မော်လမြိုင်အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် လာဘ်ပေးလာဘ်ယူမှု ပြဿနာများ ရှိနေသည်ဟု အကျဉ်းသားဟောင်းတစ်ဦး ဖွင့်ချခဲ့သည့်ကိစ္စများကို စုံစမ်းစစ်ဆေးနေသည်ဟု ဗဟိုအကျဉ်း ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့က နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာခဲ့သော မော်လမြိုင်ထောင် အကျဉ်းသားဟောင်းတစ်ဦးက နေအိမ်မပြန်မီ သတင်းဌာနတစ်ခုနှင့်အင်တာဗျူးတွင် ပြောသည့် အကြောင်းအရာများကို စုံစမ်းနေခြင်းဖြစ်သည်။
ကိုဆန်းဝင်း (ခေါ်) နဂါးကြီးသည် ဧပြီ ၁၇ ရက် ထောင်မှ ထွက်လာပြီး မန္တလေးမြို့ ပြည်လုံးချမ်းသာရပ်ကွက်ရှိ နေအိမ်သို့မပြန်မီ ထောင်တွင်းကိုယ်တွေ့အဖြစ်အပျက်များကို မော်လမြိုင်ဘူတာကြီးတွင်ဖွင့်ဟခဲ့သည့် အင်တာဗျူးရုပ်သံအား မော်လမြိုင်အခြေစိုက် ‘နှင်းဆီနက်သတင်းအေဂျင်စီ’ facebook page ၌ ယင်းနေ့တွင်ပင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
Myanmar Now က ကြည့်ရှုခွင့်ရခဲ့သည့် အကျဉ်းဦးစီးဌာနမှတ်တမ်းအရ ကိုဆန်းဝင်း (ခ) နဂါးကြီးသည် ခိုးမှု ကိုးမှုဖြင့် ထောင်ဒဏ် စုစုပေါင်း ၃၆ နှစ်ကျခံစေရန် မန္တလေး မဟာအောင်မြေတရားရုံးက ၂၀၀၉ တွင် ချမှတ်ခံခဲ့ရသည်။
၎င်းသည် မူလကျခံရသည့် မန္တလေးထောင်သာမက မြင်းခြံ၊ အင်းစိန်၊ မြောင်းမြ၊ ဟင်္သာတ၊ မော်လမြိုင်စသည့် ထောင်အများအပြားတွင် နေဖူးကြောင်းနှင့် အဆိုပါထောင်များအားလုံးတွင် မူးယစ်ဆေးအလွယ်တကူ ရနေကြောင်း ကိုဆန်းဝင်းကပြောသွားသည်။
နောက်ဆုံး သူပြန်လွတ်လာသည့် မော်လမြိုင်ထောင်တွင် WY ခေါ် စိတ်ကြွရူးသွပ်ဆေးပြား (မက်သမ်ဖက်တမင်း) တစ်ပြားလျှင် ကျပ် ၅,၀၀၀ ပေါက်ဈေးရှိကြောင်း၊ ထောင်ဝန်ထမ်းအရာရှိများကိုယ်တိုင် ပါဝင်ပတ်သက်နေကြောင်း ကိုဆန်းဝင်းက အဆိုပါအင်တာဗျူးတွင် ပြောထားသည်။
ထို့ပြင် အချုပ်သားများကို အလုပ်စေခိုင်းမှုများရှိကြောင်း၊ အလုပ်မလုပ်လိုလျှင် ကျပ် နှစ်သိန်းပေးရပြီး ရဲဘက်စခန်းများသို့ အပြောင်းအရွေ့မခံလိုလျှင် နှစ်သိန်းမှ သုံးသိန်းအထိ ပေးရကြောင်းနှင့် ထောင်ကျရုံးမှ တစ်ပွင့်အရာရှိ ဦးနိုင်လင်း၊ ဒုတာဝန်ခံ ဦးဇော်ဦးတို့ကို ပေးရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်ကို အဆိုပါ ရုပ်သံအင်တာဗျူးတွင် တွေ့ရသည်။
အခြားထောင်များတွင် တစ်နေ့နှစ်ကြိမ် ရေချိုးခွင့်ပြုပြီး ယခုထောင်တွင် တစ်ကြိမ်သာချိုးရကြောင်း၊ အကျဉ်းသားများထံ မိသားစုကငွေပို့လိုလျှင် ပို့သည့်ငွေ၏ ၁၀ ရာခိုင်နှုန်းကို ဝန်ထမ်းများအားပေးရသည့်အပြင် ရှာဖွေရေးဝင်သည့်အခါ ပိုက်ဆံတွေ့ပါက သိမ်းဆည်းကြောင်း၊ အမှိုက်ပစ်ခ ကျပ် ၇,၀၀၀၊ မိလ္လာခ ကျပ် ၂,၀၀၀၊ ရေချိုးရန်အတွက် ကျပ် ၅,၀၀၀ လစဉ်ပေးဆောင်ရကြောင်း ကိုဆန်းဝင်းက အဆိုပါ အင်တာဗျူးတွင် ပြောသည်။
