စစ်တပ်က အာဏာသိမ်းယူလိုက်ပြီး တစ်ပတ်ခန့်အကြာတွင် စတင်ခဲ့သည့် မြန်မာနိုင်ငံတနံတလျားရှိ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆန္ဒပြမှုများသည် ဘယ်တော့မှ မရပ်တန့်တော့မည့်အသွင်ဖြင့် အရှိန်အဟုန် မြင့်မားလာနေသည်။
၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း အမှားအယွင်းများသည်ဟူသော အကြောင်းပြချက်ဖြင့် ဖေဖော်ဝါရီ ၁ တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်ဘက် နိုင်ငံ့ခေါင်းဆောင်များကို ထိန်းသိမ်းလိုက်ပြီးနောက် စစ်တပ်က အာဏာသိမ်းယူလိုက်ခြင်းကို ဆန့်ကျင်သည့်အနေဖြင့် နိုင်ငံအနှံ့ သန်းနှင့်ချီသည့် ပြည်သူများက လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်နေခြင်းဖြစ်သည်။
ဆန္ဒပြလူထုထဲတွင် ခေါင်းရွက်ဗျပ်ထိုးဈေးသည်၊ ကျောင်းသား၊ အင်ဂျင်နီယာ၊ ဆရာဝန်၊ ပုဂ္ဂလိကဝန်ထမ်း၊ အစိုးရဝန်ထမ်း၊ အနုပညာရှင်၊ နိုင်ငံရေးသမား၊ ရဟန်းသံဃာနှင့် တက်ကြွလှုပ်ရှားသူ စသည်ဖြင့် အလွှာစုံမှ လူတန်းစားအသီးသီး ပါဝင်ပြီး ဓမ္မဘက်က ရပ်တည်ကာ ပြည်သူ့အာဏာ ပြန်မရမချင်း စစ်ကောင်စီကို အန်တုသွားမည်ဟု Myanmar Now က တွေ့ဆုံခဲ့သည့် ဆန္ဒထုတ်ဖော်သူ အသီးသီးက ပြောကြသည်။
“ပြည်သူ့ရဲ့အခွင့်အရေးကတော့ ပြန်ယူရမှာပဲ။ ဒီဟာက ပြည်သူတစ်ရပ်လုံးနဲ့ဆိုင်တဲ့ကိစ္စပါ” ဟု တရားလွှတ်တော်ရှေ့နေ ဦးသန့်ဇော်တိုးက Myanmar Now ကို ပြောသည်။
ဖေဖော်ဝါရီ ၁ တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စုက နိုင်ငံတော်အရေးပေါ်အခြေအနေအဖြစ် တစ်နှစ်ထုတ်ပြန်လိုက်ပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာသုံးရပ်ကို သိမ်းယူလိုက်ခြင်းသည် ၂၀၀၈ အခြေခံဥပဒေနှင့် မညီညွတ်ကြောင်း ၎င်းက ဆိုသည်။
ဥပဒေပညာရှင်များသည် ဥပဒေနှင့် မညီသည့်လုပ်ရပ်များကို တည့်မတ်ပေးရန် တာဝန်ရှိပြီး စစ်ကောင်စီ၏ အာဏာသိမ်းယူမှုကို ဆန့်ကျင်ကြောင်း ဖဲကြိုးနီတပ်ဆင်သည့်လှုပ်ရှားမှုကို ဗွေဆော်ဦး စတင်ခဲ့ပြီးနောက် ဖော်ဖော်ဝါရီ ၇ မှစ၍ ဆက်တိုက်ချီတက်ဆန္ဒထုတ်ဖော်နေသည်ဟု ဦးသန့်ဇော်တိုးက ဆိုသည်။
လက်ရှိတွင် ရန်ကုန်ရှေ့နေများ ဆန္ဒပြပွဲကို ဦးဆောင်သူဖြစ်သောကြောင့် စစ်ကောင်စီ၏ ဖမ်းဆီးမှုခံရနိုင်သော်လည်း ရှေ့နေများ၏ ဆန္ဒထုတ်ဖော်မှုသည် တစ်ဗိုလ်ဆင်းတစ်ဗိုလ်တက်ပုံစံဖြင့် ဆက်လက်လှုပ်ရှားသွားရန် စီစဉ်ထားသည်ဟု ၎င်းက ပြောသည်။
လူဦးရေအများဆုံးမြို့တော်ဖြစ်သည့် ရန်ကုန်တွင် စစ်ကောင်စီကို ဆန့်ကျင်အန်တုသည့် ဆန္ဒထုတ်ဖော်မှုကို ဖေဖော်ဝါရီ ၆ တွင် အလုပ်သမားများနှင့် ကျောင်းသားလူငယ်များက ဦးဆောင်ကာ လှည်းတန်းလမ်းဆုံတွင် လူဦးရေ ထောင်သောင်းချီ၍ စတင်လိုက်ပြီးနောက် နိုင်ငံအနှံ့ ဆန္ဒပြမှုများ ပျံ့နှံ့လာခဲ့သည်။
