
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့၏ အေးစိမ့်စိမ့်ရာသီဥတု ည ၉ နာရီခန့်တွင် အထပ်မြင့် ၅ ထပ်အဆောက်အအုံ၏ အပေါ်ဆုံးထပ်တွင် မွေးနေ့ပွဲတစ်ခု ပြုလုပ်နေသည်။
အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး၏ မွေးနေ့အခမ်းအနား ပြုလုပ်နေခြင်းဖြစ်ပြီး အခန်းအဝင်ဝတွင် မွေးနေ့ရှင်နှင့်အတူ စားပွဲခုံပေါ်တွင် အဖြူရောင်မှုန့် အတန်းလိုက်များ လင်ပန်း ၅ ခုခန့်နှင့် ရောင်စုံကော်ပိုက်တချို့ ချထားသည်ကို တွေ့ရသည်။
မိုင်းစိန်ဝင်း (အမည်လွှဲ) အပါအဝင် မွေးနေ့ပွဲလာသူများက ထိုအခန်းထဲ ဝင်သည်နှင့် မွေးနေ့လက်ဆောင် ဟုန်ပေါင်း (ငွေသားထည့်ထားသည် စာအိတ်) များ ထုတ်ပြီး မွေးနေ့ရှင်ကို ပေးကြရာ လင်ပန်းထဲရှိ အဖြူရောင်မှုန့်များ ရှူရှိုက်ရန် မွေးနေ့ရှင်က တိုက်တွန်း ဧည့်ခံနေသည်။
ထိုအဖြူရောင်မှုန့်များက လူငယ်များအကြား ရေပန်းစားလှသည့် “K” ဟု အမည်ရသည့် အမှုန့်များပင် ဖြစ်သည်။
မွေးနေ့ပွဲလာသူ အရေအတွက် ၃၀ ဝန်းကျင်ခန့် ရှိမည့် အဆိုပါအခန်းတွင်းမှာ အသက် ၁၈ နှစ်မှ အသက် ၄၀ ခန့်အကြား အမျိုးသား၊ အမျိုးသမီးများသည် ကျယ်လောင်သော တီးလုံးသံနှင့်အတူ ကခုန်လိုက်၊ ထိုအဖြူရောင် အမှုန့်များ ရှူလိုက်ဖြင့် ရှိနေကြသည်။
ဖဲချပ်တစ်ချပ်နှင့် အမှုန့်များကို သစ်သားလင်ပန်းပေါ် ဖြန့်ကြဲလိုက်ပြီး အကန့်လိုက်ဖြစ်အောင် လုပ်ကာ ကော်ပိုက်တစ်ဖက်ကို နှာခေါင်းတွင်း ထည့်၍ ကျန်တစ်ဖက်ဖြင့် အဖြူမှုန့်များကို ရှူရှိုက်ရခြင်း ဖြစ်၍ စသုံးသူဖြစ်ပါက လည်ပင်းစပ်ကာ ချောင်းတရစပ် ဆိုးလာနိုင်သည်။
“K ရှူလို့ မသေရင်တောင် ချက်ချင်းထိမှာက ယောကျ်ားလေးတွေ ပန်းသေတာ။ မိန်းကလေးတွေ ကိုယ်ဝန်မရတော့တာမျိုး ဖြစ်မှာ” ဟု စီးပွားရေးလုပ်ငန်းရှင် မိုင်းစိန်ဝင်း (အမည်လွှဲ) က ပြောသည်။
သူကိုယ်တိုင်လည်း K (Ketamine- ကတ်တမင်း) ဟု ခေါ်သည့် အဖြူရောင်မှုန့်များကို ရှူရှိုက် သုံးစွဲနေသူတစ်ဦးဖြစ်သည်။

မွေးနေ့ပွဲ ကျင်းပသည့်နေရာသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး နိုင်ငံခြားပို့ကုန်လုပ်ငန်းများ တည်ရှိရာ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ပေါ်ရှိ အဆင့်မြင့်ကေတီဗီအဆောက်အအုံကြီးတစ်ခုအတွင်း ဖြစ်ပြီး အဝင်ဝမှာပင် အစောင့်ဝန်ထမ်းအများအပြားရှိပြီး မှန်ကောင်တာများနောက်ဝယ် အကောင်းစား၊ ဈေးကြီးကြီးဟု ယူဆရသည့် အရက်၊ ဝိုင်များလည်း ရှိသည်။