အဆိုပါအင်တာဗျူးပါ ကိုဆန်းဝင်း၏စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အကျဉ်းဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဌာန (စသုံးလုံး)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိများပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ ဧပြီလအတွင်း စတင် စစ်ဆေးရေးဝင်ခဲ့ကြောင်း ဗဟိုအကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးရဲရင့်နိုင်က Myanmar Now ကိုပြောသည်။
“လွတ်သွားတဲ့အချိန်မှာ ဘူတာမှာ သူပြောခဲ့တာပေါ့။ ပြောခဲ့တာနဲ့ပတ်သက်ပြီး မှန်လား မမှန်လား စုံစမ်းစစ်ဆေးနေတာ” ဟု ၎င်းကပြောသည်။
စစ်ဆေးရေးပြီးမပြီးကို ဦးရဲရင့်နိုင်က မပြောဘဲ အဆိုပါ အင်တာဗျူးထွက်ပေါ်လာပြီးပြီးချင်း စစ်ဆေးရေးဝင်ခဲ့ ကြောင်းကိုသာ ပြောသည်။
လက်ရှိစစ်ဆေးမှုအခြေအနေမည်သို့ရှိသည်ကို ၎င်းအနေဖြင့် သိခွင့်မရှိကြောင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တွေ့ရှိချက်များကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း ဦးရဲရင့်နိုင်က ဆက်ပြောသည်။
မော်လမြိုင်ထောင်တစ်ခုကိုသာ စစ်ဆေးရေးဝင်ခြင်းဖြစ်ပြီး ကိုဆန်းဝင်း စွပ်စွဲသည့် ကျန်အကျဉ်းထောင်များကိစ္စ ယခုစစ်ဆေးမှုတွင်မပါကြောင်း ပြောသည်။
“(သူ)ပြောတိုင်းသာ လျှောက်ပြီးတော့လုပ်နေရမယ်ဆိုရင်တော့ မဟုတ်သေးဘူးပေါ့နော်။ သူပြောတာ ဟုတ်နိုင်လား မဟုတ်နိုင်ဘူးလားဆိုတာ ပြောသွားတဲ့သူရဲ့ အနေအထားပေါ်လည်းမူတည်တယ်”ဟု ဦးရဲရင့်နိုင်က ပြောသည်။ နဂါးကြီးသည် စည်းကမ်းမလိုက်နာသည့် အကျဉ်းသားဖြစ်ခဲ့သဖြင့် ထောင်တစ်ခုပြီးတစ်ခု အပြောင်းခံခဲ့ရကြောင်းလည်း ဖြည့်စွက်ပြောသည်။
မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျနေသည့် လက်လီ၊ လက်ကားရောင်းဝယ်ဖောက်ကားသူနှင့် သုံးစွဲသူတို့မှ ထောင်ထဲသို့ နည်းလမ်းအမျိုးမျိုးဖြင့် မူးယစ်ဆေးဝါးများ သွင်းယူလာခြင်းဖြစ်ရာ အကျင့်ပျက်ဝန်ထမ်းများမှတစ်ဆင့် တင်သွင်းသည့်နည်းလမ်းလည်းပါဝင်သည်ဟု ၎င်းကဆိုသည်။
“ဝန်ထမ်းဆီကပဲမိမိ အကျဉ်းသားဆီကပဲမိမိ ထောင်ထဲမှာ မူးယစ်ဆေးဝါးမိတယ်ဆိုရင်ပဲ ကျွန်တော်တို့ဝန်ထမ်းတွေကပဲဖမ်းတာ။ ဖမ်းပြီးမှ ရဲတပ်ဖွဲ့ကို ခေါ်လိုက်တာ” ဟု ဦးရဲရင့်နိုင်ကဆက်ပြောသည်။
အကျဉ်းသားများ၏ တရားရုံးထွက် ရုံးပြန်များတွင် ရှာဖွေရေးကို တိတိကျကျ လုပ်နေဆောင်နေသော်လည်း နည်းပညာနှင့် စက်ကိရိယာအခက်အခဲကြောင့် လစ်ဟာမှုများရှိနိုင်ကြောင်း ၎င်းကဆက်ပြောသည်။
