နိုင်ငံအရှေ့တောင်ပိုင်း ကရင်ပြည်နယ်ထဲမှ နယ်စပ်မြို့ မြဝတီသည် လွန်ခဲ့သော ၃၅ နှစ်အတွင်း ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး အချက်အချာအကျဆုံးမြို့ ဖြစ်လာပြီး၊ နယ်စပ်ကုန်သွယ်ရေး တိုးတက်ဖြစ်ထွန်းလာသည့်အလျောက် မြို့ငယ်လေးအသွင်မှ နယ်စပ်မြို့ကြီးအဖြစ် တဖြည်းဖြည်း ဖွံ့ဖြိုးစည်ပင် ပြောင်းလဲခဲ့သည်။
နှစ်နိုင်ငံနယ်ခြားမျဉ်းအဖြစ် သတ်မှတ်ထားသော တောင်-မြောက် ကွေ့ပတ်စီးဆင်းနေသည့် သောင်ရင်းမြစ် (ထိုင်းအမည် မိုးရေးမြစ်) ၏ အနောက်ဘက်ကမ်းတွင် မြဝတီမြို့တည်ရှိပြီး အရှေ့ဘက်ကမ်းတွင် ထိုင်းနယ်စပ် မဲဆောက်မြို့ တည်ရှိပါသည်။ သောင်ရင်းမြစ်ကို ဖြတ်ကျော် တည်ဆောက်ထားသော ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနှစ်စင်းသည် မြဝတီနှင့် မဲဆောက်မြို့တို့ကို ပေါင်းကူးဆက်သွယ်ထားသည်။
ထိုတံတားနှစ်စင်းပေါ်မှ နေ့စဉ် နှစ်နိုင်ငံပြည်သူများ တရားဝင်နယ်စပ်ကုန်သွယ်ရေးနှင့် နယ်စပ်ဖြတ်ကျော် ကူးသန်းသွားလာမှုက တံတားအောက်မှ ဖြတ်သန်းစီးဆင်းနေသော သောင်ရင်းမြစ်ရေအလား အလျဉ်မပြတ်ရှိနေခဲ့သည်။
သို့သော် ထိုတံတားနှစ်စင်းပေါ်မှ နှစ်နိုင်ငံ တရားဝင်ကုန်သွယ်ရေးနှင့် ကူးသန်းသွားလာမှုထက် သောင်းရင်းမြစ်ကို ဖြတ်လျက် လှေဆိပ်ပေါင်း ၃၅ ခုခန့်မှ နေ့စဉ် တရားမဝင်ကုန်သွယ်ရေးက နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး၏ အသက်သွေးကြောသဖွယ် ရှိနေခဲ့ပါသည်။
အကြောင်းအမျိုးမျိုးကြောင့် တံတားနှစ်စင်း ယာယီပိတ်ထားရသော ကာလများမှာပင် တံတားအောက် လှေဆိပ်များမှ ကုန်စည်စီးစင်းမှုမှာ စဉ်ဆက်မပြတ်ခဲ့ပါ။
စင်စစ် သဘာဝမြစ်တစ်စင်းက နှစ်နိုင်ငံ၏အချုပ်အခြာအာဏာကို ပိုင်းခြားသတ်မှတ်ထားသော်လည်း၊ နယ်စပ်မြို့နှစ်ခုမှ သာမန်ပြည်သူများ၏ဘဝက ရိုးရှင်းလှသည်။ နံနက်မိုးသောက်သည်နှင့် မြဝတီမြို့မှ ဈေးသည်များက မြန်မာနိုင်ငံထွက်ပစ္စည်းများကို မဲဆောက်ဘက်သို့ သယ်ယူရောင်းချကြသည်မှအစ နှစ်နိုင်ငံ ကုန်သေတ္တာတင်ကားကြီးများ ဝင်ထွက်သွားလာသည်အထိ နိစ္စဓူဝမြင်ကွင်းပင် မဟုတ်ပါလား။
ဤသည်မှာ မြဝတီမြို့၏ ပကတိရိုးရှင်းသော အပေါ်ယံရုပ်သွင်ပေတည်း။ လူ့အဖွဲ့အစည်းနှစ်ခုအကြား ကုန်သွယ်မှုဟူသည် လူ့သမိုင်းတစ်လျှောက် ဖြစ်ထွန်းလာခဲ့သော လူ့ယဉ်ကျေးမှုအစိတ်အပိုင်းတစ်ခုပင် ဖြစ်၍ မထူးဆန်းလှပါ။
သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာရမ္မက်ကြီးသူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူများ ထောက်ခံရွေးချယ်ထားသော အရပ်သားအစိုးရထံမှ အတင်းအဓမ္မ အာဏာသိမ်းခဲ့ပြီးနောက် မြဝတီမြို့သည် နိုင်ငံအနှံ့ပေါ်ပေါက်လာသော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရာတွင် အဓိကကျသည့် နယ်စပ်မြို့ ဖြစ်လာခဲ့သလို၊ စစ်အာဏာသိမ်းမှုအပြီး နိုင်ငံတွင်း တရားဥပဒေစိုးမိုးမှုအားနည်းမှုကြောင့် နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ စားကျက်မြေ ဖြစ်လာခဲ့သည်။
