
ရန်ကုန် − ၂ဝ၁၅ နှစ်လယ်ပိုင်းတွင် ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှ ၁၁ နှစ် အရွယ်မိန်းကလေးငယ်တစ်ဦးကို နေအိမ်တွင် သန့်ရှင်းရေးလုပ်ကိုင်သည့် အလုပ်သမားတစ်ဦးက အဓမ္မပြုကျင့်ခဲ့သည်။ ခရိုင်တရားရုံးတစ်ခုက ကျူးလွန်သူကို ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့သည်။
တရားမျှတမှု အားနည်းသော ထိုစီရင်ချက်ကြောင့် အမျိုးသမီးများ လုံခြုံမှုကင်းမဲ့သကဲ့သို့ ခံစားရစေသည်ဟု တရားလိုဘက်မှ အကူအညီပေးခဲ့သည့် ရန်ကုန်မြို့မှ အမျိုးသမီးရေးရာ တက်ကြွလှုပ်ရှားသူ မဝင်းဝင်းခိုင်က ပြောသည်။
“ပြစ်ဒဏ်ကို များများချမှဖြစ်မယ်၊ ပြစ်ဒဏ်နည်းနည်းပဲ ချတော့ ကျူးလွန်သူတွေက ဒီပြစ်မှုကို မကြောက်မရွံ့တန်းကို ကျူးလွန်နေကြတာ” ဟု သူက ပြောသည်။
မကြာသေးမီနှစ်များအတွင်း တိုင်ကြားလာသော မုဒိမ်းမှုပေါင်းမှာ နှစ်စဉ် ၇ဝဝ ခန့် ရှိကြောင်း ရဲမှတ်တမ်းများတွင် တွေ့ရသည်။
မတရားပြုကျင့်ခံရသူများထဲတွင် အသက်မပြည့်သေးသူများ၊ ကလေးငယ်များ ပါဝင်နေသောကြောင့် နိုင်ငံတွင် တရားဥပဒေစိုးမိုးရေး အားနည်းလွန်းနေပြီး တရားစီရင်ရေးအခြေအနေမှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု မတရားပြုကျင့်ခံရသူများ၊ ၎င်းတို့အတွက် လိုက်ပါအကျိုးဆောင်ပေးသူများ၊ ရှေ့နေများက ပြောသည်။
ပြီးခဲ့သည့်နှစ်က အမျိုးသမီးနှင့် ကလေးသူငယ်များ အရေးကိစ္စများကို အကျိုးဆောင်ပေးသည့် ဥပဒေရေးရာကုစားရေးအဖွဲ့ (Legal Clinic Myanmar) ၏ ရန်ကုန်ရုံးသို့ အကူအညီလာရောက်တောင်းခံသည့် အမှုများမှာ သက်ငယ်မုဒိမ်းမှုများသာဖြစ်သောကြောင့် သက်ငယ်မုဒိမ်းဖြစ်ပွားမှုပမာဏ များပြားနိုင်သည်ဟု ထိုအဖွဲ့မှ ရှေ့နေ ဒေါ်လှလှရီက သုံးသပ်သည်။
မုဒိမ်းမှုကျူးလွန်ခံရသူ အများအပြားက ရဲစခန်းနှင့် တရားရုံးသို့ သွားရောက်လိုခြင်း မရှိကြောင်း သူက ဆက်ပြောသည်။
“တရားရုံးက တစ်ဖက်ရှေ့နေက မေးတာကို သိပ်ပြီးတော့ မဖြေချင်ကြပါဘူး။ တရားရုံးမှာ အမှုစစ်ဆေးတဲ့အခါ ကြာတဲ့အချိန်ကို သိပ်ပြီးမကြိုက်တဲ့အတွက် တရားမစွဲတာမျိုးတွေ ရှိပါတယ်” ဟု ဒေါ်လှလှရီက ရှင်းပြသည်။
ပုဒ်မ ၃၇၆
မြန်မာနိုင်ငံ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ တွင် “မုဒိမ်းမှုကျူးလွန်သူကို တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဟု ပြဋ္ဌာန်းထားသည်။