အချုပ်သားနှင့်ထောင်သားများသည် မူးယစ်ဆေးကို စအိုနှင့် အစာအိမ်အတွင်းစသည်တို့တွင် ထည့်သွင်း၍လည်းကောင်း၊ ဖိနပ်ကြား ညှပ်၍လည်းကောင်းသယ်ဆောင်တတ်ကြောင်း၊ ယခင်က စအိုထဲ လက်နှိုက်၍ရှာကြောင်း၊ ယခု လူ့အခွင့်အရေးရှုထောင့်မှ ကန့်ကွက်ခံရသဖြင့် ၎င်းတို့ တရားရုံးအသွားအပြန်တွင် ဓာတ်မှန်ရိုက်စစ်ကြောင်း ဦးရဲရင့်နိုင်က ပြောသည်။
သို့ရာတွင် အင်းစိန်ထောင်ကဲ့သို့သော နေရာမျိုးတွင် တစ်နေ့လျှင် တရားရုံးထုတ်သူပေါင်း ၅၀၀ နှင့် ၇၀၀ ကြားရှိသဖြင့် အကုန်လုံးကိုမစစ်နိုင်ကြောင်း၊ မူးယစ်ဆေးရှာသည့် X-ray စက်များရှိလျှင် ပိုအဆင်ပြေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
အကျဉ်းသားများနှင့် ဝန်ထမ်းများ စစ်ဆေးခံရပြီးဖြစ်ကြောင်း၊ လက်ရှိတွင် အသေးစိတ်အခြေအနေကို မပြောနိုင်သေးကြောင်း မော်လမြိုင်အချုပ်ထောင် လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ချိုက ပြောသည်။
အကျဉ်းထောင်များတွင် မူးယစ်ဆေးဝါးများ အကြောင်းအမျိုးမျိုးကြောင့် လက်လှမ်းမီနေသည့်အကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးသုံးစွဲသူများကွန်ရက် (NDNM) အဖွဲ့ဝင်များကပြောပြသည်ဟု မူးယစ်ဆေးဝါးမူဝါဒပြောင်းလဲခြင်း ထောက်ခံဆွေးနွေးရေးအဖွဲ့ (မြန်မာ) (DPAG) ၏ ညှိနှိုင်းရေးမှူး ဒေါက်တာနန်းပန်းအိခမ်းက ပြောသည်။
အစိုးရက အကျဉ်းထောင်များတွင် မူးယစ်ဆေးဝါး ရှာဖွေဖမ်းဆီးမှုများသာမက တစ်ဖက်ကလည်း မူးယစ်ဆေးစွဲ အကျဉ်းသားများအတွက် ဆေးဖြတ်နိုင်ရန် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပညာပေးလုပ်ငန်းများလည်း လိုအပ်ကြောင်း ၎င်းက ပြောသည်။
“ထောင်ထဲရောက်သွားလို့ရှိရင် မူးယစ်ဆေးဝါးကုသမှုကို သေချာထိထိရောက်ရောက်မရဘူးပေါ့နော်။ ယင်းထဝေဒနာ သိပ်ပြင်းလာတဲ့အခါဆိုရင်တော့ သူ့အနေနဲ့ မူးယစ်ဆေးဝါးသုံးစွဲဖို့က ခန္ဓာကိုယ်အရတော့ လိုလာမှာပဲလေ။ အဲဒီအခါကျရင် တစ်နည်းနည်းနဲ့ မရရအောင် ဆောင်ရွက်မှာပဲ” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၈ နှစ်ပတ်လည် အစီရင်ခံစာအရ အကျဉ်းသားဦးရေစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော် မူးယစ်ဆေးဝါးအမှုများဖြင့် ကျခံနေရသည့် အကျဉ်းထောင် ၂၄ ခုရှိပြီး အချို့ထောင်များမှာ ၈၀ ရာခိုင်နှုန်းအထိရှိနေသည်။
မြန်မာနိုင်ငံတွင် အကျဉ်းထောင်နှင့် အကျဉ်းစခန်း ၈၀ ခန့်ရှိပြီး လက်ခံနိုင်သည့်ဦးရေမှာ ၆၆,၀၀၀ ဟု ဆိုသော်လည်း အကျဉ်းသားဦးရေ ၉၀,၀၀၀ ကျော်ရှိနေသဖြင့် အကျဉ်းထောင်များအတွင်း လူပြည့်ကျပ်နေသည့် ပြဿနာကို လူ့အခွင့်အရေးအဖွဲ့အစည်းများက အမြဲထောက်ပြခဲ့ကြသည်။
ပြီးခဲ့သည့် သမ္မတပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် ၂၅,၀၀၀ ခန့် ရှိသည့်အတွက် လက်ရှိတွင် ၇၀,၀၀၀ ခန့်ရှိနိုင်ကြောင်း ဦးရဲရင့်နိုင်ကဆိုသည်။