အဆိုပါနေရာတွင် အခန်း ၅၀ ခန့် ရှိနိုင်ပြီး အခန်းအများစုအဝတွင် ကုတ်အင်္ကျီအနက်ရောင် တူညီစွာ ဝတ်ဆင်ထားသည့် ဝန်ထမ်းအစောင့်များ ရပ်စောင့်နေသောကြောင့် အခန်းတိုင်းလိုလို လူပြည့်နေသည်ဟု ယူဆရသည်။
မူဆယ်မြို့ပေါ်တွင် အလားတူ အဆင့်မြင့်ကေတီဗီ ၂၀ ကျော် ရှိနေပြီး ထိုနေရာအားလုံးတွင် K ကို လွတ်လွတ်လပ်လပ် သုံးစွဲခွင့်ပြုထားသည်။ ကေတီဗီများ၌ ပေါ်တင်ရောင်းချခြင်း မရှိသော်လည်း အမှုန့်များတင်ရန် လင်ပန်းများနှင့် ရောင်စုံကော်ပိုက်များကိုမူ ဆိုင်က ပံ့ပိုးပေးထားသည်။
K ယဉ်ကျေးမှုနှင့် Hi ခန်း
စစ်တပ် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော ဆိုးကျိုးများတွင် ထိုအရာများသည်လည်း အပါအဝင် ဖြစ်သည်။ လျော့ရဲလာသော တရားဥပဒေနှင့်အတူ လူငယ်လူရွယ်များကို ထိုလမ်းကြောင်းပေါ်သို့ တွန်းပို့နေကြပြီး အတားအဆီးမရှိ သုံးစွဲလာကြသည်။
၂၀၂၁ နှစ်ကုန်ပိုင်းမှ စတင်ကာ နိုင်ငံအနှံ့ ကေတီဗီများတွင် K ဟု ခေါ်သည့် ကက်တမင်း (Ketamine) အမှုန့်၊ E ဟု ခေါ်ကြသည့် အက်စတာစီ (Ecstasy) အပြားများ၊ Happy Water (ပေါင်းစပ်ထားသည့် အမှုန့်များ) ကို အုပ်စုဖွဲ့၍ သုံးစွဲကြပြီး ထိုနေရာကို Hi (ဟိုင်း) ခန်းဟု ခေါ်ဝေါ်ကြသည်။
နိုက်ကလပ်များ၊ Bar များနှင့် ကေတီဗီများတွင် လူငယ်များ၏ အပျော်အပါး ကခုန်ရင်း ရှူရှိုက် သုံးစွဲသည့် အမှုန့်များ၊ ဆေးပြားများ ဖြစ်ကြ၍ ထိုအရာများကို Club,Party Drugs ဟု ခေါ်ကြသည်။
K ကို ယခင်က ခွဲစိတ်ရာ၌ မေ့ဆေးအဖြစ်လည်းကောင်း၊ စိတ်ငြိမ်ဆေးအဖြစ်လည်းကောင်း အသုံးပြုခဲ့ကြပြီး နာကျင်မှု သက်သာစေသော်လည်း ယခု မူးယစ်ဆေးများနှင့် တွဲကာ အသုံးပြုနေကြခြင်း ဖြစ်သည်။
ကက်တမင်း (K) ၊ စိတ်ကြွဆေးဟု လူသိများသည့် မက်သအင်ဖက်တမင်း (Methamphetamine) ၊ ကဖင်း (Caffeine) ၊ အက်စတာစီ (Ecstasy)၊ ဒိုင်ယာဇီပင် (Diazepam) ၊ တာမယ်ဒေါလ် (Tramadol) ရောနှောထားသည့် Happy Water (Deadly Cocktail) အမှုန့်တစ်ထုပ်သည် ကော်ဖီမစ်ထုပ် အရွယ်အစားခန့်ရှိပြီး ထိုအမှုန့်များကို အချိုရည်တစ်မျိုးမျိုးနှင့် ရောစပ် သောက်သုံးကြပြီး တစ်ထုပ်လျှင် လူ ၈ ဦးမှ ၁၀ ဦးအထိ သောက်သုံးနိုင်သည်ဟု သိရသည်။
အထူးသဖြင့် နယ်စပ်မြို့ဖြစ်သော မူဆယ်တွင် နိုက်ကလပ်၊ ကေတီဗီနှင့် လူနေရပ်ကွက်များအထိ K ရှူမှု ရှင်သန်ကြီးထွားနေသလို ထိုင်း-မြန်မာနယ်စပ်များတွင်လည်း အသုံးပြုမှု မြင့်တက်နေသည်။
