သတင်း

အာဆီယံထုတ်ပြန်ချက်ကို လူ့အခွင့်အရေးလှုပ်ရှားသူများဝေဖန်

အာဆီယံခေါင်းဆောင်များ၏ မြန်မာ့အရေးဆွေးနွေးပွဲ၌ ဘုံသဘောတူညီချက် ၅ ချက် ထွက်ပေါ်ခဲ့သော်လည်း အာဏာသိမ်းစစ်ခေါင်းဆောင်ထံမှ ထိကျသည့် သဘောတူညီချက်၊ ကတိ မရရှိခဲ့ဘဲ အချိန်ဆွဲရန် ကူညီပေးလိုက်သကဲ့သို့ ဖြစ်နေသည်ဟု လူ့အခွင့်အရေးဆောင်ရွက်နေသူများက ဝေဖန်သည်။

“တောင်းဆိုချက်တွေက အစည်းအဝေးတက်လာတဲ့ စစ်အုပ်စုခေါင်းဆောင်ဆီကနေ တိတိကျကျ တုံ့ပြန်ချက်ရအောင် မယူနိုင်ခဲ့ပါဘူး။ တောင်းတာက ငါတို့တာဝန်၊ လုပ်တာမလုပ်တာက သူ့တာဝန်ဆိုပြီး တာဝန်ကျေယုံသက်သက် လုပ်လို့ မရပါဘူး။ ဒီလိုအချက်တွေကို လိုက်လျောဖို့ဆိုတဲ့ စကားရအောင် လုပ်ဆောင်ဖို့ အခွင့်အလမ်းကို ဆုံးရှုံးတယ်။ မတန်ပါဘူး”ဟု လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်သူ Equality Myanmar အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက သုံးသပ်သည်။

ဧပြီ ၂၄က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ အာဆီယံထိပ်သီးအစည်းအဝေးကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း တက်ရောက်ခဲ့သည်။

အစည်းအဝေးအပြီး၌ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများအားလုံး ချက်ချင်းရပ်ဆိုင်းရန်၊ သက်ဆိုင်ရာအစုအဖွဲ့များက အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ကြရန်၊ အများပြည်သူအကျိုးအတွက် ငြိမ်းငြိမ်းချမ်းချမ်းအဖြေရှာရန် သက်ဆိုင်ရာအစုအဖွဲ့များအကြား အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်ဟု ဖော်ပြထားသည်။

ညှိနှိုင်းဆွေးနွေးမှုများအတွက် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်က ကြားဝင်ဆောင်ရွက်ပေးရေး၊ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းကူညီမှုများပေးရေး၊ အာဆီယံ၏ အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်ကို လာရောက်၍ သက်ဆိုင်ရာအစုအဖွဲ့များအားလုံးနှင့် တွေ့ဆုံရေးတို့လည်း ပါ၀င်သည်။  

အာဆီယံအစည်းအဝေးပြီး သဘောတူညီချက် ၅ ချက်၌ ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်နေသည့် စစ်ကောင်စီအပေါ် ပြောဆိုထားခြင်းမရှိကြောင်း ဦးအောင်မျိုးမင်းက သူ၏ Facebook စာမျက်နှာပေါ်တွင် ဝေဖန်ရေးသားထားသည်။

“တောင်းဆိုချက် (၅) ချက်မှာ ပထမတောင်းထားတဲ့အချက်ဖြစ်တဲ့ သက်ဆိုင်တဲ့သူတွေအားလုံးက အကြမ်းဖက်မှုတွေကို အစွမ်းကုန်တားဆီးဖို့ ပြောနေတာကစပြီး လွဲနေပါပြီ။ အကြမ်းဖက်နေတာ ဘယ်သူတွေလဲ။ ဘယ်သူတွေ သတ်နေ၊ ဖမ်းနေ၊ နှိပ်စက်နေတာလဲ။ အကြမ်းဖက်ခံနေရတာ ပြည်သူတွေပါ။ အကြမ်းဖက်မှုမကျူးလွန်တဲ့ ပြည်သူတွေကို အကြမ်းမဖက်အောင် ပြောစရာလိုလို့လား”ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

