
ရန်ကုန် – ဇူလိုင်လလယ်ပိုင်းနံနက်ခင်းတစ်ခုတွင် ရန်ကုန်၊ သင်္ဃန်းကျွန်း စံပြဆေးရုံမှ မက်သဒုန်း ခေါ် မူးယစ်ဆေးအစားထိုးဆေးဝါး ယူပြီး ပြန်လာမည့်သူတစ်ယောက်ကို မိတ်ဆွေတချို့က ဆေးရုံရှေ့ဝင်ပေါက်အနီး စောင့်ဆိုင်းနေကြသည်။ ဆေးရုံနောက်တွင်လည်း ရဲဝန်ထမ်းတစ်စုက နေရာယူထားသည်ကို တွေ့ရသည်။
အချိန်အတန်ကြာပြီးနောက်တွင် သူတို့စောင့်ဆိုင်းနေသည့်လူငယ် အဖမ်းခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်လိုက်ပြီး ထိုနေရာမှ ခွာလိုက်ကြသည်။
“မက်သဒုန်းဆေးလာယူတဲ့ လူငယ်တစ်ယောက်ကို ရဲကဖမ်းသွားပါတယ်” ဟု ဆေးရုံရှေ့ သွားရောက်စောင့်ဆိုင်းသူများထဲမှ ကိုစိုးမောင်က Myanmar Now ကို ပြောပြသည်။
သူ့စာရင်းစာအုပ်ကိုဖွင့်ပြီး လူငယ်၏ အမည်နေရာကို ဘောပင်ဖြင့် ခြစ်လိုက်သည်။
ကိုစိုးမောင်မှာ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Burnet Institute အထောက်အပံ့ဖြင့် မူးယစ်ဆေးဖြတ်လိုသူများကို မူးယစ်ဆေးအစား အစားထိုးသောက်သုံးရသည့် မက်သဒုန်းဆေး တိုက်ကျွေးရာတွင် ပိုမိုလွယ်ကူစေရန် အကူအညီပေးရေး အစီအစဉ်တွင် ပါဝင်သူတစ်ဦးဖြစ်သည်။ နိုင်ငံအနှံ့တွင် မူးယစ်ဆေးစွဲကြောင်း မှတ်ပုံတင်ထားပြီး မက်သဒုန်းဆေးဖြင့် ကုသမှုခံယူနေသူ နှစ်စဉ် ၇,ဝဝဝ ကျော် ရှိနေသည်။ မှတ်ပုံတင်ထားသော်လည်း ဆက်လက်သုံးစွဲနေကြောင်း စစ်ဆေး တွေ့ရှိပါက ဥပဒေအရ ထောင်ဒဏ် ၃ နှစ် မှ ၁ဝ နှစ်အထိ ချမှတ်ခြင်း ခံရနိုင်သည်။

မူးယစ်ဆေး သုံးစွဲသူတို့ကို ရာဇဝတ်သားများအဖြစ် သတ်မှတ်၍ အပြစ်ပေး ထောင်ချခြင်းထက် မက်သဒုန်းစင်တာများ၊ ပြန်လည်ထူထောင်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်ပြီး ကျန်းမာရေး ပြဿနာတစ်ရပ် အဖြစ် ဖြေရှင်းခြင်းက ပိုမို ထိရောက်သည်ဟု ဆေးစွဲသူတို့ကို နှစ်သိမ့်ဆွေးနွေးပညာပေးရေး လုပ်ငန်း လုပ်ဆောင်နေသူများ၊ နိုင်ငံရေးသမားတချို့၊ ဆေးစွဲနေသူများက ပြောသည်။
ဆေးစွဲသူတို့သာ ပစ်မှတ်ဖြစ်နေ