စစ်အာဏာသိမ်းမှုနှင့်အတူ ပြောင်းလဲလာသော မြဝတီ၏ ရုပ်သွင်လွှာ
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ပြည်သူနှင့် စစ်တပ်အကြား ဆက်ဆံရေး (Civil-Military Relation) ကို အဆိုးရွားဆုံးအဆင့်ထိ တွန်းပို့လိုက်ခြင်း ဖြစ်သည်။ စစ်တပ်၏ လုပ်ရပ်အပေါ် ပြည်သူတစ်ရပ်လုံးက ထိုမျှ ခါးသီးနာကြည်းစွာ ဆန့်ကျင်မှုကို အာဏာရမ္မက်တစ်ခုတည်းအတွက် လူမဆန်စွာ အာဏာသိမ်းခဲ့သော စစ်ခေါင်းဆောင်များ ကြိုတင်တွက်ဆနိုင်ခြင်း မရှိခဲ့ပါ။
ပြည်သူများ၏ နာကြည်းမှုက ခိုင်မာလှသည်။ စစ်ဗိုလ်ချုပ်များကိုယ်တိုင် စိတ်တိုင်းကျ ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မနှစ်သက်သော်လည်း၊ နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အာဏာအရပ်ရပ်ကို ပြည်သူက လိုလားစွာ အပ်နှင်းထားခြင်းမရှိဘဲ ရယူထားရုံမျှမက၊ အရပ်ဘက်နိုင်ငံရေးအာဏာကိုပါ ထိန်းချုပ်ရန် ရွေးကောက်ခံကိုယ်စားလှယ်များသာရှိသင့်သော လွှတ်တော်များတွင် ၂၅ ရာခိုင်နှုန်း အတင်းအဓမ္မရယူထားသော စစ်တပ်သည် ထိုမျှအာဏာချုပ်ကိုင်မှုနှင့် ကျေနပ်နိုင်မှုမရှိဘဲ၊ ၎င်းတို့ရေးဆွဲခဲ့သော ခြေ/ဥ ကို မျက်နှာပြောင်တိုက် ချိုးဖောက်ပြီး၊ တိုင်းပြည်တစ်ခုလုံး ပြည်သူများအားလုံး ကိုဗစ်ကပ်ဘေး အကြီးအကျယ် ရင်ဆိုင်နေရချိန်တွင် ဗုဒ္ဓဘာသာကို ကိုင်းရှိုင်းပါသည်ဆိုသော စစ်ဗိုလ်ချုပ်များ၏ လုပ်ရပ်က နိုင်ငံအပေါ် စိတ်စေတနာကင်းမဲ့သော၊ ပြည်သူအပေါ် မေတ္တာကရုဏာကင်းမဲ့သော လုပ်ရပ်မှလွဲ၍ အခြားမရှိပြီ။
အဆိုပါ စစ်ခေါင်းဆောင်များအပေါ် နာကြည်းသော စိတ်ခံစားချက်တူညီစွာဖြင့် နိုင်ငံအနှံ့မှ ပြည်သူများသည် တိုင်ပင်ညှိနှိုင်းစရာမလိုဘဲ၊ လှုံ့ဆော်စရာမလိုဘဲ လမ်းမများပေါ်တွင် ဆန္ဒအလျောက် ငြိမ်းချမ်းစွာဆန္ဒပြကန့်ကွက်ခဲ့ရာ အာဏာသိမ်းစစ်တပ်သည် ရာနှင့်ချီသော ဆန္ဒပြပြည်သူများကို ၎င်းတို့၏ လက်မရွံ့ လက်ဖြောင့်တပ်သားများ အသုံးပြုပြီး ဦးခေါင်းတည့်တည့် ချိန်ရွယ်ပစ်ခတ် သတ်ဖြတ်ခဲ့ကြသည်။ သေဆုံးခဲ့ကြသော ပြည်သူများမှာ လူငယ်မျိုးဆက်သစ် Generation Z အများစု ဖြစ်သည်။
“မျိုးဆက်မှားပြီး ပြဿနာလာမရှာနဲ့” (Don’t mess with the wrong generation) ဆိုသည့် ကြွေးကြော်သံနှင့်အတူ Gen Z တို့သည် လက်နက်ကိုင်တော်လှန်ရေး ခရီးရှည်ကို စတင်ခဲ့သည်။
နိုင်ငံအနှံ့မှ လူငယ်များသည် နီးစပ်ရာ လက်နက်ကိုင်အဖွဲ့များသို့ သွားရောက် ချဉ်းကပ်ကြသည်။
မြန်မာနိုင်ငံတွင် သက်တမ်းအရင့်ဆုံး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) ရှိ ရာ ထိုင်း-မြန်မာနယ်စပ်သို့လည်း အများအပြား ရောက်သွားကြသည်။
အထူးသဖြင့် KNU/KNLA တပ်မဟာ ၅ ၊ ၆ နှင့် ၇ နယ်မြေများဖြစ်သော ထိုင်းနိုင်ငံနှင့် နယ်စပ်ထိစပ်နေသည့် မူတြော်ခရိုင် (ဖာပွန်ခရိုင်)၊ ဒူးပလာယာခရိုင် (ကော့ကရိတ်ခရိုင်) နှင့် ဘားအံခရိုင်တို့သည် အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်ရန် ထောင်နှင့်ချီ၍ ရောက်ရှိလာသော Gen Z များ ခိုလှုံရာ၊ စစ်သင်တန်းတက်ရောက်ရာ နယ်မြေများ ဖြစ်လာခဲ့သည်။
