားခါးမြို့နယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဒေါက်တာ ဝုန်ဆွန်းထန်တို့နှစ်ဦး ရွေးကောက်ခံရသည်။ ထိုရလဒ်က ယခင်စနစ်ဟောင်းအတိုင်းဖြစ်၍ ခြေ/ဥ နှင့်အညီ ဟု ဆိုချင် ဆိုနိုင်ပါသည်။

ရင်းမြစ်။ ။ မြန်မာ့အလင်းသတင်းစာ (ဇန်နဝါရီလ ၆ ရက်နေ့)
သို့သော် ပုဒ်မ ၄ (ခ) အရ ချင်းပြည်နယ်ကိုးမြို့နယ်အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းကိုးဦး ကို PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ကြောင်း စစ်ကော်မရှင်ခန့် ရွေး/ကော် က တပါတည်း ကြေညာလာ ပါသည်။ ထိုအချိန်ကျမှသာ PR စနစ်ကို စစ်ကော်မရှင် မည်ကဲ့သို့ လက်တွေ့ကျင့်သုံးခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာတွင် အောက်ဖော်ပြပါအတိုင်း အံ့ဩစွာ တွေ့မြင်ကြရမည် ဖြစ်သည်။

ရင်းမြစ်။ ။ မြန်မာ့အလင်းသတင်းစာ (ဇန်နဝါရီလ ၆ ရက်နေ့)
အထက်ပါ ကြေညာချက်ကို သေချာစွာ လေ့လာမည်ဆိုလျှင် ချင်းပြည်နယ် ကိုးမြို့နယ်တွင် တီးတိန်နှင့် ဟားခါး နှစ်မြို့နယ်သာ ရွေးကောက်ပွဲ ကျင်းပနိုင်ပြီး၊ ကျန် ခုနစ်မြို့နယ်၌ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသော်လည်း၊ စစ်ကော်မရှင် ရွေး/ကော်သည် PR စနစ်ကို ကျင့်သုံးရာတွင်၊ မြို့ ကိုးမြို့ကို ကိုယ်စားပြုမည့် ပြည်နယ်လွှတ်တော် ကိုးနေရာအတွက် ကိုယ်စားလှယ်လောင်း ကိုးဦးကို၊ ပါတီ သုံးခုအကြား မဲပေးယှဉ်ပြိုင် ခြင်း မပြုလုပ်ဘဲ၊ တီးတိန်နှင့် ဟားခါး နှစ်မြို့နယ်မှ မဲများကို ပေါင်းပြီး၊ အချိုးချခွဲဝေ သတ်မှတ်လိုက်ကြ သည်။
ယင်းသည် ခြေ/ဥ ပုဒ်မ ၁၆၁ (က) ပါ ပြဋ္ဌာန်းချက်ပါ ဥပဒေစာသား (Letter of Law) နှင့် ဥပဒေအနှစ်သာရ (Spirit of Law) နှစ်မျိုးလုံးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကြောင်း ပေါ်လွင်ထင်ရှားသည်။
အလားတူစွာပင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်တွင် သုံးမြို့နယ်၌သာ ရွေးကောက်ပွဲများ ကျင်းပနိုင်ပါသည်။ ရခိုင် ပြည်နယ်လွှတ်တော်အတွက် PR စနစ်ဖြင့် မဲဆန္ဒနယ်သတ်မှတ်ရာတွင် ၁၇ မြို့နယ်ကို မဲဆန္ဒနယ် အမှတ် (၁) နှင့် (၂) ဟု နှစ်နယ်သာ သတ်မှတ်ခဲ့သည်။ အမှတ် (၁) မဲဆန္ဒနယ်တွင် စစ်တွေခရိုင်၊ မောင်တောခရိုင်နှင့် မြောက်ဦးခရိုင်များဟု သတ်မှတ်ခဲ့ပြီး၊ အမှတ် (၂) မဲဆန္ဒနယ်တွင် ကျောက်ဖြူခရိုင်၊ တောင်ကုတ်ခရိုင်၊ သံတွဲ ခရိုင်နှင့် အမ်းခရိုင်များ ဟု သတ်မှတ်ခဲ့သည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲ ပထမပိုင်းတွင် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပခဲ့ခြင်းကြောင့် ပြည်နယ်လွှတ်တော်အတွက် အဆိုပါ သုံးမြို့နယ်မှ FPTP စနစ်ဖြင့် ကိုယ်စားလှယ်လောင်းသုံးဦး ရွေးကောက်တင်မြှောက်ခဲ့သည်။ သို့သော် PR စနစ်ဖြင့် ၁၇ မြို့နယ်လုံး ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၇ ဦးလုံး ရွေးကောက်တင်မြှောက်ကြောင်း စစ်ကော်မရှင် ရွေး/ကော်က ကြေညာခဲ့သည်။

