ပညာရေး

အခြေခံပညာကျောင်းအပ်နှံမှု ရာခိုင်နှုန်း အဆမတန်လျော့နည်း 

စာသစ်နှစ်အစဉ်အဆက်တွင် အခြေခံပညာကျောင်းအပ် စတင်လက်ခံသည့်နေ့၌ ကြိတ်ကြိတ်တိုး စည်ကားလေ့ရှိသော်လည်း အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် ကျောင်းအပ်နှံမှုရာခိုင်နှုန်း အဆမတန်လျော့နည်းလျက်ရှိသည်။ 

အခြေခံပညာကျောင်းများပြန်ဖွင့်နိုင်ရန် ကြိုးပမ်းနေသည့် အာဏာသိမ်းစစ်ကောင်စီက မေ ၂၄ ရက်မှစ၍ ကျောင်းအပ်နှံနိုင်ပြီဟု ကြေညာထားသော်လည်း တစ်နိုင်ငံလုံးကျောင်းသားဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော် ကျောင်းအပ်နှံခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF) က ဆိုသည်။

စစ်ကောင်စီလက်ထက်၌ တပ်အခြေစိုက်မြို့များရှိ ကျောင်းများတွင် ကျောင်းအပ်နှံမှုရှိသော်လည်း မေ ၂၄ နှင့် ၂၅ အတွင်း ကျောင်းအပ်လက်ခံရရှိမှုမှာ ကျောင်းသားဦးရေ၏ ၁၀ ရာခိုင်နှုန်းအောက်သာရှိကြောင်း MTF က ဆိုသည်။ 

ပညာရေးဝန်ကြီးဌာန၏ ၂၀၁၉/၂၀၂၀ ပညာသင်နှစ်စာရင်းအရ မြန်မာနိုင်ငံတွင် အခြေခံပညာ ကျောင်းသား/သူ ဦးရေမှာ ကိုးသန်းကျော်ရှိသည်။ 

ရန်ကုန်တိုင်း၊ ကောမှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာတွင်တော့ ရွာရှိ တစ်ခုတည်းသော အထက်တန်းကျောင်းတွင် စစ်သား၊ ရဲ အစောင့်အကြပ်များဖြင့် ကျောင်းအပ်လက်ခံနေသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အသက် ၂၈ နှစ်အရွယ် ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

စစ်သားနှင့် ရဲ အင်အား ၃၀ ခန့်က ကျောင်းဆရာမများကို လမ်းမှ ကျောင်းအရောက် လုံခြုံရေးစောင့်ကြပ်ပေးပြီး နေ့လယ်ချိန်များတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များ၊ အာဏာသိမ်းမှုကို လိုလားသူများက စောင့်ကြပ်ပေးသည်ဟု ၎င်းက ပြောသည်။

သို့သော်လည်း အဆိုပါကျောင်းတွင် နှစ်ရက်အတွင်း ကျောင်းအပ်နှံသူ ၁၂ ဦးသာရှိသည်ဟု ကျောင်းအတွင်းရှိ ပုဂ္ဂိုလ်တစ်ဦးထံမှတစ်ဆင့် ပြန်လည်ကြားသိရကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။ 

ရန်ကုန်၊ မန္တလေးနှင့် မုံရွာကဲ့သို့သော မြို့ကြီးများတွင် ကျောင်းသားတစ်ဦးမျှ မအပ်နှံသေးသည့် ကျောင်းများရှိနေသည်ဟု MTF အဖွဲ့ဝင်က Myanmar Now ကို ပြောသည်။

စစ်ဘေး၊ ပဋိပက္ခများအပြင် ကိုဗစ်နိုင်တင်းရောဂါ ကူးစက်မှုအန္တရာယ်လည်းရှိသည့် မလုံခြုံသော ပတ်ဝန်းကျင်တွင် စာသင်ကြားရေးလုပ်ဆောင်ခြင်းမှာ အောင်မြင်မည်မဟုတ်ကြောင်းလည်း MTF CDM ပြုလုပ်နေသူ ကျောင်းဆရာတစ်ဦးလည်းဖြစ်သည့် ၎င်းက ပြောသည်။

“သင်ကြားရေးက လုံးဝ မအောင်မြင်နိုင်ဘူး။ ကလေးတွေစာသင်ဖို့ အလိုအပ်ဆုံးက လုံခြုံဖို့ပဲ။ အခြေခံပညာဆိုတာ သင်ကြားရေးတစ်ခုပဲ မဟုတ်ဘူး။ လူသားပြုစုပျိုးထောင်ရေးတစ်ခုပဲ။ လုံခြုံနွေးထွေးတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ လိုတယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံအနှံ့တွင် အခြေခံပညာစာသင်ကျောင်းအချို့၌ ဗုံးပေါက်ကွဲခြင်း၊ မီးလောင်ခြင်း၊ အာဏာသိမ်းမှုဆန့်ကျင်သည့် လက်လုပ်သေနတ်ကိုင် အရပ်သားပြည်သူများနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခြင်း၊ စစ်တပ်က တစ်ရွာဝင် တစ်ရွာထွက် ဝင်ရောက်တပ်စွဲခြင်းများ ပြုလုပ်နေချိန်တွင်ပင် ဇွန် ၁ ရက်တွင် အခြေခံပညာကျောင်းများဖွင့်လှစ်ရန် စစ်ကောင်စီက ပြင်ဆင်နေခြင်းဖြစ်သည်။

