
မြန်မာနှင့် ဗီယက်နမ်စစ်တပ်သည် ၎င်းတို့ပါဝင်ရင်းနှီးမြှုပ်နှံထားသော Mytel ဆက်သွယ်ရေးအော်ပရေတာမှတစ်ဆင့် မြန်မာပြည်သူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လက်လှမ်းမီနေခြင်းသည် လူ့အခွင့်အရေးရှုထောင့်အရ အန္တရာယ်ရှိသော အခြေအနေတစ်ခုဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူများအဖွဲ့ Justice For Myanmar က ဝေဖန်လိုက်သည်။
မြန်မာတပ်မတော်နှင့် ဗီယက်နမ်စစ်တပ် ပိုင်ဆိုင်နေသော Mytel သည် ပြည်သူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို စုဆောင်းခြင်း၊ သုံးသပ်ခြင်းတို့မှတစ်ဆင့် ပုဂ္ဂလိကအခွင့်အရေးကို ချိုးဖောက်လျက်ရှိကြောင်း ဒီဇင်ဘာ ၂၀ တွင် ထုတ်ပြန်ခဲ့သည့် Justice for Myanmar ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံတန်ဖိုးရှိ မြန်မာနိုင်ငံ၏ စတ္ထုတမြောက်အော်ပရေတာ Mytel တွင် မြန်မာအစိုးရအစုရှင်အဖြစ် တပ်မတော်လက်အောက်ခံ Star High ကုမ္ပဏီက ၂၈ ရာခိုင်နှုန်း၊ ပြည်တွင်းမှ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် အများစုပိုင်ဆိုင်သည့် ကုမ္ပဏီ ၁၁ ခုဖြင့် ဖွဲ့စည်းထားသည့် Myanmar National Telecom Holding (MNTH) ကုမ္ပဏီက ၂၃ ရာခိုင်နှုန်းနှင့် ဗီယက်နမ်စစ်တပ်လက်အောက်ခံ Viettel Global Investment JSC က ၄၉ ရာခိုင်နှုန်း အသီးသီးပိုင်ဆိုင်သည်။
Viettel သည် ဗီယက်နမ်အစိုးရ ထူထောင်ထားသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်ပြီး ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနက စီမံခန့်ခွဲသည်။ ထို့ကြောင့် ပြည်တွင်းပြည်ပဖက်စပ်လုပ်ငန်းဖြစ်သည့် Mytel ကို မြန်မာဘက်က ၅၁ ရာခိုင်နှုန်း၊ ဗီယက်နမ်က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ကြပြီး Telecom International Myanmar ကုမ္ပဏီအမည်ဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးလျက်ရှိသည်။
ဗီယက်နမ်စစ်တပ်လက်အောက်ခံ Viettel ကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်းရှိ စစ်အခြေစိုက်စခန်းများရှိ တာဝါတိုင်များကိုလည်း လုပ်ကိုင်လျက်ရှိပြီး တပ်မတော် ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး၏ ဖိုင်ဘာအော့ပ်တစ်လမ်းကြောင်းများ လည်ပတ်ထိန်းသိမ်းခွင့်ကို ရရှိနေခြင်းသည် နိုင်ငံတော်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်းလည်း Justice For Myanmar က ထောက်ပြထားသည်။
ထိုကဲ့သို့ ပြည်ပစစ်တပ်တစ်ရပ်သည် Mytel မှတစ်ဆင့် မြန်မာနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများအပေါ် လက်လှမ်းမီနေခြင်းက နိုင်ငံ၏ လုံခြုံရေးအပေါ် အန္တရာယ်ကျရောက်စေနိုင်သည်ဟု ဆိုသည်။ Mytel ၏တရားဝင်အင်တာနက်စာမျက်နှာတွင်လည်း Mytel သုံးစွဲသူများ၏ သတင်းအချက်အလက်များအား Mytel တွင်ပါဝင်ရင်းနှီးမြှုပ်နှံထားသူများအားမျှဝေခြင်း၊ မြန်မာနိုင်ငံပြင်ပရှိလူပုဂ္ဂိုလ်နှင့် အဖွဲ.အစည်းများအား လွှဲပြောင်းပေးနိုင်သည်ဟု အတိအလင်းကြေညာထားသည်။
