သတင်း

စစ်အာဏာသိမ်းမှုကြောင့် အထည်ချုပ်လုပ်သား နှစ်သိန်းခန့် အလုပ်အကိုင်ဆုံးရှုံး

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲဖြစ်ပေါ်လာသည့် နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများကြောင့် အထည်ချုပ်လုပ်သား နှစ်သိန်းခန့် အလုပ်အကိုင်ဆုံးရှုံးသွားကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများက ခန့်မှန်းပြောဆိုကြသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်သား ခုနစ်သိန်းကျော်ရှိပြီး ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်ခဲ့သူ အလုပ်သမားနှစ်သိန်းခန့် ရှိခဲ့ကာ ဖေဖော်ဝါရီ ၁ ၌ စစ်တပ်အာဏာသိမ်းယူပြီးနောက် ထပ်မံ၍ အလုပ်သမားနှစ်သိန်းနီးပါး အလုပ်လက်မဲ့ဖြစ်ခဲ့သည်။ 

ထို့ကြောင့် ယခုကာလတွင် အလုပ်လက်မဲ့ဖြစ်သူ အထည်ချုပ်လုပ်သား စုစုပေါင်း လေးသိန်းနီးပါးရှိနိုင်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူ ဦးရဲနိုင်ဝင်းက Myanmar Now ကို ပြောသည်။

“အထည်ချုပ်လုပ်ငန်းတွေမှာ နာမည်ကြီး Brand (ကုန်အမှတ်တံဆိပ်) တွေ ပြန်ရုတ်သွားတယ်။ ရှေ့မှာလည်း ကိုဗစ်အကျပ်အတည်းကြောင့် အလုပ်လက်မဲ့ပြဿနာတွေ အများကြီးရှိတဲ့အခါကျတော့ ဆိုးကျိုးကတော့ တော်တော်ကြီးပါတယ်။ စက်ရုံအလုပ်ရုံတွေ လည်ပတ်မှုက ထက်ဝက်လောက်လျော့ကျသွားတယ်” ဟု ၎င်းက ဆိုသည်။

နာမည်ကြီး အဝတ်အထည်အမှတ်တံဆိပ်နှစ်ခုဖြစ်သည့် H&M နှင့် Next တို့သည် မြန်မာစက်ရုံများတွင် လခစားစနစ် (CMP) ဖြင့် အဝတ်အထည်ချုပ်လုပ်မှုကို မတ်လဆန်းက ရုပ်သိမ်းခဲ့သည်။ 

ကုန်သွယ်ရေးဆိုင်ရာအထူးအခွင့်အရေး (GSP) ပေးထားသည့်အပြင် မြန်မာ့အထည်ချုပ်ကို အဓိကဝယ်ယူသည့် ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထားစီးပွားရေးဒဏ်ခတ်မှုများ ပြုလုပ်လာလျက်ရှိသည်။

မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးမှုစီမံကိန်းအားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း ဥရောပသမဂ္ဂရုံး (EU) က ဧပြီ ၅ တွင် ထုတ်ပြန်ကြေညာခဲ့သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် EU သည် နိုင်ငံရေးအခြေအနေ၊ မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးမှု၊ အကူအညီပေးရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ပြန်လည်သုံးသပ်ခဲ့ခြင်း ဖြစ်သည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူများကို စစ်ကောင်စီတပ်က အကြမ်းဖက်ဖြိုခွင်းခြင်း၊ မြို့နယ်အချို့တွင် စစ်အုပ်ချုပ်ရေးကြေညာခြင်းတို့ကြောင့် အလုပ်သမားများအနေဖြင့် နေရပ်သို့ အစုလိုက်အပြုံလိုက်ပြန်ကြရပြီး ဘေးကင်းလုံခြုံမှု မရှိခြင်းနှင့် အလုပ်လက်မဲ့ပြဿနာများ ရင်ဆိုင်နေရကြောင်း ဦးရဲနိုင်ဝင်းက ဆိုသည်။