သုံးစွဲရ လွယ်ကူပြီး ထိုအရာများ သုံးစွဲပါက စိတ်ပျော်ရွှင်စေပြီး တက်ကြွလန်းဆန်းစေသော ခံစားမှုများ၊ လေထဲ လမ်းလျှောက်နေသကဲ့သို့ ခံစားမှုများကို ဖြစ်စေနိုင်သည်။

ထို K အမှုန့်များကို မူဆယ်မြို့တွင်းမှာပင် ထုတ်လုပ်မှုများရှိသလို တရုတ်နိုင်ငံအပြင် နယ်စပ် လောက်ကိုင်၊ မိုင်းလားတို့ဘက်မှလည်း ဝင်ရောက်ကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။
“K ကို မူဆယ်မြို့ထဲ နေရာအနှံ့အပြားမှာ တစ်ဦးချင်း ထုတ်လုပ်တာမျိုး ရှိနေပြီး လျှို့ဝှက်ဝယ်ယူကြတာပါ။ ကေတီဗီတိုင်းမှာ K ဝယ်ယူလို့ရတဲ့ နေရာကို လွယ်လွယ်ကူကူမေးပြီး ဝယ်ယူလို့ ရပါတယ်။ ကေတီဗီဘက်က ကိုယ်တိုင်ရောင်းဝယ်နေတာမျိုးလည်း ရှိပါတယ်” ဟု ရှမ်း/မြောက် ဒေသခံတစ်ဦက ပြောသည်။
ဈေးနှုန်းအားဖြင့် ပစ္စည်းကောင်းမကောင်းအပေါ် မူတည်ကာ တစ်ကီလိုဂရမ်ကို အနိမ့်ဆုံး မြန်မာကျပ်ငွေ ကျပ် ငါးသောင်းမှ အများဆုံး ကျပ် ရှစ်သောင်းအထိ ပေါက်ဈေးရှိကာ မိုင်းလား ၊ လောက်ကိုင်ဘက်မှ ဝင်ရောက်သော K ကို ပစ္စည်းကောင်းဟု အများက ယူဆသတ်မှတ်ထားကြသည်။
K ရောင်းဝယ်မှုသည် တရားဝင်သည် မဝင်သည်ဆိုသော ဥပဒေပုဒ်မများ မတွေ့ရသော်လည်း ရောင်းဝယ်သူများနှင့် စစ်ကောင်စီတို့ကြား ပါဝင်ပတ်သက်မှုများ ရှိနေကြောင်း မိုင်းစိန်ဝင်းက ပြောသည်။
အလားတူ ကေတီဗီများတွင် လွတ်လွတ်လပ်လပ် K ရှူနေနိုင်သည်မှာ စစ်ကောင်စီနှင့် အခြားလက်နက်ကိုင်များကို ကေတီဗီဘက်က အခွန်အများအပြား ပေးဆောင်ထားခြင်းကြောင့်လည်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။
ထိုယဉ်ကျေးမှုသည် နယ်စပ်မြို့၌သာပင် မဟုတ်ပေ။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကဲ့သို့ မြို့ကြီးများတွင်သာမက ဧရာဝတီတိုင်း ပုသိမ်မြို့ကဲ့သို့ ပြည်မမြို့ကြီးများတွင်ပါ ပေါ်တင် အသုံးပြုနေကြပြီး တွင်ကျယ်စွာ သုံးစွဲလာကြသည်။
ပုသိမ်မြို့ပေါ် ဟိုတယ်များတွင် ပေါ်တင်အသုံးပြုနေ
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်ရှိ ဟိုတယ် အနည်းဆုံး ၃ ခုခန့်တွင် လူငယ်များနှင့် လူလတ်ပိုင်းများ စုပေါင်း၍ မူးယစ်ဆေးသုံးစွဲမှုများ ပေါ်ပေါ်တင်တင် ပြုလုပ်နေကြကြောင်း မြို့ခံများက ပြောကြ သည်။