၂၀၁၃ ခုနှစ်က ရန်ကုန်၊ ကမာရွတ်မြို့နယ်တွင် ဖြစ်ပေါ်ခဲ့သည် အသက် ၇ နှစ်အရွယ် မိန်းကလေး မတရားကျင့်ခံရမှုတွင် ခရိုင်တရားရုံးတစ်ခုက ကျူးလွန်သူ အသက် ၇ဝ အရွယ် အမျိုးသားကို ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့သည်။ စီရင်ချက်ကို မကျေနပ်သည့် မိန်းကလေး၏ မိခင်က တိုင်းဒေသကြီးတရားရုံးကို အယူခံဝင်ရာ ထောင်ဒဏ် ၂ နှစ် ထပ်တိုးချလိုက်သည်။
ယင်းကဲ့သို့ ပြစ်မှုထင်ရှားသော်လည်း ထောင်ဒဏ်ဆယ်နှစ် အပြည့်အဝမချသည့် မုဒိမ်းမှုအများအပြားရှိနေပြီး ယခုအခါ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်မှု မရှိသလောက် နည်းပါးကြောင်း ရှေ့နေများ၊ အမျိုးသမီးရေးရာကိစ္စများ ကူညီဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။
ရန်ကုန်မြို့မှ တရားလွှတ်တော်ရှေ႕နေ ဦးမောင်မောင်စိုးက သက်ငယ်မုဒိမ်းမှုအများအပြား ပေါ်ပေါက်နေခြင်းမှာ မုဒိမ်းမှုပြစ်ဒဏ်ကို မကြောက်မရွံ့ကျူးလွန်နေကြသည့် အခြေအနေမျိုး ဖြစ်နေသောကြောင့် ပြစ်ဒဏ်တိုးမြှင့်ရန် ဥပဒေ ပြင်ဆင်သင့်သည်ဟု ပြောသည်။
“ဘယ်အမှုပဲဖြစ်ဖြစ် ပြစ်ဒဏ်ကို တရားသေထားတာ မကောင်းဘူး။ လိုတိုးပိုလျှော့ လုပ်သင့်ပါတယ်” ဟု ဦးမောင်မောင်စိုးက ပြောသည်။
ကျူးလွန်သူနှင့် တရားသူကြီးများကြားတွင် လာဘ်ပေးလာဘ်ယူမှု ရှိတတ်ခြင်းကြောင့် တရားဥပဒေစိုးမိုးမှုအားနည်းနေကြောင်း သူကဖြည့်စွက်ပြောကြားသည်။
ကလေးများကို မတရားပြုကျင့်လျှင် သေဒဏ်ချမှတ် အပြစ်ပေးရန် ပြီးခဲ့သည့်နှစ်များအတွင်း ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းမှုမှာ ပယ်ချခံခဲ့ရသည်။ ရန်ကုန်မြို့မှ ရှေ့နေ ဦးမင်းသက်ဇင်ကမူ သေဒဏ်အပြစ်ပေးရေး အဆိုပြုချက်ကို သဘောမတူပေ။
“ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်စီရင်တဲ့အခါ အကျင့်စာရိတ္တပြုပြင်ရေးကို တရားစီရင်ရေးအခြေခံမူအဖြစ်နဲ့ကျင့်သုံးကြတာပါ။ လူဆိုတာက မမှားတဲ့သူဆိုတာ မရှိပါဘူး။ တစ်သက်တစ်ကျွန်းဆိုတာကလည်း နောင်တတရားရနိုင်တဲ့ ထိရောက်တဲ့ ပြစ်ဒဏ်တစ်ခုပါပဲ” ဟု ဦးမင်းသက်ဇင်က ပြောသည်။
အမျိုးသမီးရေးရာ တက်ကြွလှုပ်ရှားသူ မဝင်းဝင်းခိုင်ကလည်း မုဒိမ်းမှုကျူးလွန်သူများအတွက် ပြစ်ဒဏ်စီရင်မှုပြဋ္ဌာန်းချက်ကို ပြင်ဆင်ရန် မလိုအပ်သေးဟု ဆိုသည်။