နိုင်ငံတကာ သုတေသနနှင့် မူဝါဒပြောင်းလဲရေး လျှောက်လဲတင်ပြသည့် အဖွဲ့အစည်း Transnational Institute က မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု နှစ်ဆတိုးလာသည်မှာ ဆယ်နှစ် ရှိပြီဖြစ်ပြီး အာဆီယံဒေသတွင်း မူးယစ်ကင်းစင်ရေး ရည်မှန်းချက်ကို စိန်ခေါ်နေသည်ဟု ဆိုသည်။
အစိုးရအာဏာသက်ရောက်မှုနည်းပါးသည့် နယ်စပ်ဒေသများမှ မြစ်ဖျားခံသည်ဟု ယူဆထားကြသော စိတ်ကြွဆေးအပါအဝင် မူးယစ်ဆေးမျိုးစုံသည် နိုင်ငံတစ်လွှား ပျံ့နှံ့နေသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းများအရ အစိုးရသစ်စတင်သည့် ဧပြီ ၁ မှ ဇူလိုင် ၃၁ အတွင်း မူးယစ်ဆေးနှင့် ဆက်နွှယ်နေသူ ၄,၇၆၁ ဦးကို ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
စိတ်ကြွဆေးပြား ၃ဝ.၃ သန်း၊ ဘိန်းဖြူ ကီလို ၆ဝ ကျော်၊ ဘိန်းမည်း ကီလို ၂ဝဝ ကျော် ဖမ်းဆီးရရှိခဲ့သည်။
ကိုစိုးမောင်သည် နိုင်ငံအနှံ့ မက်သဒုန်းဆေး ပေးဝေသည့်ဆေးရုံ ၄၆ ခုထဲတွင် တစ်ခု အပါအဝင်ဖြစ်သည့် သင်္ဃန်းကျွန်းစံပြဆေးရုံတွင် မူးယစ်ဆေးဖြတ်ရန် ကြိုးစားနေသူများထဲမှ မက်သဒုန်းဆေး ပိုမိုရယူလိုသူတို့ကို ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံ၊ စိတ်နှင့်မူးယစ်ဌာနသို့ ပို့ဆောင်ပေးရန် တာဝန်ရှိသူဖြစ်သည်။
အစိုးရသစ်၏ ရက် ၁ဝဝ စီမံကိန်း ကာလ မူးယစ်ဆေးနှိမ်နင်းမှုတွင် လက်ကားသမားများ၊ မူးယစ်ရာဇာများ လွတ်မြောက်နေပြီး လက်လီရောင်းချသူများ၊ မူးယစ်ဆေးဖြတ်ရန် ကြိုးပမ်းနေသူများသာ ဖမ်းဆီးခံနေရသည်ဟု သူက ဝေဖန်လိုက်သည်။
“ရက် ၁ဝဝ စီမံချက်ထဲမှာ မူးယစ်ဆေးဖြတ်ဖို့ ကြိုးစားနေတဲ့၊ မက်သဒုန်းဆေး သောက်နေတဲ့ လူငယ် တော်တော်များများ အဖမ်းခံနေရပါတယ်” ဟု သူက မခံချိမခံသာ ဖြစ်နေသည့် လေသံဖြင့် ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်အမတ် ဦးဥက္ကာမင်းသည် နိုင်ငံ၏မူးယစ်ဆေးဝါး ပြဿနာတွင် အကျင့်ပျက်ခြစားမှုများနှင့် လွဲမှားသည့် မူဝါဒများ ရှိနေသည်ဟု ယုံကြည်သူ ဖြစ်သည်။

“လက်ရှိသုံးစွဲနေသူတွေကိုပဲ လိုက်ဖမ်းနေမယ်ဆိုရင်တော့ တစ်နိုင်ငံလုံးမှာရှိသမျှ အကျဉ်းထောင်တွေတောင် ဆံ့မှာ မဟုတ်ပါဘူး” ဟု သူက ပြောသည်။