ပုသိမ်-မုံရွာလမ်းမကြီးဘေး Hotel Lonkan ၊ မြကျွန်းသာအိမ်ရာရှိ Golden Princess Hotel၊ မဟာဗန္ဓုလလမ်းမကြီးဘေး ပုသိမ်ဟိုတယ်တို့ရှိ ကေတီဗီခန်းများတွင် အုပ်စုဖွဲ့ကာ K, E, Happy Water တို့ကို သုံးစွဲကြသည်ဟု အသက် ၃၆ နှစ်အရွယ် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“အဓိကကတော့ K ပေါ့။ Hi ခန်းထဲ စရောက်တဲ့အချိန်မှာ K အရင်ရှူတယ်။ ပြီးတော့မှ E ကိုက်တယ်။ အဲဒါပြီးရင်တော့ ပျော်သလိုလိုဖြစ်သွားပြီး ကကြတယ်ပေါ့ဗျာ။ နှစ်နာရီ သုံးနာရီလောက် ကပြီး ဆေး (အရှိန်) ကျသွားခါနီးမှာ Happy Water သောက်ပြီး အရှိန်ပြန်တင်တဲ့သဘောပါ။ ငွေကြေးကတော့ ချဲ့ရင်ချဲ့သလောက် ကုန်ပါတယ်” ဟု ၎င်းက ပြောသည်။

ပုသိမ်မြို့တွင် K တစ်ထုပ် (တစ်ကီလိုဂရမ်) လျှင် ပစ္စည်းအမျိုးအစား သန့်၊ မသန့် (သုံးစွဲသူများအခေါ်) ပေါ် မူတည်၍ ကျပ် ၆၅,၀၀၀ မှ ကျပ် ၁၂၀,၀၀၀ ၊ E ဆေးပြား တစ်ပြားလျှင် ကျပ် ၅၀,၀၀၀ ၊ Happy Water အမှုန့် တစ်ထုပ်လျှင် ကျပ် ၄၀၀,၀၀၀ ခန့် ပေါက်စျေးရှိသည်ဟု ထိုဆေးများ သုံးစွဲဖူးသည့် အထက်ပါလူငယ်က ဆိုသည်။
ယခုနှစ် ဖေဖော်ဝါရီ ၁၁ ညပိုင်းက ပုသိမ်ဟိုတယ်ရှိ Phoenix Cafe’ & Bar တွင် DJ ပွဲ ပြုလုပ်ခဲ့ပြီး ပွဲလာသူများက K,E,Happy Water များ ပေါ်ပေါ်ထင်ထင် အသုံးပြုခဲ့ကြကြောင်း ထိုပွဲ၌ ရှိနေသည့် အသက် ၃၀ ဝန်းကျင် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
ထိုပွဲ၌ အရပ်ဝတ်ရဲများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိနေခဲ့ပြီး ဖမ်းဆီးခြင်း တစ်စုံတစ်ရာ မရှိခဲ့ဟု ၎င်းက ဆိုသည်။
“စားပွဲခုံတွေပေါ်မှာ ထိုင်မလုပ်ရုံပဲ ရှိတယ်။ အိမ်သာတို့၊ လူသွားလမ်းတို့မှာ မြို့ပေါ်က လူတော်တော်များများ ဆေးသုံးနေကြတာ။ ပြောရရင် မြင်လည်း မသိချင်ယောင်ဆောင်ပေးတဲ့ အကွက်တွေလေ”
K ,E, Happy Water မူးယစ်ဆေးဝါးများကို အသုံးပြုသူများသည် အနည်းဆုံး လူ ၅ ဦးမှ ၁၀ ဦးအကြား လူစု၍ Hi ခန်း ဝင်ကြပြီး ဆေးဝယ်ယူရန် ကုန်ကျငွေ၊ အခန်းငှားရမ်းခ၊ ကေတီဗီတွင် အလုပ်လုပ်သော မိန်းကလေးများကို ငှားရမ်းခများ ကုန်ကျကာ Hi ခန်းဝင်သူ တစ်ဦးလျှင် ကျပ် ၃ သိန်းမှ ၄ သိန်းအထိ ကုန်ကျနိုင်သည်ဟု ပုသိမ်မြို့ခံလူငယ်များထံမှ သိရသည်။
ထိုဆေးများ အသုံးပြုသူများထဲတွင် ပုသိမ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအကြီးအကဲများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ အကြီးအကဲများကိုယ်တိုင် သုံးစွဲနေပြီး Hi ခန်းများ၌ ၎င်းတို့ကို မကြာခဏ တွေ့ရကြောင်း စစ်ကောင်စီအသိုင်းအဝိုင်းနှင့် နီးစပ်သူ အမျိုးသားတစ်ဦးကလည်း ပြောသည်။
ရောင်းချမှုများ၌ စစ်တပ်နှင့် ရဲများ ပါဝင်ပတ်သက်နေကြောင်း၊ နောက်ကွယ်မှ ဖြန့်ဖြူးရောင်းချနေကြောင်း ၎င်းက ဆိုသည်။