KNU/KNLA တပ်မဟာ ၇ ခု၏ နယ်မြေများ မြေပုံ
အထက်ပါ မြေပုံအရ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၁ ဖြတ်သန်းရာ အာရှအဝေးပြေးလမ်းမကြီးတစ်လျှောက် မြဝတီမြို့၏ တောင်ပိုင်းနယ်မြေများကို တပ်မဟာ ၆ ဒူးပလာယာခရိုင်ဟု သတ်မှတ်ထားပြီး၊ မြောက်ပိုင်းကို တပ်မဟာ ၇ ဘားအံခရိုင်ဟု သတ်မှတ်ထားသည်ကို လေ့လာတွေ့ရှိရသည်။
နိုင်ငံအနှံ့မှ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရန် ရည်ရွယ်ချက်ဖြင့် အုပ်စုလိုက် တဖွဲဖွဲ ရောက်လာသော Gen Z လူငယ်များအပြင်၊ “ရုံးမတက်နဲ့ ရုန်းထွက်” ဆိုသည့် ကြွေးကြော်သံနှင့်အတူ စစ်ကောင်စီနှင့် မပူးပေါင်းရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) တွင် ပါဝင်လာသော ဌာနဆိုင်ရာဝန်ထမ်းများ၊ “ပြည်သူနှင့်အတူ” ရပ်တည်သော အထင်ကရအနုပညာရှင်များ၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီဝင်များ၊ စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သော CDM စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အလုပ်သမားနှင့် ကျောင်းသားသမဂ္ဂအဖွဲ့များ အလွှာစုံမှ ထောင်သောင်းချီသော ပြည်သူများကို မြဝတီနှင့် မဲဆောက် နယ်စပ်နှစ်မြို့က လက်ခံကြိုဆိုခဲ့ကြသည်။
ဤသို့ဖြင့် စစ်အာဏာသိမ်းမှုအလွန် မြဝတီ၏ ရုပ်သွင်လွှာက ရိုးရှင်းသော နယ်စပ်ကုန်သွယ်ရေးမြို့အဖြစ်မှ ရုတ်ခြည်းပြောင်းလဲသွားခဲ့သည်။ အိမ်ရှင် KNU/KNLA ခေါင်းဆောင်များအဖို့ရာ ပထမတွင် ၁၉၈၈ ခုနှစ်နှင့် ဆင်တူသော ဒုတိယအကြိမ် စစ်အာဏာရှင် တော်လှန်ရေးလှိုင်း၏ ရိုက်ပုတ်ခြင်းကို ရုတ်တရက်ခံလိုက်ရသလို ရှိနိုင်ပါသည်။ ထိုအပြောင်းအလဲ မြန်ဆန်ပြီး၊ သောင်ရင်းမြစ်အရှေ့ဘက်ကမ်းမှ မဲဆောက်မြို့အထိ ရိုက်ခတ်ခဲ့သည်။
မြဝတီမှ စစ်ပွဲများ – လေးကေ့ကော်နှင့် လက်ခတ်တောင်မှသည် သင်္ဃန်းညီနောင်နှင့် ခလရ ၂၇၅ ဆီသို့
၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တစ်နိုင်ငံလုံးရှိ ပြည်သူများကို ရရာလက်နက်စွဲကိုင်ပြီး “ပြည်သူ့ခုခံတော်လှန်စစ်” ဆင်နွှဲကြရန် ကြေညာလိုက်သည်။ ထိုအချိန်မတိုင်မီကတည်းက ၁၉၈၈ ခုနှစ် ကျောင်းသားလက်နက်ကိုင်တော်လှန်ရေးနှင့် ကွဲပြားခြားနားစွာပင် ဒေသအလိုက် ဖွဲ့စည်းပေါ်ပေါက်လာသော ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ (PDFs) သည် ရရာလက်နက်များဖြင့် နိုင်ငံအနှံ့တွင် အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်နေပြီဖြစ်သည်။
NUG က ထိုသို့ စစ်ကြေညာခြင်းမပြုမီ၊ ဩဂုတ်လ ၂၄ ရက်နေ့ လေးကေ့ကော်မြို့သစ် အပါအဝင် KNU တပ်မဟာ (၆) ဒူးပလာယာခရိုင်နယ်မြေအတွင်း NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ကို လက်ခံထားခြင်းမပြုရန် ခရိုင်ဥက္ကဋ္ဌ ဖဒိုရွှေမောင်း၏ လက်ရေးမူဖြင့် ညွှန်ကြားချက်တစ်စောင် အွန်လိုင်းဆိုရှယ်မီဒီယာတွင် ပြန့်နှံ့လာခဲ့သည်။