ရင်းမြစ်။ ။ မြန်မာ့အလင်းသတင်းစာ (ဇန်နဝါရီလ ၆ ရက်နေ့)
စင်စစ် PR စနစ်ဖြင့် သတ်မှတ်ထားသော အမှတ် (၁) မဲဆန္ဒနယ်တွင် စစ်တွေတစ်မြို့နယ်သာ ရွေးကောက်ပွဲ ကျင်းပနိုင်ပြီး၊ မောင်တောနှင့် မြောက်ဦးခရိုင်များ မပါဝင်ခဲ့ပါ။ အလားတူ အမှတ် (၂) မဲဆန္ဒနယ်တွင် ကျောက်ဖြူနှင့် မာန်အောင် နှစ်မြို့နယ်သာ ရွေးကောက်ပွဲ ကျင်းပနိုင်ပြီး၊ ကျန်မြို့နယ်များ မပါဝင်ပါ။ သို့သော် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် သုံးမြို့နယ်ပေါင်း မဲအရေအတွက်ကို PR စနစ်ဖြင့် အချိုးကျခွဲဝေပြီး ကိုယ်စားလှယ်လောင်း ၁၇ ဦးကို ရွေးချယ်လိုက်ကြသည်။
ရွေးကောက်ပွဲမရှိဘဲ ရွေးချယ်ခဲ့သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ
အချုပ်အားဖြင့် စစ်ကော်မရှင်သည် ချင်းပြည်နယ် ခုနစ်မြို့နယ်နှင့် ရခိုင်ပြည်နယ် ၁၄ မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပခြင်းမရှိဘဲ၊ ထိုမြို့နယ်များမှ သိန်းသောင်းချီသော မဲဆန္ဒရှင်များ၏ ဆန္ဒမဲပေးမှုများ မပါဝင်ဘဲ ထိုမြို့နယ်တို့ကို ကိုယ်စားပြုသော ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ခဲ့သည်။ စင်စစ် ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် ပြည်နယ်လွှတ်တော်များနှင့် အစိုးရများ ဖွဲ့စည်းရန် မဖြစ်နိုင်တော့သည့် မြေပြင်ပကတိအခြေအနေကို သိရှိထားသော မင်းအောင်လှိုင်သည် ထိုအခြေအနေကို ရှောင်လွှဲရန် အကြံအဖန်လုပ်၍ ပြည်နယ်လွှတ်တော်များနှင့် အစိုးရများ ဖွဲ့စည်းရန် လုပ်ဆောင်တော့မည် ဖြစ်သည်။
သို့သော် စစ်ကောင်စီ၏ PR စနစ် ကျင့်သုံးပုံ လုပ်ရပ်များသည် ၂၀၀၈ ခုနှစ် ခြေ/ဥ ၏ ပုဒ်မ ၁၆၁ (က) ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရုံမျှမက၊ ပြည်သူ့ဆန္ဒမဲဖြင့်သာ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ရွေးကောက်တင်မြှောက်ရမည်ဆိုသည့် ဒီမိုကရေစီစနစ်၏ အခြေခံစည်းမျဉ်းကို ဖောက်ဖျက်ကျူးလွန်ကြောင်း သက်သေအထောက်အထားများ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် မင်းအောင်လှိုင် အတင်းအဓမ္မကျင်းပခဲ့သော ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲသည် နိုင်ငံ တကာက လက်ခံကျင့်သုံးနေသော ရွေးကောက်ပွဲ စံနှုန်းများကို မဆိုထားနှင့်၊ ၎င်းကိုယ်တိုင် ကိုးကွယ်ကိုင်စွဲ ထားပါသည်ဆိုသော ၂၀၀၈ ခုနှစ် ခြေ/ဥကိုပင် လေးစားလိုက်နာခြင်းမရှိဘဲ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။