“ပုသိမ်မှာတော့ အဲ့ဒီဟိုတယ် ၃ ခုလုံးမှာ Hi ခန်းတွေ ရှိတယ်။ ပေါ်တင်လိုလိုကို သုံးနေကြတာ၊ ရဲနဲ့ စစ်တပ်က တစ်ခါတလေ အဲ့ဒီဟိုတယ်တွေကို ဝင်အဖမ်းပြပေမဲ့ ဒီလောက်ပေါ်တင်လုပ်နေတာကို ဖမ်းမမိဘူးဆိုတာတော့ မဟုတ်သေးဘူးလေ” ဟု ထိုသူက ဆက်ပြောသည်။
ထိုဟိုတယ် ၃ လုံးရှိ KTV ခန်းများကို စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများက မကြာခဏဆိုသလို ဝင်ရောက်စစ်ဆေးကြသော်လည်း လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူ တစ်ဦးတစ်ယောက်မျှ မရှိသေးကြောင်း သူက ဆိုသည်။
Golden Princess Hotel သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် တိုင်းစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးရာထူးမှ ဒုညွှန်ကြားရေးမှူးရာထူးသို့ လျှော့ခံရသည့် ဦးအောင်မင်းနိုင် ရှယ်ယာပါဝင်သည့် ဟိုတယ်ဖြစ်ကာ လက်ရှိတွင် ရာထူးမှ အငြိမ်းစားယူထားသည်။
လုပ်ပိုင်ခွင့်မရှိဘဲ ဝန်ထမ်းများကို နေရာပြောင်းရွှေ့ခြင်း၊ လုပ်ငန်းတင်ဒါ ခေါ်ယူရာတွင် လက်အောက်ဝန်ထမ်းများဖြင့်သာ ကော်မတီဖွဲ့ခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့် တင်ဒါစည်းမျဉ်းကို ချိုးဖောက်ခြင်း၊ အဂတိလိုက်စားသည်ဟု တိုင်တန်းခံရခြင်းများကြောင့် ၎င်းကို ရာထူးလျှော့ခဲ့ခြင်းဖြစ်သည်။
အလားတူ ပုသိမ်ဟိုတယ်မှာ ဦးတေဇ၏ Htoo Group of Companies မှ နှစ်ရှည်ငှားရမ်းထားသည့် ဟိုတယ်ဖြစ်ပြီး Hotel Lonkan မှာ ပုသိမ်မြို့ခံ လူငယ်တစ်ဦး ပိုင်ဆိုင်သည်။

K နှင့် အခြားဆေးဝါးများ ဆိုးကျိုး
အပျော်အပါးအတွက်ဟု ဆိုကာ ပေါ့ပေါ့ပါးပါး သုံးစွဲနေကြသော်လည်း မထင်မှတ်ရလောက်သည့် ဆိုးကျိုးများက များလှသည်။ မူဆယ်မြို့ပေါ်ရှိ KTV ဆိုင်များတွင် တစ်လလျှင် အနည်းဆုံး လူတစ်ဦး K ရှူ၍ သေဆုံးနေသည်။
K ရှူရင်း အရက်နှင့် အရက် ပါဝင်မှုများပြားသည့် ဘီယာ၊ ဝိုင်များ သောက်သုံးရင်း သတိလစ် သေဆုံးသွားသူ အများစုသည် အသက် ၂၃၊ ၂၄ နှစ်ခန့် လူငယ်များ ဖြစ်ကြသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာစသိမ်းသည့် ၂၀၂၁ နောက်ပိုင်း နှစ်နှစ်ကျော်အတွင်း မူဆယ်မြို့တွင် K သည် တစ်ဟုန်ထိုး ပျံ့နှံ့လာခဲ့ပြီး တိကျသည့် စာရင်းအချက်အလက်များ ကောက်ယူထားခြင်း မရှိသော်လည်း လက်ရှိအချိန်ထိ မူဆယ်မြို့တွင် K ရှူမှုကြောင့် သေဆုံးသူ ၁၅ ဦးထက်မနည်း ရှိကြောင်း မိုင်းစိန်ဝင်းက ပြောသည်။