ဇန်နဝါရီ ၁၄ တွင် စစ်တပ်က သံချပ်ကာကားများ၊ စစ်သားများ လမ်းမများပေါ်တွင် ချထားလိုက်သည်။ လူငယ်အများအပြားက အဆိုပါ သံချပ်ကာကားများ နောက်ခံထားပြီး CDM လှုပ်ရှားမှုတွင် ပါဝင်ကြရန် တိုက်တွန်းသော လက်ကိုင်ပိုစတာများ ကိုင်ဆောင်ကာ ဓာတ်ပုံရိုက်နေကြသည်။
၂၁ ရာစုတွင် လူလားမြောက်ခဲ့သော Generation Z ဟုခေါ်သည့် လူငယ်ထုက ဆန္ဒပြပွဲများကို ကိုယ်ထူကိုယ်ထ ဦးဆောင်ပြီး စစ်ကောင်စီကို အန်တုနေခြင်းဖြစ်သည်။ ထို့အတူ အစိုးရဝန်ထမ်းအများအပြားကလည်း “ရုံးမတက်နဲ့ ရုန်းထွက်” ဟူသည့် ကြွေးကြော်သံများနှင့်အတူ ရုံးမတက်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Moment) တွင် အရှိန်မြင့်လှုပ်ရှားလာသည်။
ကိုဗစ်နိုင်တင်း ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေးတွင် ရှေ့တန်းမှဦးဆောင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာဝန်များသည် စစ်ကောင်စီကို အန်တုသည့် CDM လှုပ်ရှားမှုကို ပထမဦးဆုံးစတင်ခဲ့ပြီး ပြည်သူ့ဝန်ထမ်းအများအပြား CDM တွင် ပူးပေါင်းပါဝင်ရန် လမ်းပေါ်ထွက် ချီတက်ဆန္ဒပြလျက်ရှိသည်။
“အခု ကျွန်တော်တို့ ခဏတာ အပင်ပန်းခံတာသည် ရေရှည်ကောင်းဖို့အတွက်ပါ။ ကျွန်တော်တို့ရဲ့ မျိုးဆက်၊ ကျွန်တော်တို့ တစ်နိုင်ငံလုံးကောင်းဖို့အတွက် လုပ်နေရခြင်းဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် ဘယ်သူမှ ပေါ်ပင်လုပ်နေတာမဟုတ်ပါဘူး။ တကယ်လိုအပ်လို့၊ တကယ်အရေးကြီးလို့ လုပ်နေရခြင်းဖြစ်ပါတယ်” ဟု လူငယ်ဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာရှိန်းသူကျော်က ပြောသည်။
ဖမ်းဆီးထားသည့် နိုင်ငံ့ခေါင်းဆောင်များပြန်လွှတ်ပေးရန်၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး လူထုက မဲပေးရွေးချယ်ထားသည့် အစိုးရကို အာဏာအပ်နှင်းရန်တောင်းဆိုပြီး ပြည်သူ့အာဏာ ပြန်မရမချင်း အဆုံးထိ ဆန့်ကျင်အန်တုသွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
သို့ရာတွင် CDM လှုပ်ရှားမှုတွင် မပါဝင်သေးသည့် နိုင်ငံ့ဝန်ထမ်းများလည်း ရှိနေသေးသည်။
အစိုးရဝန်ကြီးဌာနများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ဌာနပေါင်းစုံမှ ဝန်ထမ်းများ တစ်ညီတစ်ညွတ်တည်းပါဝင်လာပါက အစိုးရယန္တရား ရပ်ဆိုင်းသွားမည်ဖြစ်ပြီး ပြည်သူက မဲပေးရွေးချယ်သည့် အစိုးရကို အာဏာ အပ်နှင်းနိုင်သည့် အစီအစဉ် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း CDM တွင် ပါဝင်နေသည့် ဝန်ထမ်းများက ယုံကြည်နေသည်။
