မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်တပ်သတင်းပေးဟု နာမည်ကြီးသည့် အမျိုးသမီးတစ်ဦး ယမန်နေ့ (ဇွန် ၁၃) တွင် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး ဒဏ်ရာအပြင်းအထန်ရသွားကြောင်း ဒေသခံများထံမှ သိရသည်။
တောင်သာမြို့၊ အရှေ့စျေးရှိ ယွန်းယွန်းလျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် အသက် ၃၈ နှစ်အရွယ် မနှင်းနှင်းဝေကို လူငယ်နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်သည်။
“စျေးဆိုင်မှာ စျေးရောင်းနေတုန်း ဖြစ်သွားတာ။ ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက်ရောက်လာတယ်။ အသက် ၂၀ ကျော်လောက် လူငယ်လေးတွေ။ တစ်ခါတည်းပစ်ပြီးတော့ ဆိုင်ကယ်ပေါ်တက်ပြီး ထွက်ပြေးသွားတာ” ဟု တောင်သာမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
ခါးနောက်ကျောကို ကျည်ဆန်ဖောက်ဝင်ပြီး ဗိုက်ပေါက်ထွက်ဒဏ်ရာရရှိခဲ့သည့် မနှင်းနှင်းဝေ၏ ဒဏ်ရာအခြေအနေ ပြင်းထန်သည့်အတွက် တောင်သာမြို့နယ်ဆေးရုံမှတဆင့် မိတ္ထီလာမြို့နယ်စစ်ဆေးရုံသို့ ယမန်နေ့ကတည်းက ပို့ဆောင်ပေးခဲ့ရကြောင်း မေတ္တာစိတ္တလူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အူပြတ်သွားတယ်ပြောတယ်။ မိတ္ထီလာစစ်ဆေးရုံမှာပါ။ ဒဏ်ရာအခြေအနေက မနေ့ကတော့ တော်တော်လေး စိုးရိမ်ရတယ်။ ဒါပေမယ့် ခွဲစိတ်မှုကတော့ အောင်မြင်တယ်ပြောတယ်။ လူနာက သတိပြန်မရသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါပစ်ခတ်မှုဖြစ်အပြီး ၁၀မိနစ်ခန့်အကြာတွင် စစ်ကောင်စီ၏ လက်နက်ကိုင်များ အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာပြီးနောက် စျေးအတွင်းနှင့် နီးစပ်ရာလမ်းများတွင် ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးခဲ့ကြောင်း မြို့ခံများက ဆိုသည်။
သေနတ်သမားလူငယ်နှစ်ဦးစီးလာသည့် ဆိုင်ကယ်နှင့် အမျိုးအစားတူဆိုင်ကယ်များကို အဓိကရှာဖွေစစ်ဆေးခဲ့ပြီး မြင်းတဲရွာမှ စျေးလာဝယ်သူနှစ်ဦး သံသယဖြင့် အဖမ်းခံရသည်။
ယင်းနေ့ ညနေမှာပင် တောင်သာမြို့အနောက်ဘက်ရှိ နတ်စောင့်ရွာ၊ အင်းတဲရွာ၊ ရုံးပင်ရွာနှင့် တပင်ကန်ရွာတို့ကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အင်းတဲရွာမှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး၊ နတ်စောင့်ရွာမှ အမျိုးသားတစ်ဦးနှင့် ရုံးပင်ရွာမှ အမျိုးသားနှစ်ဦးတို့လည်း အဖမ်းခံရသည်။
ပစ်ခတ်ခံရသူ မနှင်းနှင်းဝေသည် တောင်သာမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေသူများ၊ NLD ပါတီ ဝန်းရံထောက်ခံသူများ၏ သတင်းများကို စစ်ဘက်ဆိုင်ရာသို့ သတင်းပေးပို့နေသည့်အတွက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု တောင်သာမြို့နယ်လူငယ်ပြောက်ကျားအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
ယမန်နေ့က ဖမ်းဆီးထားသည့် ၆ ဦးစလုံးမှာ အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်သူများမဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဖမ်းဆီးခံရသူများအနက် အင်းတဲရွာမှ အသက် ၄၀ အရွယ်အမျိုးသားမှာ စစ်ကြောရေးတွင် ညတွင်းချင်း သေဆုံးခဲ့ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ပစ်ခတ်ခံရသူ မနှင်းနှင်းဝေသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည့်အတွက် အတည်ပြုနိုင်ရန် မန္တလေးတိုင်း ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းခဲ့ရာ ပါတီအနေဖြင့် စုံစမ်းနေဆဲသာဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။
ပြီးခဲ့သည့် မတ်လအတွင်း ယွန်းယွန်းလျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွင် လက်လုပ်ဗုံးပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ပျက်စီးမှု မရှိခဲ့ပေ။
ပြည်ခိုင်ဖြိုးပါတီ၏ အမာခံနယ်မြေ တောင်သာမြို့နယ်တွင် ဧပြီလဆန်းအထိ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဒလန်များ၏ သတင်းပေးမှုကြောင့် အများစု ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် လှုပ်ရှားမှုများ သိသိသာသာ လျော့နည်းသွားကြောင်း ဒေသခံများက ပြောသည်။