မူးယစ်ဆေးသည် အထက်တန်းကျောင်းသူ၊ ကျောင်းသားများ ကြားတွင်ပင် ပျံ့နှံ့လျက်ရှိပြီး စာသင်ကျောင်းများတွင် မူးယစ်ဆေးနှင့်ပတ်သက်သည့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် အရေးတကြီး လိုအပ်နေသည်ဟု သူက Myanmar Now ကို ပြောသည်။
ဥပဒေပြင်ဆင်၊ ဆေးရုံတိုးချဲ့
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ၁၉၉၉ ခုနှစ်မှစ၍ ၅ နှစ်စီမံကိန်းများဖြင့် အကောင်အထည်ဖော်လျက်ရှိသည်။ ယခင်စီမံကိန်းများတွင် လူနာတစ်သောင်းကျော်သာ ရှိပြီး စတုတ္ထ ၅ နှစ်စီမံကိန်းတွင် တစ်သောင်းသုံးထောင်ကျော်အထိ ရှိလာသည်။
မူးယစ်စွဲဝေဒနာကုသမှုခံယူသူ အရေအတွက် တိုးမြင့်လာသော်လည်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ အရ မက်သဒုန်းတိုက်ကျွေးရေးစင်တာ ၄၆ ခု၊ မူးယစ်ဆေးဖြတ်ဆေးရုံ ၇၃ ရုံ ရှိသည်။
မူးယစ်ဆေးဖြတ်ဆေးရုံ ၇၃ရုံတွင် တစ်ခု အပါအဝင်ဖြစ်သည့် ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံတွင် အကျယ်အဝန်း ကန့်သတ်ချက်အရ လူနာ ၅ဝ သာ လက်ခံနိုင်သည်။ ထိုဆေးရုံမှ ပါမောက္ခ ဒေါက်တာဦးလှဌေးက ထိုနေရာတွင် ဆေးဖြတ်လူနာတို့အတွက် ပိုမိုကျယ်ဝန်းသည့် မူးယစ်ဆေးဖြတ်ဆေးရုံတစ်ခု လိုအပ်သည်ဟု ပြောသည်။
ပိုမိုထိ ရောက်သည့် ကုသမှုပေးနိုင်သည့် ပြန်လည်ထူထောင်ရေးစခန်း၊ ဆေးရုံ၊ ဆေးခန်းများစွာ လိုအပ်လျက် ရှိသော်လည်း ကျွမ်းကျင်လုပ်သား ရှားပါးမှု၊ ငွေကြေးလိုအပ်မှုတို့မှာ ပြဿနာဖြစ်နေသည်ဟု ဒေါက်တာဦးလှဌေးက သူ၏ရုံးခန်းတွင် Myanmar Now နှင့် တွေ့ဆုံစဉ် ပြောပြသည်။
ရန်ကုန် သင်္ဃန်းကျွန်းဆေးရုံကြီးတွင် နံနက် ၈ နာရီမှ ၁၁ နာရီ အတွင်းသာ မက်သဒုန်း ပေးဝေနိုင်သည့် အတွက် ရုံးဝန်ထမ်းများ၊ ဆေးရုံနှင့်ဝေးလံ သည့်နေရာများတွင် နေထိုင်သူတို့ ဆေးရရှိရေး ခက်ခဲနေသည်ဟု ရန်ကုန်မှ မူးယစ်ဆေးစွဲသူများကို နှစ်သိမ့် ဆွေးနွေးရေး ဆောင်ရွက်ပေးနေသူ ဦးဝင်းမင်းက ပြောသည်။