KNU က ဒူးပလာယာခရိုင်ဥက္ကဋ္ဌညွှန်ကြားစာသည် KNU ဗဟိုနှင့် အောက်ခြေပိုင်း သဘောထားမပါ ဟု တုံ့ပြန်ရှင်းလင်းခဲ့သည်။ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖဒိုရွှေမောင်း နုတ်ထွက်စာတင်ခဲ့သည်။ ယင်းသို့ ထွက်စာတင်ခြင်းသည် ၎င်းထုတ်ပြန်သော ညွှန်ကြားစာနှင့် တိုက်ရိုက်ပတ်သက်မှု ရှိမရှိ မသိရပါ။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မြဝတီမြို့တောင်ဘက် ၆ မိုင်အကွာတွင် တည်ရှိသော လေးကေ့ကော် ငြိမ်းချမ်းရေးမြို့သစ်တွင် ခိုလှုံနေကြသော CDM ဝန်ထမ်းများကို ဖမ်းဆီးရန် စစ်ကောင်စီတပ်များ ရုတ်တရက် ဝင်ရောက်စီးနင်းရှာဖွေရာမှ KNU နှင့် PDF ပူးပေါင်းတပ်က စစ်တပ်စစ်ကြောင်းကို ခုခံတိုက်ခိုက်ရာမှ မြဝတီမြို့တွင် စစ်ပွဲများ စတင်ပြင်းထန်လာခဲ့သည်။
ထိုအချိန် ၎င်းတို့နယ်မြေများထဲသို့ ခိုလှုံဝင်ရောက်လာသူ အားလုံးကို KNU က အပြည့်အဝ အကာအကွယ်ပေးသော၊ စစ်အာဏာသိမ်းမှုအပေါ်သဘောထားနှင့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး ပြည်သူ့ခုခံတော်လှန်စစ်တွင် ပြည်သူနှင့်အတူ ပြတ်သားစွာရပ်တည်သော KNU ခေါင်းဆောင်အများစု ရှိနေပြီဖြစ်သည်။
သို့သော် NCA (တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်) လမ်းကြောင်းအတိုင်း စစ်ကောင်စီကို အသိအမှတ်ပြု ဆက်ဆံလိုသော ထိုစဉ်က KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ဒူးပလာယာခရိုင် (ကော့ကရိတ်ခရိုင်) ဥက္ကဋ္ဌ ဖဒိုရွှေမောင်းနှင့် ဗဟိုကော်မတီဝင် စောရော်ဂျာခင်တို့ကဲ့သို့ ခေါင်းဆောင်များလည်း ရှိနေသည်ကို ပြည်သူများ စတင်သတိပြုမိလာပါသည်။
၂၀၂၃ ခုနှစ် ဧပြီလတွင် ကျင်းပခဲ့သော ၁၇ ကြိမ်မြောက် KNU ညီလာခံတွင် စစ်ကောင်စီနှင့် စေ့စပ် ဆက်ဆံလိုသော စောမူတူးစေးဖိုးသည် ဥက္ကဋ္ဌသက်တမ်း နှစ်ကြိမ်ပြည့်၍ အနားယူသွားသည်။ ထို့အတူ KK Park လောင်းကစားမြို့သစ်စီမံကိန်းတွင် အကျိုးစီးပွားများ ပတ်သက်ဆက်နွှယ်မှုကြောင့် ကရင်အရပ်ဘက်အဖွဲ့အစည်း ၆၈ ဖွဲ့က KNU ခေါင်းဆောင်များ နုတ်ထွက်ပေးရန် တောင်းဆိုမှုများ ရှိခဲ့ပြီးနောက် ဗဟိုကော်မတီဝင်နှင့် ကာကွယ်ရေးဝန်ကြီး စောရော်ဂျာခင်ကို တာဝန်အသီးသီးမှ ဖယ်ရှားခဲ့သည်။
၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် အဆိုပါ အနားယူသွားခဲ့ကြသော KNU ခေါင်းဆောင် ၃ ဦးသည် နေပြည်တော်သို့ သွားရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့ကြသည်။
မင်းအောင်လှိုင်က မူတူးစေးဖိုးကို “ကရင်အမျိုးသားခေါင်းဆောင်ကြီး” ဟု မြှောက်ပင့် ခေါ်ဝေါ်ခဲ့သည်။ KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ဥက္ကဋ္ဌဟောင်းနှင့် တွေ့ဆုံမှုသည် စစ်တပ်၏ သပ်လျှိုမှု ဟု အဆိုပါတွေ့ဆုံမှုနှင့်စပ်လျဉ်း၍ Myanmar Now ၏ မေးမြန်းချက်ကို ပြန်လည် တုံ့ပြန်ခဲ့သည်။