သို့သော် အာဏာသိမ်းမှုကို ဆန့်ကျင်သော ပြည်သူအများအပြားက “စစ်ကျွန်ပညာရေးအလိုမရှိ” ဟူသော လှုပ်ရှားမှုများကို နိုင်ငံအနှံ့ပြုလုပ်၍ မိမိတို့၏ ကလေးများကို ကျောင်းမအပ်ခြင်းဖြင့် အာဏာဖီဆန်လျက်ရှိသည်။

ဆရာဆရာမဦးရေ ထက်ဝက်ကျော်မှာ အာဏာသိမ်းမှုဆန့်ကျင်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်နေခြင်းကြောင့် အခက်တွေ့နေသည့် အာဏာသိမ်းစစ်ကောင်စီသည် ကျောင်းဖွင့်ချိန်တစ်လအလိုတွင် ၎င်း၏ ဝါဒဖြန့်သတင်းစာများမှတစ်ဆင့် သင်ကြားရေးဆရာ၊ ဆရာမများကို အလုပ်လာလျှောက်နိုင်ကြောင်း အသည်းအသန်ခေါ်ယူခဲ့သည်။ 

တစ်နိုင်ငံလုံးတွင် ဆရာ၊ ဆရာမအင်အား လေးသိန်းကျော်ရှိရာ CDM တွင် ပါဝင်သူ ဆရာ၊ ဆရာမ နှစ်သိန်းကျော်ရှိပြီး ယင်းအနက် ၁၃၀၀၀၀ ကျော်ကို စစ်ကောင်စီက ယာယီအလုပ်ရပ်ဆိုင်းခြင်းနှင့် အလုပ်ထုတ်ပယ်ထားသည်။

ထို့ပြင် ဆရာ၊ ဆရာမဦးရေ တစ်ရာကျော်ကို ၅၀၅ – က ဖြင့် အမှုဖွင့်ထားသည်ဟု ဆရာများအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အရင်ကတည်းက ဆရာနဲ့ ကျောင်းသားက အချိုးအစားမမျှတဘူး။ စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ ဆရာ၊ဆရာမတွေကို ရပ်ဆိုင်းတာ အမှုဖွင့်တာက စစ်ကောင်စီအတွက် ထိုးနှက်ချက်ပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။

ရန်ကုန်သပိတ်စစ်ကြောင်းတွင် ဦးဆောင်လှုပ်ရှားပြီး CDM တွင် ပါဝင်သဖြင့် မေလဆန်းတွင် ၅၀၅ – က ဖြင့် အမှုဖွင့်ခံရသူ ရန်ကုန်၊ တိုက်ကြီးမြို့နယ်မှ အထက်တန်းပြကျောင်းဆရာ ကိုစိုးသူရကျော်က ၎င်းအနေဖြင့် ကျောင်းတက်၍ စာသင်ပါက အမှုရုပ်သိမ်းမည်ဟု စစ်ကောင်စီက ကမ်းလှမ်းကြောင်း ပြောသည်။

“သူတို့ကို တော်လှန်မှာ ကြောက်နေကြတာ။ ခြိမ်းခြောက်ပြီးစာသင်ခိုင်းတာ။ ပြောရရင် လူတစ်ယောက်က အတင်းအကျပ် အဓမ္မခိုင်းစေခံရပြီဆိုရင် ဝါသနာ ဘယ်လောက်ပဲကြီးကြီး ဘယ်သူမှ ဆက်မလုပ်ချင်ကြတဲ့ အနေအထားမျိုးတွေ ဖြစ်လာမှာပဲ။ နောက်ဆက်တွဲဆိုးကျိုးကတော့ အင်မတန်များတာပေါ့” ဟု အခြေခံပညာ၊ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီအဖွဲ့ဝင်လည်းဖြစ်သူ ၎င်းက ဆက်ပြောသည်။

စစ်အာဏာရှင်ကို သက်ဆိုးရှည်အောင် အထောက်အပံ့မပေးလို၍ စာမသင်ဘဲ CDM ဆက်လုပ်မည်ဟု ၎င်းက ပြောသည်။

ရန်ကုန်၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာရှိ အသက် ၂၈ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ၎င်း၏ မိသားစုအတွင်း ပဉ္စမတန်းတက်ရောက်ရမည့် ညီဖြစ်သူကို ကျောင်းထားမည်မဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၏ ကြားကာလ ပညာသင်ကြားရေးအစီအမံကို စောင့်ကြည့်မည်ဟု ပြောသည်။

“စစ်အာဏာရှင်ကို မကြိုက်ဘူး။ မကြိုက်တဲ့အတွက် သူတို့ပညာရေးမှာ မထားဘူး။ မထားဘဲ ပြည်သူလူထုနိုင်တော့မှ ကျောင်းပြန်ထားမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိတယ်။ NUG က စီစဉ်ပေးမယ့် အစီအစဉ်ပေါ်မှာ ဘာတွေလုပ်မယ်ဆိုတာ စောင့်ကြည့်သွားမယ်” ဟု ၎င်းက ပြောသည်။

NUG က အင်တာနက်မှတစ်ဆင့် စာသင်ကြားပေးရန် စီစဉ်မည်ဟု အများသိပြောဆိုထားသော်လည်း အသေးစိတ်မှာမူ မသိရသေးပေ။

Show More

Related Articles

Back to top button