သက်ဆိုင်ရာအစုအဖွဲ့များနှင့် အာဆီယံကိုယ်စားလှယ်အဖွဲ့တို့အကြား တွေ့ဆုံနိုင်ရေး တောင်းဆိုထားသော်လည်း ဖမ်းဆီးခံထားရသည့် ခေါင်းဆောင်များနှင့် ပြည်သူများပြန်လွှတ်ပေးရေးကို ထည့်သွင်းတောင်းဆိုမှု မပြုခြင်းသည် သဘာဝမကျဟု ဦးအောင်မျိုးမင်းက ပြောသည်။

အာဆီယံခေါင်းဆောင်များ၏ အစည်းအဝေးသို့ ရွေးကောက်ခံအစိုးရအဖွဲ့ NUGကို ဖိတ်ကြားခြင်းမရှိဘဲ အာဏာသိမ်းစစ်ကောင်စီကို ဖိတ်ကြား၍ အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုရာရောက်နေသည်ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါ်ခွန်ဂျာက ဝေဖန်သည်။

“မင်းအောင်လှိုင်ကို အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်ပြုပေးတာကို မကြိုက်တာ။ ပြီးတော ရှုတ်ချပြစ်တင်မှုလုပ်တယ်ဆိုတာ တစ်ခုမှ မထွက်ဘူး။ အာဏာသိမ်းတယ်ဆိုတဲ့ အကြောင်းနဲ့ပတ်သက်ပြီး သူတို့ ဘာမှမပြောဘဲနဲ့ အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်ပြုတာ လက်မခံဘူး” ဟု ဒေါ်ခွန်ဂျာက ဆိုသည်။

အစည်းအဝေးတွင် ပြည်သူများကို ရက်စက်ကြမ်းတမ်းစွာ ပစ်ခတ်နေသည့် အာဏာသိမ်းစစ်ကောင်စီကို အာဏာပြန်အပ်ရန် ပြောဆိုခြင်းမရှိဘဲ အကြမ်းဖက်မှုများအဆုံးသတ်ရေး သက်ဆိုင်ရာအစုအဖွဲ့များ ညှိနှိုင်းကြရန် ပြောဆိုခြင်းမှာလည်း လက်ခံနိုင်စရာမရှိကြောင်း၊ ပြည်သူတို့၏ အခန်းကဏ္ဍကို လျစ်လျူရှုရာရောက်ကြောင်း ဒေါ်ခွန်ဂျာက ဆိုသည်။

“တကယ်တမ်းသာ အာဆီယံက သမာသမတ်ရှိတဲ့နိုင်ငံရဲ့ အစိုးရတွေဆိုလို့ရှိရင် ညှိနှိုင်းပါဆိုတဲ့အစား အာဏာပြန်အပ်ပါလို့ ပြောရမယ်လို့ ယူဆတယ်။ ဒါဆိုရင်တော့ တရားမျှတတယ်”ဟု ၎င်းက ဝေဖန်သည်။

လူ့အခွင့်အရေးလှုပ်ရှားသူ ဒေါ်ခင်ဥမ္မာကလည်း အာဆီယံသည် NUGကို ဖိတ်ကြားခြင်းမရှိဘဲ ပြည်သူများကို သတ်ဖြတ်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်ကိုသာ ဖိတ်ကြား၍ မြန်မာ့အရေးကိုယ်စားပြုဆုံးဖြတ်ချက်ချ လုပ်ပိုင်ခွင့်အာဏာပေးလိုက်သဖြင့် ဧပြီ ၂၄ အစည်းအဝေး၏ သဘောတူညီချက်များသည် လက်တွေ့အကောင်အထည်ဖော်နိုင်ဖွယ်မရှိကြောင်း သုံးသပ်သည်။

“ပဋိပက္ခတွေ ဖြေရှင်းပေးမဲ့သူတွေက အဲ့ဒီပဋိပက္ခကို ဖန်တီးတည်ဆောက်သူကိုပဲ အရင် ဦးတိုက်ထား အသိအမှတ်ပြုပေးပြီး လူထုရွေးကောက်ပွဲ လူထုတော်လှန်ရေးလှုပ်ရှားမှုတွေနဲ့ ပြည်သူကို ကိုယ်စားပြုထားတဲ့ တရားဝင်အစိုးရ NUG ကို တန်းတူအသိအမှတ်မပြု ပါဝင်ဆုံးဖြတ်ခွင့်မပေးမှတော့ ဒီအစည်းအဝေးရလဒ် လုပ်ငန်းစဉ်ဟာ ဘယ်လိုမှ အောင်မြင်စရာ မရှိပါ” ဟု ဒေါ်ခင်ဥမ္မာက ပြောသည်။