ဒီဇင်ဘာလတစ်လျှောက်လုံး လေးကေ့ကော်မြို့သစ် တိုက်ပွဲများပြင်းထန်ခဲ့ရာ အနီးရှိ ထီးမယ်ဝါးခီးရွာနှင့် သောင်ရင်းမြစ်နံဘေးက မဲထော်သလေးရွာများပါ စစ်ဒဏ်သင့်ခဲ့ပြီး၊ ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ စစ်ဘေးရှောင်ပြည်သူ တစ်သောင်းကျော် ထွက်ပြေးခိုလှုံခဲ့ရသည်။
၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် မြဝတီမြို့ကို အပေါ်စီးမှ မြင်ရသော စစ်ကောင်စီ၏ လက်ခတ်တောင်စခန်းကုန်းကို KNU တပ်မဟာ ၆ နှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်သည်။ စစ်ကောင်စီသည် လက်ခတ်တောင်စခန်းကုန်းကို ပြန်လည်ရရှိရေး ဝေဟင်နှင့် မြေပြင်ထိုးစစ်များ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်ထိ KNU ကသာ ထိန်းချုပ်ထားနိုင်ခဲ့သည်။
KNU တပ်မဟာ ၆ နယ်မြေထဲ ဖြစ်ပွားသော လေးကေ့ကော်နှင့် လက်ခတ်တောင်တိုက်ပွဲအကြောင်း ပြန်လည်ဖော်ပြနေခြင်းက အကြောင်းရှိပါသည်။ ၂၀၂၄ ခုနှစ်အထိ KNU ၏ တပ်မဟာ ၇ ခုလုံးတွင် တပ်မဟာ ၇ သည် တိုက်ပွဲဖြစ်ပွားမှုမရှိသလောက် နည်းပါးသော နယ်မြေဖြစ်သည်။
သို့သော် ဧပြီလ ၅ ရက်နေ့ KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ သင်္ယန်းညီနောင်ဗျူဟာကုန်းနှင့် ခမရ ၃၅၇ တို့ လက်နက်ချအညံ့ခံခဲ့ပြီးနောက် မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ စခန်းကို သိမ်းသည့်တိုက်ပွဲ၊ ထိုစခန်းမှ ဆုတ်ခွာသွားသူတို့ အမှတ် (၂) ချစ်ကြည်ရေးတံတားအောက်တွင် ခိုလှုံနေစဉ် ဧပြီ ၁၉၊ ၂၀ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် နှိုင်းယှဉ်လေ့လာရန် ဖြစ်ပါသည်။
၂၀၂၁ ခုနှစ် လေးကေ့ကော်တိုက်ပွဲနှင့် ၂၀၂၃ ခုနှစ် လက်ခတ်တောင်တိုက်ပွဲများ၏ ပြင်းထန်မှုအတိုင်းအဆ၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတိုင်းအတာနှင့် ထိုင်းနိုင်ငံထဲ ထွက်ပြေး ခိုလှုံခဲ့ရသော စစ်ပြေးဒုက္ခသည်ပမာဏ၊ ၂၀၂၄ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း တပ်မဟာ ၇ နယ်မြေအတွင်း ဖြစ်ပွားခဲ့သော အခြေအနေတို့ကို နှိုင်းယှဉ်ကြည့်ပါ၊ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် တိုက်ပွဲများက ပိုမိုကြာရှည်ပြင်းထန်ခဲ့သလို၊ လေးကေ့ကော် စစ်ပြေးဒုက္ခသည်အရေအတွက်က အမှတ် (၂) တံတားအောက်တိုက်ပွဲကြောင့် ထိုင်းနိုင်ငံထဲ ထွက်ပြေးခဲ့ရသော အရေအတွက်ထက် သုံးဆကျော် ရှိခဲ့ကြောင်း တွေ့ရှိရသည်။
စင်စစ် ၂၀၂၄ ခုနှစ်၏ နွေဦးသည် ကရင့်တော်လှန်ရေး၏ သမိုင်းဝင်အောင်ပွဲများကို တွေ့မြင်ရမည့် နွေဦးဖြစ်ရပေလိမ့်မည်။ KNU တပ်မဟာ ၅ မူတြော်ခရိုင်တွင် ဖာပွန်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ရန် နီးစပ်လာသလို၊ KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်တွင်လည်း ကော့ကရိတ်မြို့ကို ထိန်းချုပ်ထားသည့် အခြေအနေသို့ ရောက်ရှိခဲ့ပြီး၊ မြဝတီမြို့၏ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် သင်္ယန်းညီနောင်အခြေချစစ်ဗျူဟာနှင့် ခမရ ၃၅၅ ၊ ၃၅၆ နှင့် ၃၅၇ တို့ကို ဆက်တိုက်အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်လာရာမှ နောက်ဆုံး မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ကိုပါ သိမ်းပိုက်လိုက်သည်အထိ ခရီးရောက်ခဲ့သည်။