အဆိုပါသေဆုံးမှုများကို သတင်းအမှောင်ချထားသောကြောင့် မည်သည့်သတင်းဌာနများမှာမှ မတွေ့ရသလို သေဆုံးမှုလူဦးရေသည်လည်း သူသိသည်ထက် များနိုင်ကြောင်း ဆိုသည်။
မူဆယ်မြို့မှ K သားကောင်အများစုသည် အသက် ၁၄ နှစ်မှ ၄၀ နှစ်အကြား ဖြစ်ပြီး စစ်အာဏာသိမ်းမှုကြောင့် နယ်စပ်ဒေသများတွင် အလုပ်လာရောက်လုပ်ကိုင်သူများနှင့် ဒေသတွင်း အလုပ်အကိုင်ရှားပါးမှုဒဏ် ခံနေရသူများ ဖြစ်ကြသည်။
ထိုအရာသည် မူဆယ်လို နယ်စပ်မြို့အပြင် မန္တလေး၊ ရန်ကုန် စသည့် မြို့ကြီးများအထိ လူငယ်များအကြား လွှမ်းမိုးမှုများရှိနေပြီ ဖြစ်သည်။
K သည် တရုတ်ဘက်မှ စတင်ဝင်ရောက်လာကာ နယ်စပ်တစ်လျှောက် ရှမ်းပြည်နယ်တွင် သုံးစွဲမှု အများဆုံးဖြစ်ပြီး “ဝ” ဒေသ၊ မိုင်းလား၊ လောက်ကိုင်မှတစ်ဆင့် မူဆယ်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်ဟု ဆိုကြသည်။
K သုံးစွဲသူများသည် အဆုတ်နှင့် ဦးနှောက်တွင် ထိခိုက်မှုများရှိပြီး သတိလစ်လဲကျခြင်း၊ အကြောသေခြင်း၊ နှုတ်ခမ်းများ ပြာနှမ်းလာခြင်း၊ နှာရည်ယိုခြင်းများ ကြုံတွေ့နိုင်သည်ဟု ဆေးပညာရှင်များက သုံးသပ်ထားကြသည်။
K အလွန်အကျွံ သုံးစွဲပါက သေဆုံးနိုင်လောက်သည်အထိ ကြုံတွေ့ရပြီး တချို့သည် ပထမဆုံး သုံးစွဲစဉ်မှာပင် ရုတ်တရက်သေဆုံးနိုင်ကြောင်း၊ အရက်နှင့် တွဲဖက်သုံးစွဲပါက သေဆုံးမှုနှုန်း သိသိသာသာ မြင့်တက်လာကြောင်း ဘန်ကောက်ဆေးရုံ၏ ကျန်းမာရေးအသိပေးချက်တွင် ဖော်ပြထားသည်။ လက်ရှိ ထိုင်းနိုင်ငံတွင် မူးယစ်ဆေးသုံးစွဲသူများ သေဆုံးမှုနှင့် ဆက်စပ်နေကြောင်း ပါရှိသည်။
K သုံးစွဲပြီး မကြာမီအချိန်အတွင်းပင် ကယောင်ကတမ်း မြင်ယောင်ခြင်း၊ ယာယီလေဖြတ်ခြင်းများ ဖြစ်နိုင်ကာ ရေရှည်တွင် ဦးနှောက်ပျက်စီးမှုနှင့် မှတ်ဉာဏ်နှင့် အာရုံခံမှုတို့အပါအဝင် ဦးနှောက်လုပ်ဆောင်ချက်များ ချို့ယွင်းလာစေကြောင်း အထူးကုဆရာဝန်ကြီးများကို ကိုးကား၍ ဖော်ပြထားသည်။
ကတ်တမင်းနှင့် မက်သအင်ဖက်တမင်း (Methamphetamine) တို့သည် နှလုံးရောဂါ သို့မဟုတ် နှလုံးသွေးကြောပိတ်ခြင်းတို့ကို ဖြစ်ပေါ်စေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် သတိလစ်မှုတို့ ဖြစ်ပေါ်စေနိုင်ကာ သုံးစွဲသူတစ်ဦးစီ၏ တစ်ဦးချင်းအခြေအနေများအပေါ်တွင် သိသိသာသာသက် ရောက်နိုင်သည်ဟု သိရသည်။