ဖွင့်လှစ်ထားသည့် စက်ရုံများမှာလည်း အင်အားအပြည့် မလည်ပတ်နိုင်ခြင်းကြောင့် အခြေခံလုပ်ခလစာနှင့် အချိန်ပိုကြေးနှစ်ခုအပေါ် မှီခိုနေရသည့် အထည်ချုပ်လုပ်သားများအနေဖြင့် လုပ်ငန်းခွင်ဝင်နေရသည့်တိုင် စားဝတ်နေရေးအကျပ်အတည်းဖြစ်နေကြောင်း ၎င်းက ဆိုသည်။

“အစိုးရအနေနဲ့လည်း ဘယ်လိုဖြစ်လာမလဲဆိုတာ ကျွန်မတို့အနေနဲ့ ကြိုတင်ခန့်မှန်းနိုင်စွမ်း မရှိဘူးလေ။ အစိုးရကနေ အလုပ်အကိုင်အခွင့်အလမ်းတွေပေးမယ်။ ပေးတော့မှ အလုပ်သမားတွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ များလာပြီးတော့ အလုပ်လုပ်လို့ရမှာပေါ့။ အခုက ရရာအလုပ်နဲ့ အဆင်ပြေအောင် လုပ်ကိုင်စားသောက်နေရတာပေါ့” ဟု ကပ်ရောဂါကာလအတွင်း အလုပ်လက်မဲ့ဖြစ်ခဲ့သူ ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်မှ အထည်ချုပ်လုပ်သား မစုပုံချစ်က ဆိုသည်။

ယခုအခါ စစ်အာဏာသိမ်းလိုက်ခြင်းကြောင့် အနာဂတ်အလုပ်အကိုင်အခြေအနေနှင့် ပတ်သက်၍ မည်ကဲ့သို့ဖြစ်လာမည်ကို ခန့်မှန်း၍ပင်မရကြောင်း၊ စားဝတ်နေရေးမှာမူ ယခုကတည်းက ကျပ်တည်းနေပြီဖြစ်ကြောင်း ၎င်းက ထပ်မံပြောသည်။

အထည်ချုပ်စက်ရုံများ၊ စက်မှုဇုန်လုပ်သားများအပြင် ဆောက်လုပ်ရေးလုပ်သားများ၊ ပျံကျလုပ်သားများနှင့် ကုမ္ပဏီဝန်ထမ်းများမှာလည်း စစ်အာဏာသိမ်းမှု နောက်ဆက်တွဲဆိုးကျိုးအဖြစ် လစာဖြတ်တောက်ခံရခြင်း၊ အလုပ်အကိုင်မရေရာခြင်းနှင့် အလုပ်လက်မဲ့ဖြစ်ခြင်းများ ရင်ဆိုင်နေရပြီဖြစ်သည်။

ရန်ကုန်မြို့တွင် ဆောက်လုပ်ရေးလုပ်သား သုံးသိန်းဝန်းကျင်ရှိနေပြီး လုပ်ငန်းများရပ်ဆိုင်းထားခြင်းကြောင့် သိန်းနှင့်ချီသောအလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ခဲ့ရကာ ကြုံရာကျပန်းလုပ်ကိုင်နေရသူများစွာရှိကြောင်း အလုပ်သမားအဖွဲ့အစည်းများက ဆိုသည်။

အရေအတွက်အတိအကျမသိရသော်လည်း ဝန်ဆောင်မှုလုပ်ငန်းနှင့် စားသောက်ဆိုင်လုပ်ငန်းများတွင်လည်း လုပ်သားအင်အားအများအပြား လျှော့ချမှုများရှိနေသည်။ စစ်ကောင်စီအနေဖြင့် မိုဘိုင်းအင်တာနက်များ ဖြတ်တောက်ထားသဖြင့် Shop.com, Food Panda နှင့် Grab ကဲ့သို့ အင်တာနက်အခြေပြုလုပ်ငန်းများ ရပ်ဆိုင်းသွားသည်။