အမှတ် (၂) ချစ်ကြည်ရေးတံတားအောက် ခံစစ်ပြင်ခုခံနေသော စစ်ကောင်စီ၏ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ မှ နောက်ဆုံးလက်ကျန်တပ်ဖွဲ့ဝင်များကို အောင်မြင်စွာ ရှင်းလင်းနိုင်မည်ဆိုပါက မြဝတီမြို့သည် သမိုင်းတွင် မကြုံဖူးသော စစ်ကောင်စီတပ်များလက်အောက်မှ လွတ်မြောက်သော မြို့ ဖြစ်လာရန် လက်တစ်ကမ်းအလိုတွင် ရှိနေပြီ ဖြစ်သည်။
ထိုအခြေအနေတွင် အမှတ် (၂) တံတားအောက် တိုက်ပွဲများ ရုတ်တရက် ရပ်တန့်သွားခြင်း၊ မြို့အနောက်ဘက်ရှိ ခလရ ၂၇၅ ဌာနချုပ်ကို စစ်ကောင်စီတပ်များ သေနတ်တစ်ချက် မဖောက်လိုက်ရဘဲ ပြန်လည်ခြေကုပ်ရယူနိုင်ခဲ့ခြင်းက မြန်မာပြည်တွင်းစစ်သမိုင်းတွင် တိုက်ပွဲအတွေ့အကြုံရင့်ကျက်မှု အရှိဆုံး၊ သက်တမ်းအရင့်ဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော KNU ၏ လုပ်ဆောင်ချက်အပေါ် မေးခွန်းများစွာ ထွက်ပေါ်လာပါသည်။
KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ထိုဖြစ်စဉ်အပေါ် တုံ့ပြန်ပြောဆိုရာတွင် “ရန်သူဆင်ထားတဲ့ အကွက်ထဲ မကျရောက်စေဖို့အတွက် ကျွန်တော်တို့ KNLA ပူးပေါင်းတပ်တွေ မြဝတီမြို့ကနေ ယာယီ ဆုတ်ခွာပေးလိုက်ရတာဖြစ်တယ်” ဟု ဆိုသည်။
ပဒိုစောတောနီးပြောသည့် ရန်သူဆင်ထားသည့် အကွက်ဆိုသည်မှာ စစ်ကောင်စီကို ရည်ညွှန်းသလား၊ စစ်ကောင်စီတပ် တံတားအောက်မှ ခလရ ၂၇၅ အထိ ပြန်လည်တပ်စွဲနိုင်စေရန် ကူညီပေးခဲ့သော ဗိုလ်မှူးကြီးစောချစ်သူ၏ ကရင်နယ်ခြားစောင့်တပ် (BGF) ကို ရည်ညွှန်းသလား မသဲကွဲလှပါ။
မြဝတီ၏ မာယာ – စစ်ပွဲများနောက်ကွယ်က ရှုပ်ထွေးသော အကျိုးစီးပွား
မြဝတီသည် စစ်ရေးတွင် မာယာကြွယ်လှရုံမျှမဟုတ်၊ စစ်အာဏာသိမ်းမှုကို အခွင့်ကောင်းယူပြီး အမှောင်လောကသားများ မွေ့လျော်ရာ ကမ္ဘာငယ်လေးတစ်ခုအဖြစ် အလျင်အမြန် ပြောင်းလဲခဲ့သည်။ မြဝတီမြို့က နယ်စပ်ကုန်သွယ်ရေးမြို့သက်သက် မဟုတ်တော့ပါ။
နှစ်နိုင်ငံ နယ်စပ်မျဉ်းတစ်လျှောက် ရစ်ခွေစီးဆင်းနေသော သောင်ရင်းမြစ်ကမ်းနံဘေး မြေဩဇာကောင်းမွန်ပြီး စိမ်းလန်းဖြစ်ထွန်းသော သီးနှံစိုက်ခင်းများက မြဝတီ၏အတိတ်ခြေရာအဖြစ် ကျန်ရစ်ခဲ့လေပြီ။ ထိုစိုက်ခင်းများနေရာတွင် ကွေ့ကောက်သော ကွန်ကရစ်လမ်းသစ်များ၊ သစ်လွင်သော ခေတ်မီအထပ်မြင့်အဆောက်အအုံများနှင့် ရောင်စုံနီယွန်မီးများအောက်က ကာစီနိုလောင်းကစားရုံများ အလျှိုလျှိုပေါ်ထွက်လာပြီး၊ အိမ်နီးချင်းနိုင်ငံမှ ဝါသနာရှင်များသာမက ရပ်ဝေးမှ ဧည်သည်များကိုပါ ဆွဲဆောင်ရာ ကာစီနိုမြို့တော်အဖြစ် ကူးပြောင်းခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၌ မှတ်ပုံတင်အမှတ် (၁၀၃၉၁၉၀၈၈) ဖြင့် မှတ်ပုံတင်ခဲ့သော တရုတ်နိုင်ငံသားများ ပိုင်ဆိုင်သည့် Myanmar Yatai International Holding Group Co. Ltd. နှင့် စစ်တပ်လက်အောက်ခံ BGF တပ်မှူး ဗိုလ်မှူးကြီးစောချစ်သူ ပိုင်ဆိုင်သော ချစ်လင်းမြိုင်ကုမ္ပဏီတို့ ဖက်စပ်ရင်းနှီးမြှုပ်နှံ၍ မြဝတီမြို့၏မြောက်ဘက် BGF ထိန်းချုပ်နယ်မြေအတွင်းရှိ သောင်ရင်းမြစ်ကမ်းနံဘေး စိုက်ခင်းများတွင် ရွှေကုက္ကိုမြို့သစ်စီမံကိန်းကို စတင်တည်ဆောက်ခဲ့ကြသည်။