အာဆီယံသည် ၎င်း၏ ပြည်တွင်းရေးဝင်မစွက်ရေးမူအရ မြန်မာနိုင်ငံလူ့အခွင့်အရေးပြဿနာများကို လူသိရှင်ကြား လုပ်ဆောင်ခဲ့ခြင်းမရှိသော်လည်း ဧပြီ ၂၄ က ထုတ်ပြန်ချက်သည် ပြည်တွင်းရေးဝင်မစွက်ရေးမူကို ကျော်၍ ပထမဆုံး ဆုံးဖြတ်ချက်ချနိုင်ခဲ့ခြင်းဖြစ်သဖြင့် ကြိုဆိုမှုများရှိကြောင်း၊ သို့သော် စိတ်ပူစရာများရှိကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ဆိုသည်။

အာဆီယံခေါင်းဆောင်များ၏ သဘောတူညီချက် ၅ ချက်ကို မည်သည့်ကာလအတွင်း လုပ်ဆောင်ရမည်ဆိုသည့်အချက် မပါဝင်ခြင်းကြောင့် အာဏာသိမ်းစစ်ကောင်စီက စိတ်ကြိုက်အချိန်ဆွဲ လုပ်ဆောင်ခွင့်ရသွားသလို အာဆီယံသည် မြန်မာ့အရေးကို အကောင်အထည်ဖော်နေသည်ဟုဆိုကာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ၎င်းတို့လုပ်ဆောင်မည့် လုပ်ငန်းများကို ရှေ့မတိုးဘဲ ဖြစ်လာနိုင်သည်ဟု လူ့အခွင့်အရေးလေ့လာသူများက သုံးသပ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဆီယံအစည်းအဝေးတက်နေချိန်မှာပင် စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်သူများမှာ နေ့၊ ည အကြမ်းဖက်ခံနေရပြီး အစည်းအဝေး၏ သဘောတူညီချက် ၅ ခုသည် အရပ်သားပြည်သူများအား အကြမ်းဖက်နေသည့် စစ်ကောင်စီအပေါ် သက်ရောက်မှုရှိနိုင်မည်ကြောင်း ဒေါ်ခင်ဥမ္မာက ပြောသည်။

အာဏာသိမ်းခေါင်းဆောင် အစည်းအဝေးသွားတက်သည့်နေ့တွင်လည်း ၎င်း၏ တပ်ဖွဲ့ဝင်များက မြို့အသီးသီးတွင် ပြည်သူလူထုကို အနိုင်ကျင့်သည့် သတင်းများထွက်ပေါ်ခဲ့ပြီး ထိုအမှုများအနက် ရန်ကုန်၊ သန်လျင်မြို့နယ်မှ စာရေးဆရာမတစ်ဦးအပါအဝင် အရပ်သား ၄ ဦး ဖမ်းဆီးခံရမှုကို Myanmar Now က အတည်ပြုနိုင်ခဲ့သည်။

ည ၈ နာရီတိုင်း ၁၅ မိနစ်ကြာ သံပုံးတီးသည့် အရပ်သားများအပေါ် အကြမ်းဖက်တုံ့ပြန်မှုကိုလည်း ဆက်တိုက်တွေ့နေရသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ဧပြီ ၂၄ စာရင်းများအရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့် အရပ်သားပြည်သူ ၇၄၈ ဦး သေဆုံးခဲ့ရကာ ၄၄၂၉ ကျော် ဖမ်းဆီးခံထားရသည်။

စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကမူ သေဆုံးသူအရေအတွက်မှာ စုစုပေါင်း ၂၅၈ ဦးသာ ဖြစ်သည်ဟု ဆိုသည်။

“၎င်းတိုအနက်မှ ၂၄၀ ဟာ ကိုယ်စီ လက်နက်စွဲကိုင် တိုက်ခိုက်လာခဲ့တဲ့အတွက် တန်ပြန်ပစ်ခတ်ဖြိုခွင်းရာမှာ သေဆုံးခဲ့ရသူများဖြစ်ပါတယ်” ဟု ပြန်ကြားရေးအရာရှိက ပြောဆိုကြောင်း ယနေ့ထုတ် စစ်ကောင်စီသတင်းစာများတွင် ရေးထားသည်။

Show More

Related Articles

Back to top button