CDM လှုပ်ရှားမှုတွင် ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံခြားရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ပြန်ကြားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်၊ အထွေထွေအုပ်ချုပ်ရေး စသည့် ဌာနများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဝန်ထမ်းများအထိ ပါဝင်နေသည်။
“ပါဝင်တဲ့ရည်ရွယ်ချက်က ဒီအစိုးရ (စစ်ကောင်စီ) ကို လက်မခံဘူး။ စစ်အာဏာရှင်လက်အောက်မှာ အလုပ်မလုပ်နိုင်လို့ပဲ။ ကျွန်တော်တို့ (ပြည်သူ့)အာဏာ မရမချင်း ဆက်တိုက်မှာပဲ” ဟု CDM တွင် ပါဝင်ပြီး ဖေဖော်ဝါရီ ၁၁ တွင် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် လျှပ်စစ်ဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။
စစ်ကောင်စီကလည်း CDM လှုပ်ရှားမှု ပြုလုပ်နေသည့် ဝန်ထမ်းများနှင့် ဦးဆောင်သူဟု ယူဆရသူအချို့ကို ဖိအားပေးခြင်း၊ ဖမ်းဆီးခြင်းပြုလုပ်သည့်နည်းတူ ဆန္ဒထုတ်ဖော်သူများကို သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ရေအမြောက်ဖြင့် ဖြိုခွင်းခြင်းများ ပြုလုပ်လာသည်ကို တွေ့ရသည်။
ဖေဖော်ဝါရီ ၉ က အုပ်ချုပ်ရေးမြို့တော် နေပြည်တော် သပြေကုန်းအဝိုင်းတွင် ဆန္ဒပြသူတို့ ပစ်ခတ်ခံရပြီး ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင် ဦးခေါင်း ကျည်ဆန်ထိမှန်သဖြင့် ဦးနှောက်အလုပ်လုပ်မှု ရပ်ဆိုင်းသွားရာ မိသားစုက အသက်ရှူစက်ကို ဖြုတ်ရန် ဆုံးဖြတ်ချက်ချခဲ့ပြီ ဖြစ်သည်။ ဆေးပညာအရ ခန္ဓာကိုယ်တစ်ခုလုံးတွင် အဓိကကျသော ဦးနှောက်သေဆုံးသွားသဖြင့် သေလူအဖြစ် သတ်မှတ်နိုင်ကြောင်း ဆရာဝန်များက ဆိုသည်။
ဆန္ဒထုတ်ဖော်သူများကို ရဲတပ်ဖွဲ့ဖြိုခွင်းလာမည်ကို စိုးရိမ်နေသူများရှိသော်လည်း စိုးစိမျှ ကြောက်ရွံ့မှုမရှိဘဲ အဆုံးထိ အန်တုသွားမည့်သူများလည်းပါကြောင်း Myanmar Now က မေးမြန်းခွင့်ရခဲ့သည့် ဆန္ဒပြသူများက ပြောဆိုကြသည်။
“ထွက်လာကတည်းက ကြောက်စိတ်ဆိုတာ အိမ်မှာ ထားခဲ့ပါတယ်။ ကျွန်တော်တို့ပြည်သူတွေအတွက် အကြမ်းဖက်ဖြိုခွင်းတယ်ဆိုတာကတော့ အရမ်းဝမ်းနည်းစရာကောင်းတဲ့၊ ရုပ်ဆိုးအကျည်းတန်တဲ့လုပ်ရပ်ကြီး တစ်ခုပါ” ဟု စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆူးလေဘုရားရှေ့တွင် ဖေဖော်ဝါရီ ၁၀ ရက်က ဆန္ဒပြခဲ့သည့် ရွှေပြည်သာမြို့နယ်မှ ပန်းသည်တစ်ဦးက ပြောသည်။
မြန်မာပြည်သူလူထုသည် စစ်အုပ်ချုပ်ရေး၏ဆိုးမွေကို နှစ်ပေါင်းများစွာ ခံခဲ့ရပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေချိန်တွင် စစ်အုပ်စုက တစ်ကျော့ပြန်အာဏာသိမ်းခြင်းမှာ အလွန်နစ်နာသည်ဟု ၎င်းက မှတ်ချက်ပြုသည်။