ထိုနေရာသည် KNU ၏ နယ်မြေသတ်မှတ်မှုမြေပုံအရဆိုလျှင် တပ်မဟာ ၇ နယ်မြေအတွင်း ပါဝင်သည်။
မြို့သစ်တည်ဆောက်ဆဲကာလမှာပင် တရုတ်နိုင်ငံသားအများအပြား တရားမဝင်အခြေချ နေထိုင်လာပြီး၊ တရားမဝင်ကာစီနိုလောင်းကစားရုံများ ထူထောင်လာသည်၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့၏ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ဖမ်းဆီးမှုတစ်ခုတွင် ရွှေကုက္ကိုမြို့သစ်အတွင်း ကွန်ပျူတာ အလုံး ၅၀၀ နှင့်အတူ လုပ်ကိုင်သော အွန်လိုင်းလောင်းကစားလုပ်ကိုင်မှုလည်း ပါဝင်သည်။
ထို့နောက် NLD အစိုးရသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းခဲ့သည်။ သို့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေကုက္ကိုစီမံကိန်း လောင်းကစားရုံများကို ကွင်းဆင်း မစစ်ဆေးနိုင်သေးဟု ထိုစဉ်က Myanmar Now ၏ မေးမြန်းချက်ကို ဒု-ဝန်ကြီး ဦးတင်မြင့်က ဖြေကြားခဲ့ဖူးသည်။ စစ်အာဏာမသိမ်းမီကာလတွင် ကရင်ပြည်နယ်အစိုးရက ရွှေကုက္ကိုမြို့သစ်စီမံကိန်းသည် တည်ဆဲဥပဒေများနှင့် ညီညွတ်ခြင်းရှိမရှိ စစ်ဆေးရန်၊ စစ်ဆေးဆဲကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရန် အမိန့်ထုတ်ခဲ့သေးသည်။
သို့သော် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်တွင် တည်ဆောက်မှု ရာနှုန်းပြည့်နီးပါး ပြီးစီးနေသော ရွှေကုက္ကိုမြို့သစ်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူ၍ နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ်ဂိုဏ်များ အခြေစိုက်ကျက်စားရာ နယ်မြေအဖြစ် အမည်ဆိုးနှင့် ကျော်ကြားလာပါသည်။
ရွှေကုက္ကိုမြို့သစ်စီမံကိန်း အဆင့်ဆင့်ပြောင်းလဲလာပုံကို အောက်ပါ Google Earth ပုံရိပ်များတွင် လေ့လာနိုင်ပါသည်။
အိမ်ရှင်လက်ခံမှ ဧည်သည် နေနိုင်ခွင့်ရှိပါသည်။ ဤနေရာတွင် ရွှေကုက္ကိုမြို့သစ်၏ အိမ်ရှင်မှာ BGF တပ်မှူး ဗိုလ်မှူးကြီးစောချစ်သူနှင့် ၎င်း၏လက်အောက်ခံ တပ်မှူးများဖြစ်သော ဒု-ဗိုလ်မှူးကြီး စောမုတ်သုန်၊ ဗိုလ်မှူး တင်ဝင်းတို့ ဖြစ်သည်။ BGF သည် စစ်တပ်လက်အောက်ခံဖြစ်၍ စစ်ခေါင်းဆောင်များသည် ရွှေကုက္ကိုမြို့သစ်စီမံကိန်းမှ အကျိုးအမြတ်များ ရရှိမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ (အမှတ် ၂ တံတားအောက် တိုက်ပွဲများ ရုတ်တရက် ရပ်တန့်သွားပြီး နောက်တစ်နေ့) တွင် United States Institute of Peace (USIP) က တရုတ်နိုင်ငံသည် ၎င်းတို့၏ မြန်မာနယ်စပ်တွင် အခြေစိုက်သော တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ထိုင်းနယ်စပ်သို့ ရွှေ့ပြောင်းသွားရန် အတင်းအကျပ် လုပ်ဆောင်ခဲ့သည်ဟု အဓိပ္ပာယ်ရသော လေ့လာချက်ဆောင်းပါးတစ်ခု ရေးသားခဲ့ပါသည်။