“Mytel သည် မိမိ၏ ကုမ္ပဏီအတွင်းပိုင်၌လည်းကောင်း၊ Mytel ၏ အစုရှယ်ယာရှင်ကုမ္ပဏီများနှင့် ပြင်ပမိတ်ဖက် ပါတနာများအပါအဝင် လူကြီးမင်း၏အချက်အလက်များကို ဤမူဝါဒနှင့်အညီ လုံခြုံစိတ်ချစွာဖြင့် မျှဝေခြင်းကို လူကြီးမင်းက ခွင့်ပြုပါသည်။ ဤမူဝါဒတွင်ဖော်ပြထားသော ရည်ရွယ်ချက်များအလို့ငှာ လူကြီးမင်း၏ အချက်အလက်များကို မြန်မာနိုင်ငံတွင်လည်းကောင်း၊ လူကြီးမင်းနေထိုင်ရာနိုင်ငံမှအပ အခြားတိုင်းပြည်တစ်ခုခုတွင်လည်းကောင်း လွှဲပြောင်းခြင်း၊ လွှဲပို့ခြင်း သို့မဟုတ် သိမ်းဆည်းခြင်းနှင့် ကိုင်တွယ်ဆောင်ရွက်ခြင်းတို့ ပြုနိုင်ပါသည်။ ဤကဲ့သို့ အချက်အလက်များ လွှဲပြောင်းခြင်းမှာ လူကြီးမင်းထံသို့ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုနှင့် ထုတ်ကုန်များ ပံ့ပိုးပေးရာတွင် လိုအပ်သောကြောင့်ဖြစ်သည်” ဟူ၍ဖြစ်သည်။
“အဲဒါက ပုဂ္ဂလိကလုံခြုံမှုအတွက် အခြေခံအခွင့်အရေးတွေ ချိုးဖောက်ရာရောက်နေသလို တပ်မတော်က ပြောနေတဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတာနဲ့လည်း ဆန့်ကျင်နေပါတယ်” ဟု Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးကမူ ယင်းအခြေအနေများကို နိုင်ငံတော်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် မရှုမြင်ပေ။
“အဲလိုဆိုရင်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အကုန်လုံးကို ပြန်ခိုင်းမှပဲ ရမှာပေါ့နော်။ ဒီတစ်ခုတည်းကတော့ ကွက်ပြောလို့ မရဘူးထင်တယ်” ဟု ဦးရဲနိုင်မိုးက တုံ့ပြန်သည်။
သို့သော်လည်း မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေးမူဝါဒနှင့် ဥပဒေမူဘောင်များမှာ ယနေ့အချိန်တွင် ရေးဆွဲဆောင်ရွက်နေဆဲဖြစ်ပြီး အစိုးရဌာနများတွင် ဆိုက်ဘာလုံခြုံရေးအဖွဲ့များ ထည့်သွင်းဖွဲ့စည်းရန် လိုအပ်နေသေးကြောင်း ပို့ဆောင်/ ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများကြား ပြုလုပ်သည့် အသိပညာပေးဟောပြောပွဲတစ်ရပ်တွင် ဦးရဲနိုင်မိုးကိုယ်တိုင် ပြောကြားခဲ့ဖူးသည်။
ဗီယက်နမ်စစ်တပ်ပိုင် Viettel ကုမ္ပဏီ၏ ပင်မလုပ်ငန်းတာဝန်မှာ စစ်လက်နက်ပစ္စည်းများနှင့် စစ်ဘက်အရပ်ဘက် နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့် နည်းပညာများကို သုတေသနပြု၊ ထုတ်လုပ်ရောင်းချရေးဖြစ်သည်။ Viettel ၏ နိုင်ငံခြားဈေးကွက် ၁၀ ခုရှိ ဆက်သွယ်ရေးကွန်ရက်များတွင် ဒီဂျစ်တယ်လုံခြုံရေးဝန်ဆောင်မှုများ ပေးခဲ့ဖူးသည်ဟုလည်း Justice For Myanmar ၏ အစီရင်ခံစာတွင် ဆိုထားသည်။ ယင်းနိုင်ငံခြားဈေးကွက် ၁၀ ခုတွင် Viettel ကိုယ်တိုင်ရင်းနှီးမြှုပ်နှံထားသည့် Mytel ၏ ကွန်ရက်လည်း ပါဝင်ဖွယ်ရှိကြောင်း ဆိုသည်။