မူးယစ်စေသောအရာ ၆ မျိုး ပေါင်းစပ်ထားသော Happy Water သောက်သုံးသူများသည်လည်း အိပ်မပျော်ခြင်း၊ ခန္ဓာကိုယ်ထိန်းချုပ်နိုင်မှု ခက်ခဲလာခြင်း၊ စိတ်ကယောင်ချောက်ချားဖြစ်လာခြင်းများ ကြုံတွေ့လာရနိုင်ကာ တစ်ဦးချင်းအပေါ် သက်ရောက်မှု မတူညီကြောင်း ဆေးပညာရှင်များက ပြောထားကြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်တွင် မန္တလေးတိုင်းဘက်မှ K အမှုန့်များ ဝင်ရောက်လာမှုများအကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
“အရင်ခေတ်က မူးယစ်ဆေးသုံးတဲ့အလွှာက တစ်ခုလေးပဲ ရှိတာ။ သူ့အလွှာလေးနဲ့ သူပဲ။ အခုကျတော့ လက်ညှိုးထိုးလိုက်တဲ့အလွှာတိုင်းမှာ အကုန်ရှိနေတယ်လေ။ ဒါတွေကို ဘယ်လို ကွန်ထရိုး (ထိန်းချုပ်) လုပ်တော့မလဲ။ အခု ဒီမှာ ရဲတွေ သုံးတယ်။ စစ်သားလည်း တူတူပဲ။ မြေစာရင်း၊ လဝက ကဲ့သို့သော အစိုးရဌာနဆိုင်ရာရောပဲ၊ (သုံးစွဲသူတွေ) အနှံ့အပြားမှာ ရှိနေတယ် အများကြီးပဲ” ဟု ထိုသူက ဆိုသည်။
K ကို လနှင့်ချီ သုံးစွဲပါက ရာမ၊ WY တို့ထက် စွဲလန်းမှု ပိုများပြီး သုံးစွဲမှုပမာဏ များပါက မသုံးရ မနေနိုင် ဖြစ်နိုင်ကြောင်း၊ ပိုက်ဆံမရှိ၍ Hi ခန်း မသွားနိုင်၊ အိမ်မှာ မသုံးစွဲနိုင်ပါက အခြားမူးယစ်ဆေးများ အစားထိုးသုံးစွဲမှုများ ဖြစ်လာနိုင်ကြောင်း သုံးစွဲဖူးသူများထံမှ သိရသည်။
မူးယစ်ဆေးတိုက်ဖျက်ရေးတွင် နှစ် ၃၀ နီးပါး ဆောင်ရွက်ခဲ့သော ထိုအမျိုးသားက ယခုကဲ့သို့ မှတ်ချက်ပြုသည်။
“စွဲလန်းစေသော အရာတစ်ခုခုသည် စိတ်ကို စွဲလန်းစေတယ်ဆိုကတည်းက ကျန်းမာရေးအရ အနည်းနဲ့ အများက အန္တရာယ်ပေးတယ်။ အဲဒီမှာမှ K တို့၊ Happy Water တို့လို သုံးတယ်။ သူသုံးနိုင်တဲ့အခြေအနေ ဖန်တီးပေးရင် သုံးတယ်။ လူဆိုတာ ကြီးကြီးငယ်ငယ် စမ်းကြည့်ကြတာပဲ။ ပိုက်ဆံလည်း မရှိဘူး။ ကေတီဗီလည်း ပိတ်တယ်ဆိုရင် သူ့ (K) ထက် အများကြီးအဆင့်နိမ့်တဲ့ ရာမဘက်ကို လှည့်မှာပေါ့“
မူဆယ်မြို့သည် တရုတ်-မြန်မာနယ်စပ် အကြီးမားဆုံးပြည်ပပို့ကုန် တည်ရှိရာ မြို့ဖြစ်ပြီး ပြည်မက လာရောက် အလုပ်လုပ်သူ အများအပြားရှိသလို တရုတ်နိုင်ငံတွင် သွားရောက်လုပ်ကိုင်သူများဖြင့် အမြဲ စည်ကားနေသည်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များ များပြားပြီး လောင်းကစား၊ ကေတီဗီနှင့် တရားမဝင် မူးယစ်ရောင်းဝယ်မှုများအပြင် အခြားကုန်စည်ရောင်းဝယ်မှုများသည် မြို့၏ အဓိကစီးပွားရေးဖြစ်သည်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များက မြို့ကို ထိန်းချုပ်ထားပြီး ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်မှုများ ရှိသလို ရှမ်းမြောက်ဒေသ အင်အားကြီး မုံးပေါ်၊ ကောင်းခါး၊ တာမိုးညဲစသော ပြည်သူ့စစ်အဖွဲ့များ အခြေစိုက်လှုပ်ရှားသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် တအာင်းအဖွဲ့ (TNLA) ၊ ကိုးကန့်အဖွဲ့ (MNDAA) အပြင် တော်လှန်ရေးမှ ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များလည်း မြို့အနီး လှုပ်ရှားနေသည်။
