ရန်ကုန် – အစိုးရနှင့်ပတ်သက်ပြီး “မဟုတ်မမှန်သည့်သတင်းအချက်အလက်များ” ဟောပြောမှုဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ တိုင်းဒေသကြီးလွှတ်တော်အမတ်တစ်ဦးကို NLD ၏ ရမည်းသင်း ခရိုင် ဒုဥက္ကဋ္ဌက တရားရုံး၌ဦးတိုက်လျှောက်ထားသည့်အမှုကို လာမည့် ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၉) တွင် မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် တရားရုံးတွင် စတင်စစ်ဆေးမည်ဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ မန္တလေးတိုင်းလွှတ်တော် ပျော်ဘွယ်မဲဆန္ဒနယ် အမှတ် (၁) အမတ် ဦးတင်စိုးသည် ၂၀၁၈ နိုဝင်ဘာလ အတွင်းက ပျော်ဘွယ်မြို့ ကြက်တည်ကျေးရွာအတွင်း ဟောပြောပွဲတစ်ခုတွင် အစိုးရကို အကြည်ညို ပျက်စေသည့် အသုံးအနှုန်းများ၊ ဘာသာရေးနှင့်လူမျိုးရေးကိစ္စများ၊ ပြည်သူလူထုကို အထိတ်တလန့် ဖြစ်အောင် ဟောပြောသည့် ကိစ္စများ ပါရှိသည်ဟုဆိုကာ အရေးယူပေးရန် ဒီဇင်ဘာ တတိယပတ်အတွင်း ဦးတိုက်လျှောက်ထား ခဲ့ခြင်း ဖြစ်သည်။
ထိုတိုင်ကြားချက်နှင့်ပတ်သက်ပြီး ပျော်ဘွယ်ရဲစခန်းက စစ်ချက်ယူပြီးသွားပြီဖြစ်ကာ လာမည့် ၉ ရက်နေ့တွင် တရားရုံးသို့ တင်ပေးရမည်ဟု စခန်းမှူး မျိုးမျိုးက Myanmar Now ကို အတည်ပြုပေးသည်။
လူမှုကွန်ရက် Facebook တွင် ပျံ့နှံ့ခဲ့သည့် ၁၁ မိနစ်ကျော်ကြာ ရုပ်သံဖိုင်တွင် ဦးတင်စိုးက “ကြံ့ခိုင်ရေးက လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူလူထုရဲ့ဆင်းရဲမွဲတေမှုကို လွှတ်တော်မှာမဲခွဲပေးတယ်။ အဆိုတင်တယ်။ မဲခွဲတော့ NLD ကကန့်ကွက်တယ်။ ခင်ဗျားတို့ကြီးပွားချမ်းသာမယ့် ကိစ္စကို NLD အစိုးရကလိုက်ပိတ်ပင်နေတဲ့ကိစ္စကို ပြောချင်တာ။ ၂၀၀၈ ခြေဥဖျက်ဖို့ကိစ္စ ဒါကိုပဲကြိုးစားနေကြတယ်။ တိုင်းပြည်မှာစစ်တပ်မရှိလို့ဖြစ်ပါ့မလား။ စစ်တပ်မရှိရင်ဒုက္ခရောက်သွားမှာပေါ့” ဟုပြောကြားခဲ့သည်။
ထို့ပြင် “နေပြည်တော်ကြီးဘယ်သူတည်သွားလဲ။ အမြန်လမ်းကြီးဘယ်သူ ဖောက်သွားလဲ ဦးသန်းရွှေပဲ ဖောက်သွားတာလေ။ တစ်မိုင်မှာ သိန်း ၆၀၀၀ ပဲကုန်တယ်လေ။ ကွန်ကရစ်လမ်းကော တံတားကော အပြီးအစီး။ အခုဒီအစိုးရက နိုင်လွန်ကတ္တရာလမ်းလေးခင်းတယ်။၆ လက်မထု ၄ လက်မထုလေးခင်းတာကို တစ်မိုင်ကိုသိန်းပေါင်း ၂၇,၀၀၀ တဲ့။ ကွာသွားတဲ့ ၂၁,၀၀၀ က ဘယ်ရောက်သွားလဲ သိလား။ ရခိုင်မှာရှိတဲ့ ကုလားတွေအိမ်ဆောက်ပေး နေတာလေ။ ရခိုင်တွေတအား အသတ်ခံရတယ်လေ။ ဒီအစိုးရဘာလုပ်လို့လဲ။ အဲ့ဒါကြောင့် ခင်ဗျားတို့ပြန်ခုန်ချ တိုင်းပြည်ဆင်းရဲမွဲတေနေတာက အဲဒီလူတွေအရည်အချင်းမရှိလို့ဆိုတဲ့ကိစ္စ။ သူတို့အသုံးမကျတာကိုတော့ သူတို့မပြောဘူး” ဟု လည်း ယင်းရုပ်သံဖိုင်တွင် ပါရှိသည်။
(အထက်စာပိုဒ်ပါ “တစ်နိုင်ငံလုံး မှာ သိန်း ၆၀၀၀ ပဲကုန်တယ်” ဆိုသော စာသားအစား “တစ်မိုင်မှာ သိန်း ၆၀၀၀ ပဲ ကုန်တယ်”ဟု ပြန်လည်ပြင်ဆင် ထားပါသည်။
အဆိုပါ ဟောပြောချက်ကို မကျေနပ်သည့်အတွက် တရားစွဲရခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရမည်းသင်းခရိုင် ဒုဥက္ကဋ္ဌ ဦးညီညီလွင်က Myanmar Now ကိုပြောသည်။
“ကျွန်တော်စွဲဆိုခြင်းသည် ပုဂ္ဂိုလ်ရေးမုန်းတီးမှုမပါဘူး။ ပါတီတိုက်ခိုက်ရေးမပါဘူး။ မဟုတ်မမှန်တဲ့ သတင်းအချက်အလက်တွေကို လူထုကြား ချပြတဲ့အတွက် စွဲဆိုခြင်းဖြစ်တယ်”ဟု သူက Myanmar Now ကို ဖုန်းဖြင့်ပြောသည်။
၎င်းတို့ကိုယ်စားလှယ်တိုင်ကြားခံရမှုကို သိရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (ဗဟို)မှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက အတည်ပြုခဲ့ပြီး ယင်းဟောပြောမှုသည် အစိုးရကို အကြည်ညိုပျက်စေမှု မြောက်ခြင်း၊ မမြောက်ခြင်းကိုတော့ မှတ်ချက်မပေးလိုဟုဆိုသည်။
“ကျွန်တော်တို့ကတော့ကိုယ်စားလှယ်တစ်ယောက်ရဲ့ (အခွင့်အရေး) ကိုလည်း လက်ရှိစစ်ဆေးတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့လည်း ထည့်သွင်းပြီးတော့ စဉ်းစားစေချင်ပါတယ်။ ဘာလို့လဲဆိုရင် လက်ရှိကိုယ်စားလှယ်ဖြစ်နေလို့ပါပဲ။ ကျွန်တော်တို့ ကိုယ်စားလှယ်တွေက အင်အားစုအရမ်းနည်းပါတယ်။ ဒါကိုဒီလို ကိစ္စတွေကိုမှ နားလည်မှုမပေးနိုင်ဘူးဆိုရင် ၂၀၂၀ ကို ကျွန်တော်တို့အနေနဲ့စိုးရိမ်ပါတယ်”ဟု ၎င်းကပြောသည်။
တရားစွဲဆိုခံရသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ မန္တလေးတိုင်း လွှတ်တော် ပျော်ဘွယ်မြို့နယ် (၁) အမတ် ဦးတင်စိုးအား Myanmar Now ကဆက်သွယ်ခဲ့သော်လည်း မိသားစုဝင်များနှင့်သာ အဆက်အသွယ် ရခဲ့ပြီး လွှတ်တော်အမတ်နှင့် ယနေ့ (ဇန်နဝါရီ ၇) ညနေပိုင်းအထိ အဆက်အသွယ်မရခဲ့ပါ။