ထို့အပြင် Viettel သည် မြန်မာစစ်တပ်၏ ဆက်သွယ်ရေးနည်းပညာနှင့် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ခြင်း၊ သင်တန်းပေးခြင်းတို့ ပံ့ပိုးပေးနေရာ မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများကို အားပေးကူညီရာ ရောက်နေသည်ဟု Justice For Myanmar က ဆိုသည်။
Viettel ၏ ဌာနတွင်းအချက်အလက်အချို့ ပေါက်ကြားရာမှ Mytel ၏ အတွင်းပိုင်းလည်ပတ်လုပ်ဆောင်ပုံ တွေ့ရှိချက်များအပေါ် အခြေခံပြုစုထားသည့် ယင်းအစီရင်ခံစာ မထွက်ပေါ်လာမီအချိန်ကပင် ကိုယ်ရေးကိုယ်တာအချက်အလက်များ လုံခြုံရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် စိုးရိမ်ပူပန်မှုများ ရှိနေခဲ့သည်။
မြန်မာနိုင်ငံရှိ တက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များအပါအဝင် မြန်မာပြည်သူများ၏ ဖုန်းပြောဆိုမှုနှင့် အချက်အလက်များကို အစိုးရက ကြားဖြတ်စောင့်ကြည့်မှု ပြုလုပ်ရန် ကြိုးပမ်းလျက်ရှိပုံကို မြန်မာသုတေသီတစ်ဦးရေးသားထားသည့် စာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။
“မြန်မာနိုင်ငံတွင် အွန်လိုင်းဆင်ဆာဖြတ်တောက်မှုနှင့် စုံစမ်းထောက်လှမ်းမှုမြင့်တက်လာခြင်း (The Rise of Online Censorship and Surveillance in Myanmar)” အမည်ရှိ ယင်းစာတမ်းကို အမေရိကန်အခြေစိုက် Open Technology Fund ၏ ပံ့ပိုးမှုဖြင့် “ဖြူဖြူကျော်” အမည်ရှိ မြန်မာသုတေသီတစ်ဦးက နိုဝင်ဘာတွင် ရေးသားထုတ်ဝေခဲ့ခြင်းဖြစ်သည်။
ယင်းစာတမ်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ၂၀၁၉ တွင် ဆက်သွယ်ရေးအော်ပရေတာ လေးခုအပါအဝင် အခြားအင်တာနက်ဝန်ဆောင်မှုကုမ္ပဏီများသို့ ပေးပို့သည့် အစည်းအဝေးဖိတ်ကြားစာတစ်စောင်မိတ္တူကို ထည့်သွင်းဖော်ပြထားသည်။
“ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရကုမ္ပဏီများမှ အင်တာနက်ကွန်ရက်ချိတ်ဆက်ဆောင်ရွက်ရာ၌ Provision for Monitoring of Voice and Data Traffic (ဖုန်းပြောဆိုဆက်သွယ်မှုနှင့် အချက်အလက်များစောင့်ကြည့်ခြင်း) အား Lawful Interception (ဥပဒေနှင့်အညီ ကြားဖြတ်ရယူမှု) စနစ်ဖြင့် ဆောင်ရွက်သွားနိုင်ရေးအတွက် လိုအပ်သော စက်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန်” ဟု ယင်းဖိတ်ကြားစာတွင် ရေးသားထားသည်။
ထို့အပြင် ပို့ဆောင်/ ဆက်သွယ်ရေးဝန်ကြီးဌာနတွင်းမှ ပေါက်ကြားလာသည့် ဘတ်ဂျက်ဆိုင်ရာ စာရင်းဇယားတစ်ခုတွင် “ဥပဒေနှင့်အညီ အချက်အလက်ကြားဖြတ်ရယူမှုစနစ်” အကောင်အထည်ဖော်ရန် ကျပ်သန်း ၆,၁၉၀ (ကန်ဒေါ်လာ ၄ သန်းနီးပါး) ကို ခွဲဝေသုံးစွဲရန် သတ်မှတ်ခဲ့သည်ကို တွေ့ရှိရကြောင်းလည်း ထိုစာတမ်းတွင် ဖော်ပြထားသည်။