“ပြစ်ဒဏ်က ကောင်းပြီးသား။ တရားစီရင်တဲ့ တရားသူကြီးအနေနဲ့ ပြစ်ဒဏ်ကို ထိထိရောက်ရောက်ချမှတ်ဖို့ပဲ လိုပါတယ်” ဟု မဝင်းဝင်းခိုင်က ပြောသည်။
လွတ်ငြိမ်းချမ်းသာခွင့်
သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်ပြီး ကန့်ကွက် ရှုတ်ချဆန္ဒပြခြင်း၊ အသိပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်းတို့ကို ဤအမှုများ အများအပြားပေါ်ပေါက်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး ဒလ၊ ကော့မှူး မြောက်ဥက္ကလာနှင့် လှိုင်သာယာစသည့် ဆင်ခြေဖုံးမြို့နယ်များတွင် ၂ဝ၁၃ ခုနှစ်အတွင်း တွေ့ခဲ့ရသည်။ ပြစ်မှုကျူးလွန်သူအများအပြားကို ထားရှိရာ အကျဉ်းထောင်များအတွင်းတွင်မူ စာရိတ္တပြုပြင်ရေးအစီအစဉ်များ လွန်စွာ အားနည်းနေသေးသည်။
စစ်အစိုးရအဆက်ဆက် နိုင်ငံရေးအကျဉ်းသားများကို ထောင်မှ ပြန်လွှတ်ရာတွင် မုဒိမ်းသမားများအပါအဝင် ရာဇဝတ်သားမျိုးစုံလည်း ထောင်ပြင်ပသို့ အလုံးအရင်း ပြန်ရောက်လာလေ့ရှိသည်။
လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အခါ မုဒိမ်းမှုကျူးလွန်သူတို့ကို ထည့်သွင်းခြင်း မပြုသင့်ကြောင်း ရန်ကုန်မှ ရှေ့နေတစ်ဦးဖြစ်သည့် ဒေါ်ဖြူဖြူညွန့်က သုံးသပ်သည်။
“မုဒိမ်းမှုကျူးလွန်တယ်ဆိုတာနဲ့ တစ်သက်တစ်ကျွန်း ချသင့်တယ်လို့ မြင်တယ်” ဟု ဒေါ်ဖြူဖြူညွန့်က ပြောသည်။
သက်ငယ်မုဒိမ်းမှုဖြင့် ထောင်မှ လွတ်မြောက်လာသည့် ဦးဌေးလုံး(ခ) ဦးကျင်အေးသည် ၂ဝ၁၄ ခုနှစ်က ရန်ကုန်၊ ကော့မှူးမြို့နယ်တွင် အသက် ၆ နှစ်အရွယ် သမီးငယ်ကို အဓမ္မပြုကျင့်မှုဖြင့် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခံရသည်။ ကလေး၏ ဖခင်ကမူ ပြစ်မှုကျူးလွန်သူ ပြန်လည်လွတ်မြောက်လာမည်ကို စိုးရိမ်လျက်ရှိသည်။
“ဒီအမှုနဲ့ ထောင်ကျဖူးတဲ့သူက ပြန်ထွက်လာရင် ဒါပဲ ပြန်လုပ်မှာပဲ။ ဒီလိုလူမျိုးတွေကို ထိထိရောက်ရောက် အရေးယူမှုတွေ ပြုလုပ်သင့်ပါတယ်” ဟု သူက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း ကျေးလက်စာသင်ကျောင်းတစ်ခုမှ ကချင်ဆရာမနှစ်ဦး ၂ဝ၁၅ နှစ်ဆန်းပိုင်းတွင် အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည့် အမှုနှင့်ပတ်သက်ပြီး ကျူးလွန်သူကို ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိသေးပေ။