၂၀၁၀ ရွေးကောက်ပွဲနှင့်အတူ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ် စတင် ခြေဦးချလာခဲ့သော်လည်း တပ်မတော်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အကာအကွယ်ပြုပြီး အာဏာကို ဆက်လက်ကိုင်စွဲခဲ့ကြောင်း၊ ယခုအခါ လူထုလက်မခံသည့် စစ်အာဏာရှင်စနစ်ကို အပြည့်အဝပုံဖော်လိုက်ခြင်းဖြစ်ကြောင်း ဆန္ဒပြနိုင်ငံရေးသမားများက ဆိုသည်။
“ယနေ့ဆိုရင် စစ်အာဏာရှင်စနစ် ဘွားဘွားကြီးပေါ်တာ လူတိုင်းသိတဲ့အခြေအနေဖြစ်တယ်။ တစ်ကမ္ဘာလုံးက သိတဲ့အခြေအနေဖြစ်တယ်။ ဒါကြောင့် ဒီစစ်အာဏာရှင်စနစ်ကို ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့်အတူ ပြည်သူအားလုံး ဖျက်သိမ်းပစ်ကြရမှာဖြစ်တယ်” ဟု လူ့ဘောင်သစ်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဆူးလေမီးပွိုင့်အနီး ဆန္ဒပြပွဲတွင် လူထုကို တိုက်တွန်းပြောဆိုခဲ့သည်။
တိုင်းရင်းသားများအပါအဝင် တစ်တိုင်းပြည်လုံးရှိ ပြည်သူလူထုက အလိုမရှိခြင်းကြောင့် စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်ဖြစ်ပြီး လူထုတစ်ရပ်လုံးက အဆုံးသတ်ရန်ကြိုးပမ်းရမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောသည်။
သို့သော် အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဆန္ဒပြပွဲဦးဆောင်သူများနှင့် ထင်ရှားသည့်နိုင်ငံရေးသမားများကို ဖမ်းဆီးလျက်ရှိနေပြီး နိုင်ငံတော်တည်ငြိမ်မှုပျက်ကြားအောင် လှုံ့ဆော်ဟောပြောသည်ဟု စွပ်စွဲချက်များဖြင့် ၈၈ မျိုးဆက်ကျောင်းသား ဦးမင်းကိုနိုင်အပါအဝင် ပြည်သူလူထုကြား ထင်ရှားသူ ၇ ဦးကို ဖေဖော်ဝါရီ ၁၃ တွင် ဖမ်းဝရမ်းထုတ်ထားသည်။
ထို့အတူ ညမထွက်ရအမိန့်နှင့် တစ်ခေတ်တစ်ခါက အယူအဆမတူသူများကို ပစ်မှတ်ထားရန် ပြဋ္ဌာန်းခဲ့သည့် ဧည့်စာရင်းဥပဒေကို ပြန်လည်အသက်သွင်းသည့် အမိန့်များကို စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း ဆက်တိုက်ထုတ်ပြန်လာခဲ့သည့်။ လွတ်လပ်စွာပြောဆိုခွင့်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံခွင့်ကို အဟန့်အတားဖြစ်စေမည့် ဆိုက်ဘာလုံခြုံရေးဥပဒေ ပြဋ္ဌာန်းရန် ဥပဒေမူကြမ်းကိုလည်း အသင်းအဖွဲ့များထံမှ သဘောထားမှတ်ချက် တောင်းခံလျက်ရှိသည်။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဥပဒေအရ ဖိနှိပ်ချုပ်ချယ်မှုများ၊ ဖိအားပေးဖမ်းဆီးမှုများရှိနေသည့်တိုင် မတရားသည့်အမိန့်မှန်သမျှကို ဖီဆန်ရမည်ဖြစ်ကြောင်း၊ ပြည်သူ့အာဏာ ပြန်လည်ရသည်အထိ စစ်ကောင်စီကို အန်တုသွားမည်ဖြစ်ကြောင်း ဆန္ဒပြပွဲဦးဆောင်သူတို့က ဆိုသည်။
“ကိုယ့်အလုပ် ကိုယ်လုပ်မယ်ဆိုရင် မလိုအပ်တာတွေ လိုက်လုပ်စရာမလိုဘူး။ ဆရာဝန်က ဆေးကုမယ်။ စစ်သားက စစ်တိုက်မယ်။ အခုလိုမျိုး နိုင်ငံ့အာဏာကို မတရားသဖြင့်သိမ်းယူထားတဲ့ဟာကို ကျွန်တော်တို့ လက်မခံပါဘူး။ လက်ခံတဲ့အတွက် ကျွန်တော်တို့လုပ်နေရခြင်းဖြစ်ပါတယ်” ဟု ဒေါက်တာရှိန်းသူကျော်က ဆိုသည်။