ယင်းမတိုင်ခင်ကလည်း မြန်မာအစိုးရသည် ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအတွက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ သန်းအသုံးပြုကာ ၂၀၁၇ တွင် နိုင်ငံတော်အဆင့်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့သည်။
မြန်မာအစိုးရအနေဖြင့် ယခုသုံးစွဲထားသည့် ငွေကြေးပမာဏအားဖြင့် ဆိုလျှင် အမေရိကန်ပြည်ထောင်စုကဲ့သို့ နိုင်ငံများမှ ထုတ်လုပ်သည့် ခေတ်မီ ဒီဂျစ်တယ်စုံစမ်းထောက်လှမ်းရေး စက်ပစ္စည်းများပင် ရယူသုံးစွဲနိုင်ကြောင်း Free Expression Myanmar အဖွဲ့မှ ဒါရိုက်တာ မယဉ်ရတနာသိန်းက Myanmar Now ကို ပြောသည်။
“ဥပဒေနှင့်အညီ အချက်အလက် ကြားဖြတ်ရယူမှု” လုပ်ဆောင်ရန်မှာ ယင်းအတွက် သီးခြားဥပဒေတစ်ခု မရှိသေးသည့်အပြင် နည်းဥပဒေကဲ့သို့ ဥပဒေမူဘောင်မျိုးလည်း မရှိသေးသဖြင့် ပြည်သူများ၏ ဖုန်းပြောဆိုမှုနှင့် အချက်အလက်များကို ဥပဒေနှင့်အညီ မည်ကဲ့သို့ စောင့်ကြည့်ရယူမည်ဟူသည့် အချက်မှာ မေးခွန်းထုတ်ဖွယ်ရာ ဖြစ်နေသည်ဟု ၎င်းက ထောက်ပြသည်။
“နောက်တစ်ခု ထပ်ပြီး စိုးရိမ်စရာကောင်းတာက ဒီဘက်မှာရှိတဲ့ ISP (အင်တာနက်ဝန်ဆောင်မှုပေးသူ) တွေက မတွန်းလှန်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်မှာက domestic law (ပြည်တွင်းဥပဒေ) လျော့ရိလျော့ရဲကြီးနဲ့ အလုပ်လုပ်ရတဲ့ အခါကျတော့ သူတို့မှာ အများကြီးမတွန်းလှန်နိုင်တာကို တွေ့ရတယ်” ဟု မယဉ်ရတနာသိန်းက ဆိုသည်။

ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် တယ်လီနော (မြန်မာ) ၏ ဒီဇင်ဘာ ၃ ရက် ထုတ်ပြန်ချက်တစ်စောင်တွင်လည်း ဆက်သွယ်ရေးအော်ပရေတာများနှင့် အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီများ၏ ခွင့်ပြုချက်မရှိဘဲ သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အစိုးရက တိုက်ရိုက်ရယူနိုင်ရန် ကြံရွယ်နေကြောင်း ဖော်ပြခဲ့သည်။
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တစ်ဦးအနေဖြင့် မိမိ၏ ဖုန်းပြောဆိုမှုများ၊ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မြန်မာစစ်တပ်က မည်မျှအထိလက်လှမ်းမီနေသည်ဟူသည့် အချက်အပေါ် စိုးရိမ်မိကြောင်း မယဉ်ရတနာသိန်းက ဆိုသည်။
ပို့ဆောင်/ ဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကမူ Mytel အနေဖြင့် ဥပဒေကိုကျော်လွန်၍ လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း၊ ပြုလုပ်ပါကလည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၉ အရ အရေးယူခံရမည်ဖြစ်ကြောင်း အခိုင်အမာပြောသည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့ (Mytel) လည်း လက်ရှိ ဥပဒေအတိုင်း လိုက်နာရမှာပဲလေ။ ကျွန်တော်တို့ ဆက်သွယ်ရေးဥပဒေမှာကလည်း ဒီဘက်က ခွင့်ပြုချက်တစ်ခုမျှမရှိဘဲ (တပ်မတော်ဘက်ကို) သူတို့ပေးလို့ မရဘူး” ဟု ဦးမျိုးဆွေက ဆိုသည်။
