လိုက်နာခြင်းမရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေကိုပင် ဖျက်လို့ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွန်ခဲ့သည့် သုံးရက်တွင် ထုတ်ဖော်ပြောကြားပြီးနောက် ယနေ့ (ဇန်နဝါရီ ၃၀) တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်မည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
“တပ်မတော်အနေဖြင့် တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ကာကွယ်စောင့်ရှောက်လျက် ပြဋ္ဌာန်းထားသည့် ဥပဒေဘောင်အတွင်းမှသာ ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်” ဟု တပ်မတော်၏ သတင်းထုတ်ပြန်ချက် အဆုံးသတ်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်တွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် လေးစားလိုက်နာခြင်း မရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေကိုပင် ဖျက်လို့ရကြောင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဆိုလိုတာကတော့ အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ်။ ဒီဥပဒေကို မလိုက်နာဘူးဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရမယ်။ ဒါကြောင့် တော်လှန်ရေးကောင်စီခေတ်တုန်းကလည်း ၁၉၄၇ ခုနှစ်၊ ဥပဒေကိုဖျက်လိုက်တာပဲ။ နဝတခေတ် တပ်မတော်တက်လာတဲ့အခါမှာ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်လိုက်တာပဲ” ဟု တပ်ချုပ်က ပြောဆိုခဲ့သည်။
ထိုသို့ပြောကြားချက်ကို အချို့သော အဖွဲ့အစည်း၊ မီဒီယာများအနေဖြင့် လိုရာဆွဲအဓိပ္ပာယ်ဖွင့်ဆိုလျက် လိုရာဆွဲ ပြောဆိုခြင်း၊ ရေးသားခြင်းများ ပြုလုပ်နေသည်ဟုလည်း တပ်မတော်၏ ယနေ့ထုတ်ပြန်ချက်က စွပ်စွဲထားသည်။
တပ်မတော်၏ ယနေ့ထုတ်ပြန်ချက်တွင် ဥပဒေကိုမလိုက်နာပါက ဥပဒေချိုးဖောက်ခြင်းဖြစ်သည်ဆိုသော ဥပဒေသမားများ၏ ဝေဖန်ချက်များနှင့် လွန်ခဲ့သည့်ရက်ပိုင်းက ရန်ကုန်နှင့် မြို့ကြီးအချို့တွင် တပ်မတော် သံချပ်ကာကားများ လမ်းမများပေါ်သို့ ထွက်ခဲ့သဖြင့် ပြည်သူတို့၏ ကြောက်လန့်တကြားဖြစ်မှုများကိုမူ တုံ့ပြန်ဖြေရှင်းထားခြင်း မရှိပေ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာခြင်း မရှိပါက ဖျက်လို့ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထုတ်ဖော်ပြောကြားပြီးနောက် တပ်မတော်က အာဏာသိမ်းယူနိုင်သည့်အပေါ် စိုးရိမ်ပူပန်မှုများမြင့်တက်ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံရေးအသိုင်းအဝိုင်း၊ တိုင်းရင်းသားပါတီများ၊ အမေရိကန်နှင့် ကုလအပါအဝင် အနောက်နိုင်ငံသံရုံးများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များက ရွေးကောက်ပွဲရလဒ်ကို လက်ခံရန်နှင့် အကျပ်ကိုင်ခြိမ်းခြောက်ခြင်း မပြုရန် တိုက်တွန်းချက်များ ထုတ်ပြန်ခဲ့ကြသည်။
ယမန်နေ့ညပိုင်းတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများကပင် ငြိမ်းချမ်းသော နည်းလမ်းဖြင့် အဖြေရှာရန် တိုက်တွန်းကြောင်း ထုတ်ပြန်ရသည်အထိ စိုးရိမ်ဖွယ်ရာ နိုင်ငံရေးအခြေအနေ တင်းမာခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များသည် အပြီးအပြတ်ဖြစ်သည်ဆိုရုံမျှဖြင့် မလုံလောက်ဘဲ တရားမျှတပြီး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲရလဒ်ဖြစ်ကြောင်း ထုတ်ဖော်ပြသနိုင်မှသာ လက်ခံသွားမည်ဖြစ်ကြောင်း တပ်မတော်က ဇန်နဝါရီ ၂၀ ရက်တွင် ကြေညာထုတ်ပြန်ခဲ့သည့်အပြင် ဇန်နဝါရီ ၂၆ နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် မဲစာရင်းမှားယွင်းမှု ၈ ဒသမ ၆ သန်းကျော်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။
တောင်းဆိုချက်များ ဖြေရှင်းပေးခြင်း မရှိပါက မည်သို့ဆက်လက်ဆောင်ရွက်မည်ဆိုသည်ကို အတိအကျမပြောနိုင်သော်လည်း အာဏာမသိမ်းဟု မမှတ်ယူနိုင်ကြောင်း တပ်မတော်တာဝန်ရှိသူက ထိုသတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့ပြီး ၎င်းတို့တွင် အဖြေရှိပြီးဖြစ်သည်ဟုလည်း ဆိုခဲ့သည်။
“ဖြေရှင်းပေးသင့်သူတွေက ဖြေရှင်းပေးဖို့ တောင်းဆိုသွားမယ်။ ဘာဆက်လုပ်မလဲဆိုရင်တော့ ဥပဒေနဲ့ အကျံးးဝင်တာ မှန်သမျှကို ကျန်တော်တို့ ဆက်လက်လုပ်ဆောင်သွားမယ်” ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
တပ်မတော်၏ အစဉ်တစိုက် ထုတ်ပြန်ပြောဆိုချက်များနှင့် ပတ်သက်၍ တည်ဆဲဥပဒေများအရ မဲဆန္ဒရှင်များ၏ ဆန္ဒသဘောထားကို အပေးအယူလုပ်မရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြတ်ပြတ်သားသားတုံ့ပြန်ခဲ့သည်။
အတည်မပြုနိုင်သော သတင်းများအရ နေပြည်တော်တွင် တပ်မတော်တာဝန်ရှိသူတချို့နှင့် အစိုးရကိုယ်စားလှယ်များ လွန်ခဲ့သည့် ကြာသပတေးနှင့် သောကြာနေ့များတွင် တွေ့ဆုံမှုများရှိခဲ့ကြောင်း သိရသည်။