“ ရန်ကုန်မြို့တွင်းကျတဲ့ အနောက်ပိုင်းဆေးရုံကြီးမှာ မက်သဒုန်းပေးဝေရေး ဌာနတစ်ခုဖွင့်ဖို့ တင်ပြထားပေးမယ့် ခုထိတော့ မထူးခြားသေးပါဘူး” ဟု သူက ရှင်းပြသည်။
၁၉၉၃ မူးယစ်ဥပဒေကိုပြင်ဆင်ရန် စိတ်အား ထက်သန်သူများထဲတွင် ရဲမှူးကြီး မြင့်အောင်လည်း ပါဝင်သည်။
မူးယစ်ဥပဒေပြင်ဆင်ရန် ဆောင်ရွက်နေသည်ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ အန္တရာယ် ကာကွယ်ရေး ဗဟိုအဖွဲ့မှ ရဲမှူးကြီး မြင့်အောင်က ပြောသည်။
“ဥပဒေကြမ်းကို ရှေ့နေချုပ်ရုံးကို ပို့ဖို့ရှိတယ်။ ပြီးရင်တော့ လွှတ်တော်အသီးသီးမှာ ဆွေးနွေးသွားမယ်။ နောက်ဆုံးအဆင့်ကတော့ ပြည်သူလူထုကို ချပြသွားမှာပါ” ဟု သူက ပြောသည်။
“မူးယစ်ဆေးဝါး သုံးစွဲသူတွေနဲ့ပတ်သက်ရင်တော့ လက်ရှိဥပဒေအရ ဆိုရင်တော့ ပြစ်မှုဖြစ်တယ်။ နောက်ပြင်မယ့်ဟာမယ် ဆိုရင်တော့ ပြစ်မှုကြောင်းအရ အရေးယူတာမျိုးမဟုတ်တော့ဘဲ ကျန်းမာရေးရှုထောင့်အရ ဆေးဝါးကုသတာတွေ၊ ပြန်လည်ထူထောင်တာတွေနဲ့ ပိုပြီးထိရောက်အောင် ဆောင်ရွက်သွားဖို့ ရှိပါတယ်”

မြန်မာနိုင်ငံ၏ အကြီးဆုံး မူးယစ်ဆေးဖြတ်ဆေးရုံဖြစ်သည့် ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံအတွင်း သော့ခတ်ထားသည့် သံတံခါးတစ်ခုကို ကျော်ပြီး ကြည့်လိုက်လျှင်
စိတ်နှင့်မူးယစ်ဌာနအတွင်း ဆေးဖြတ်နေသူများ ဥပဒဟိုသွားလာနေသည်ကို တွေ့မြင်နေရသည်။ အုပ်စုဖွဲ့ စကားပြောဆိုနေကြသူများရှိသလို တစ်ဦးတည်း ထိုင်ငေးနေကြသူများလည်း ရှိသည်။ ဆေးရုံ၏ အလယ်ဗဟိုတွင်ရှိသည့် ဘက်စကက်ဘောကစားကွင်းမှာ ဆော့ကစားသူ မရှိ၊ တိတ်ဆိတ်နေပြီး အလေးမရုံမှာလည်း ထိုနည်းလည်းကောင်းပင်။
ဝင်ပေါက်ရှိ ရုံးခန်းအတွင်းတွင် ဒေါက်တာဦးလှဌေးက ခေတ်မမီတော့သည့် မူးယစ်ဥပဒေကို ပြင်ဆင်ပြီးလျှင် ပိုမိုကောင်းမွန်မည့် ဆေးရုံသစ်၊ ပိုမိုကောင်းမွန်လာနိုင်သည့် မူးယစ်ဆေးစွဲသူများ၏ အနာဂတ်အကြောင်းတို့ကို ပြောပြသည်။
“ဥပဒေကြမ်း အတည်ဖြစ်သွားရင်တော့ မူးယစ်ဆေးစွဲသူတွေကို ရဲကတွေ့ရင် ဆေးဖြတ်ဖို့ တိုက်တွန်းရမယ်။ အရင်လို ဖမ်းပြီးထောင်ချတာမျိုး လုပ်လို့မရတော့ဘူး” ဟု ဒေါက်တာဦးလှဌေးက ပြောလိုက်သည်။ ။