မည်သူမဆို ဆက်သွယ်ရေးနှင့် ပတ်သက်၍ တရားစွဲဆိုခြင်းကိစ္စနှင့် တရားရုံးအမိန့်အရ ထုတ်ဖော်ပြသရန် ခွင့်ပြုထားသည့် ကိစ္စများမှအပ ယုံကြည်စိတ်ချရသော စနစ်ဖြင့်ဖြစ်စေ၊ လျှို့ဝှက်စနစ်ဖြင့်ဖြစ်စေ ထားရှိသော သတင်းအချက်အလက်ကို ယင်းတို့နှင့် သက်ဆိုင်ခြင်းမရှိသည့် အခြားသူတစ်ဦးဦးသို့ တစ်နည်းနည်းဖြင့် ထုတ်ဖော်ခြင်းကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၉ အရ တားမြစ်ထားသည်။ ဖောက်ဖျက်ပါက အမြင့်ဆုံးထောင်ဒဏ် တစ်နှစ်အထိ ချမှတ်ခံရနိုင်သည်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၉ တွင် ထိုကဲ့သို့ဖော်ပြထားသော်လည်း ဥပဒေနှင့်အညီ ကြားဖြတ်ရယူမှုအတွက် လိုအပ်သည့် သီးခြားဥပဒေ၊ နည်းဥပဒေများ ရှိမနေခြင်းသည် တပ်မတော်နှင့် အစိုးရက ပြည်သူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ရယူခွင့်ရှိနေစေသည်ဟု ဖွံ့ဖြိုးမှုအတွက် မြန်မာအိုင်စီတီအဖွဲ့ (MIDO) ၏ အမှုဆောင်ဒါရိုက်တာ မထိုက်ထိုက်အောင်က ဆိုသည်။
“Mytel ကလည်း ဗီယက်နမ်စစ်တပ်၊ မြန်မာစစ်တပ်ကနေ ပူးပေါင်းလုပ်ထားတဲ့အခါကျတော့ ဘာပဲပြောပြော စစ်တပ်က real-time data (အချိန်နဲ့တစ်ပြေးညီ စုစည်းရရှိတဲ့အချက်အလက်) တွေကို ရယူနေနိုင်တော့ အဲဒါက တော်တော်လေးတော့ စိတ်ပူရတဲ့ကိစ္စပါ” ဟု ၎င်းက ပြောသည်။
တပ်မတော်သည် real-time data (အချိန်နဲ့တစ်ပြေးညီ စုစည်းရရှိတဲ့အချက်အလက်) များကို ရယူနိုင်သည့် အခွင့်အလမ်းရှိမရှိ မေးမြန်းရာ ယင်းသို့ ရယူပိုင်ခွင့်မရှိကြောင်းနှင့် Mytel ကို တပ်မတော်က ရင်းနှီးမြှုပ်နှံထားသည်ဟူသည့် အချက်တစ်ချက်တည်းကိုကြည့်၍ ထိုကဲ့သို့ ယူဆ၍ မရနိုင်ကြောင်း ဦးမျိုးဆွေက ကာကွယ်ပြောကြားသည်။
“ဒါကို ဘယ်ဘက်က ယူတယ်ပဲဖြစ်ဖြစ် တွေ့သွားတာနဲ့ သူတို့အရေးယူခံရမှာပဲလေ။ နောက်ဆုံး လိုအပ်တယ်၊ သူတို့ ရယူချင်တယ် ဆိုရင်တော့ တရားရုံးအမိန့်တွေ၊ နိုင်ငံတော်အစိုးရက တာဝန်ပေးထားတဲ့ အစိုးရအဖွဲ့အစည်းတွေကပဲ ဆောင်ရွက်ခွင့်ရှိတာ” ဟု ဦးမျိုးဆွေက ပြောသည်။
နည်းပညာတိုးတက်မြင့်မားလာသည်နှင့်အမျှ အစိုးရများသည် နည်းပညာများအသုံးပြု၍ ပြည်သူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို စောင့်ကြည့်ထောက်လှမ်းမှုများ ပြုလုပ်လေ့ရှိကြသော်လည်း ဒီမိုကရေစီအားကောင်းသည့် နိုင်ငံများတွင်မူ ပြည်သူကို အကာအကွယ်ပေးနိုင်သည့် ဥပဒေများလည်း ရှိထားကြသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း ပြည်တွင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ သတင်းအချက်အလက်နှင့် နည်းပညာလွတ်လပ်ခွင့်အတွက် ရပ်တည်ကြသူများက ပြည်သူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်အပေါ် အကာအကွယ်ပေးနိုင်သည့် ဥပဒေများ ပေါ်ထွက်လာရေး ဆော်ဩနေကြခြင်းဖြစ်သည်။
“စောင့်ကြည့်ထောက်လှမ်းမှုတွေ လုပ်လာမယ်ဆိုရင်တောင် (ပြည်သူကို) အကာအကွယ်ပေးနိုင်ဖို့အတွက် ဥပဒေတွေလိုအပ်တယ်” ဟု မထိုက်ထိုက်အောင်က ပြောသည်။