အာဏာသိမ်းပြီးနောက် မြို့ပေါ် အုပ်ချုပ်ရေးယန္တရား ပျက်စီးလာပြီးနောက် ကေတီဗီ၊ ဘားများကို ရောက်ဖူးသူတိုင်း K အမှုန့်ကို မြင်ဖူးကြပြီး အများစုက သုံးစွဲကြဖူးသည်ဟု ဆိုကြသည်။
မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့တွင် နေထိုင်သော အသက် ၂၄ နှစ်အရွယ် မြန်မာလူငယ်တစ်ဦးက ရံဖန်ရံခါ အသုံးပြုခဲ့ဖူးကြောင်း ပြောသည်။
“ပထမဦးဆုံး စသုံးတဲ့အခါမှာတော့ K ဟိုးတယ်လို့ ခေါ်ကြတယ်။ နှာခေါင်းထဲ ရှူလိုက်ရင် ခါးသက်သက်နဲ့။ များသောအားဖြင့် K နဲ့ E ကို တွဲသုံးတယ်။ ကလပ်အများစုကျတော့ အိမ်သာထဲမှာ သုံးကြတယ်။ တချို့ကလပ်တွေက ပေါ်တင်သုံးလို့ရတယ်” ဟု သူက ဆိုသည်။
နယ်စပ်တွင် K တစ်ကီလိုဂရမ်တစ်ထုပ်ကို ဘတ်တစ်ထောင်ဝန်းကျင်ဖြစ်ပြီး E တစ်ပြားကို ဘတ်တစ်ထောင် ဈေးပေါက်ကြောင်း ပြောသည်။
“ကွာလတီကောင်းတဲ့ K တွေဆိုရင် အတုံးလေးတွေနဲ့ လာတယ်။ မရောထားဘူး။ သိပ်မသုံးတော့တာက ပိုက်ဆံကြောင့်လည်း ပါတယ်။ အပေါင်းအသင်းတွေကြောင့်လည်း ပါတယ်။ K ကတော့ ကျွန်တော်တော့ မစွဲဘူး” ဟု သူက ဆိုသည်။
ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ ၂၀၂၂ မေလနောက်ဆုံးပတ်၌ ထွက်ရှိခဲ့သည့် အစီရင်ခံစာတွင် ဓာတုဗေဒနည်းဖြင့် ထုတ်လုပ်ထားသည့် ယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ အရှေ့နှင့် အရှေ့တောင်အာရှတစ်ခွင်တွင် ဆက်လက်ကျယ်ပြန့်လာနေကြောင်း ဖော်ပြထားသည်။
၂၀၂၁ အတွင်း ထုတ်လုပ်မှု၊ ကုန်သွယ်မှုများ အမြင့်ဆုံး ရောက်ရှိခဲ့ပြီး ရာဇဝတ်ဂိုဏ်းများ၊ လက်နက်ကိုင်အဖွဲ့များက လာအို၊ ထိုင်းနှင့် မြန်မာ သုံးနိုင်ငံဆုံရာ နယ်စပ် ရွှေတြိဂံဒေသတွင်းနှင့် မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် ကိုဗစ်နှင့် နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ တိုးချဲ့ ထုတ်လုပ်နေကြကြောင်း သတိပေးထားသည်။
ထိုအစီရင်ခံစာတွင် မက်သာဖက်တမင်းဟု ခေါ်သည့် စိတ်ကြွဆေးပြား ၁၇၂ တန်နီးပါးကို ၂၀၂၁ ခုနှစ်အတွင်း အရှေ့နှင့် အရှေ့တောင်အာရှတွင် စံချိန်တင် ဖမ်းမိခဲ့သည်ဟု ဖော်ပြထားသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)