ကိုဗစ်ကာလကတည်းက တောင့်ခံလာခဲ့သောကြောင့် ကုမ္ပဏီများအပေါ် နားလည်သော်လည်း လစာဖြတ်ခြင်း၊ လုပ်သားလျှော့ချခြင်းတို့ကြောင့် အလုပ်သမားများအနေဖြင့် ဆုံးရှုံးမှုကြီးမားကြောင်း အိုင်တီကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

“အနာဂတ်ကတော့ တွေးကိုတွေးလို့မရတော့တာ။ ဥပမာဆိုရင် Job (အလုပ်အကိုင်) အေဂျင်စီတွေဆိုရင် လုံးဝကို Active မဖြစ်တော့တာ။ အရင်တုန်းကဆိုရင် Job အေဂျင်စီတွေမှာ Apply (အလုပ်လျှောက်) လုပ်လို့ရတယ်။ အခုနောက်ပိုင်းကျတော့ အဲဒါတွေပါ Active မဖြစ်တော့ဘူး။ လုံးဝကို တွေးလို့မရတော့တာ။ ဘာဆက်ဖြစ်မယ်ဆိုတာကို မသိဘူး။ ကိုဗစ်ထက်ပိုပြီးတော့ အခြေအနေဆိုးဆိုးလာတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီကို ဆန့်ကျင်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ကြောင့် အစိုးရဝန်ထမ်းများနှင့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများအနေဖြင့် အလုပ်အကိုင်မရေရာမှုနှင့် အကြီးမားဆုံးရင်ဆိုင်နေရသည်။ သို့သော် CDM ကို အဆုံးထိဆက်သွားမည်ဖြစ်ပြီး နောက်ကြောင်းပြန်မလှည့်ဟု အခိုင်အမာဆုံးဖြတ်ထားသူများစွာ ရှိနေသည်။

၁၉၈၈ မတိုင်မီက မြန်မာနိုင်ငံသည် ဆိုရှယ်လစ်စနစ်ကို အခြေခံထားသောကြောင့် ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုများသည် နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှုနည်းပါးခြင်းကြောင့် နိုင်ငံတကာ၏ပိတ်ဆို့မှုသည် ထိခိုက်မှုနည်းပါးခဲ့သည်။

ယခုအခါ နိုင်ငံတကာကုန်သွယ်မှု၊ ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ပုဂ္ဂလိကစီးပွားရေးကဏ္ဍမှာ တိုးတက်လာပြီး နိုင်ငံရေးမတည်မငြိမ်မှုကြောင့် စီးပွားရေးအဆက်ဆံများဖြတ်တောက်ခြင်း၊ အရေးယူဒဏ်ခတ်ခြင်းများ ရှိပါက စီးပွားရေးလုပ်ငန်းများအပြင် ယင်းနှင့်ဆက်စပ်သည့် အလုပ်သမားများကိုလည်း ထိခိုက်မည်ဖြစ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူ ဦးရဲနိုင်ဝင်းက ဆိုသည်။

တစ်ဆက်တည်းတွင် တိုင်းပြည်စီးပွားရေးတစ်ခုလုံးကိုပါ ထိခိုက်နိုင်ပြီး ပြည်သူလူထု၏ လူမှုစီးပွားကိုလည်း ထိခိုက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အလုပ်လက်မဲ့နဲ့ ဒီနောက်ဆက်တွဲပြဿနာက စားဝတ်နေရေးကျပ်တည်းတဲ့ပြဿနာတွေ၊ မဖူလုံတဲ့ပြဿနာတွေ အများကြီးကိုရင်ဆိုင်ရလိမ့်မယ်လို့ ခန့်မှန်းတယ်” ဟု ၎င်းက ဆိုသည်။

Show More

Related Articles

Back to top button