ဆရာမ မရန်လုရာ၏ အစ်မဖြစ်သူ အစ်မဖြစ်သူ မရန်ဆန်လုံက “အမှန်တရား တစ်နေ့နေ့ပေါ်ပါစေဆိုပြီး အသက်ရှင်နေထိုင်နေရတယ်” ဟု ပြောသည်။
မော်လမြိုင်မြို့နယ်တွင် ၃ နှစ်အရွယ် ကလေးငယ် အဓမ္မပြုကျင့်ခဲ့အမှုမှာ သက်သေခိုင်လုံသော်လည်း ၅ လကျော်ကြာသည်အထိ စီရင်ချက်ချမှတ်ခြင်း မပြုနိုင်သေးသည့်အပြင် တရားခံဟု စွပ်စွဲခံထားရသူ အသက် ၇ဝ အရွယ် အမျိုးသားကိုလည်း အာမခံပေးထားသည်ဟု မွန်ပြည်နယ်လုံးဆိုင်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ စွမ်းရည်မြှင့်တင်ရေး ရှေ့ဆောင်အသင်း ဥက္ကဋ္ဌ ဒေါ်ခင်သန်းထွေးက ပြောသည်။
“အမှုက အချိန်ကြာလာတာနဲ့အမျှ အရင်ရှိခဲ့တဲ့ သက်သေတွေ ပျောက်ကုန်တယ်။ ကျူးလွန်တဲ့သူက အပြင်မှာ ရောက်လာတော့ ကလေးရဲ့မိသားစုကိုတောင် ပြန်ပြီး ခြိမ်းခြောက်နေတယ်” ဟု ဒေါ်ခင်သန်းထွေးက ပြောသည်။
အဓမ္မပြုကျင့်ခံခဲ့ရပြီး ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်လျက်ရှိသည့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကလည်း သူ့အမှုနှင့် ပတ်သက်ပြီး “တရားစီရင်ရေးက မျှတမယ်လို့တော့ မယုံကြည်ဘူး။ တစ်ဖက်က ပိုက်ဆံထိုးရင် အမှုက ပြောင်းလဲသွားမှာပဲ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ တားဆီးကာကွယ်ရေး ဥပဒေကောင်းတစ်ခုရှိပြီး ယင်းဥပဒေကို ထိထိရောက်ရောက် အသုံးပြုသည့် နည်းလမ်းများရှိပါက အမျိုးသမီးကြီးငယ်မရွေးကို လုံခြုံမှုပေးနိုင်မည်ဖြစ်ကြောင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေမူကြမ်းရေးဆွဲသည့် လုပ်ငန်းကော်မတီ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်မေစံပယ်ဖြူက ဆိုသည်။
ပြစ်မှုကျူးလွန်သူကို ကျောသားရင်သားမခွဲခြားဘဲ ထိရောက်သည့် စုံစမ်းစစ်ဆေးမှုများ၊ အပြစ်ပေးမှုများ မလုပ်သည့် ကာလပတ်လုံး အမျိုးသမီးများ၏ ဘဝလုံခြုံမှုရှိမည် မဟုတ်ကြောင်း သူက ပြောသည်။
အမျိုးသမီးရေးရာ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သော မဝင်းဝင်းခိုင်က လှိုင်သာယာမြို့နယ်မှ ၁၁ နှစ် အရွယ် ကလေးငယ် အဓမ္မပြုကျင်ခံရမှုတွင် ကျူးလွန်သူကို ထောင်ဒဏ် ၆ နှစ်သာ ချမှတ်ခဲ့ခြင်းမှာ ထိရောက်သည့်ပြစ်ဒဏ်မဟုတ်ဟု သုံးသပ်သည်။
“ဥပဒေအကာအကွယ် ပြည့်ပြည့်ဝဝ မရသရွေ့ ဒီကလေးလို အဖြစ်ဆိုးမျိုးတွေ ထပ်ရှိနေအုံးမှာပါ” ဟု မဝင်းဝင်းခိုင်က ပြောလိုက်သည်။