အဆိုပါဆောင်းပါးတွင် ဗိုလ်မှူးကြီးစောချစ်သူ၊ ဒု-ဗိုလ်မှူးကြီး စောမုတ်သုန်နှင့် ဗိုလ်မှူးတင်ဝင်းသည် ယခုအခါ တရုတ်အစိုးရဖမ်းဆီးထိန်းသိမ်းထားသော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နောက်ကွယ်မှ ကြိုးကိုင်သူ ကိုးကန့်သူဌေး ၄ ဦးထဲမှ တစ်ဦးဖြစ်သော လီကျိန်းချန် (Liu Zheng Xiang) နှင့် ညီဖြစ်သူ ကြံ့ခိုင်ရေးပါတီအမတ် မောင်မောင်တို့ပိုင်ဆိုင်သော Fully Light Groups Of Companies ၏ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ရွှေကုက္ကို၊ Jinxin၊ Hengsheng နှင့် Dongfanghui တို့တွင် လက်ခံထားသည်၊ BGF ခေါင်းဆောင်များသည် ရွှေကုက္ကိုစီမံကိန်းမှ နှစ်စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၉၂ သန်းရရှိနေပြီး မြန်မာစစ်တပ်ကို ၅၀ ရာခိုင်နှုန်း ခွဲပေးရသည်ဟု ဖော်ပြထားသည်။
အလားတူ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် မြဝတီမြို့တောင်ပိုင်း မယ်ထော်သလေးရွာအနီးတွင် KK Park ဟု လူသိများလာသော မြို့သစ်တစ်ခု အလျင်အမြန်ပေါ်ထွက်လာပါသည်။ အောက်ပါ Google Earth ပုံရိပ်များကို လေ့လာကြည့်လျှင် ၂၀၂၀ ပြည့်နှစ်တွင် စိုက်ပျိုးခင်းများအဖြစ်သာ မြင်တွေ့ရသောနေရာတွင် ၂၀၂၁ ခုနှစ်မှစပြီး၊ အဆောက်အအုံသစ်များ ဆောက်လုပ်လာခဲ့ရာ ၂၀၂၄ ခုနှစ်တွင် မြေနေရာအများစုတွင် အထပ်မြင့်အဆောက်အအုံသစ်များနှင့် ပြည့်နှက်နေပြီ ဖြစ်သည်။
KK Park ၏ တည်နေရာသည် KNU တပ်မဟာ ၆ နယ်မြေအတွင်းဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဖြစ်ပွားခဲ့သော လေးကေ့ကော်တိုက်ပွဲနယ်မြေ၊ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဖြစ်ပွားခဲ့သော လက်ခတ်တောင်တိုက်ပွဲနယ်မြေများနှင့် မနီးမဝေးတွင်ရှိသည်။
သို့သော် ထိုတိုက်ပွဲများအတွင်း စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ မြေပြင်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော်လည်း၊ KK Park အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်များ၏ လုပ်ငန်းများ အနှောင့်အယှက်မဖြစ်၊ မထိခိုက်ခဲ့သည်က စိတ်ဝင်စားစရာကောင်းပါသည်။ သို့ဖြစ်ရာ KK Park တွင် မည်သူတို့ ရင်းနှီးမြှုပ်နှံပြီး၊ မည်သူတို့ ပါဝင်ပတ်သက် အကျိုးအမြတ်ရရှိနေသလဲ ဟူသော မေးခွန်းများရှိလာသည်။
ချင်းမိုင်အခြေစိုက် The Irrawaddy သတင်းဌာနက “ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ” ခေါင်းစဉ်ဖြင့် စုံစမ်းလေ့လာရေးသားထားသော ဆောင်းပါး အပိုင်း (၁) ၊ အပိုင်း (၂) နှင့် အပိုင်း (၃) တွင် ပါဝင်သော အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်က ချုပ်ဆိုခဲ့သော KK Park စီမံကိန်းအတွက် ကနဦးစာချုပ်တွင် အသိသက်သေအဖြစ် လက်ရှိ KNU ဥက္ကဋ္ဌ (ထိုစဉ်က KNU ဘဏ္ဍာရေးကော်မတီခေါင်းဆောင်) ပဒိုစောကွယ်ထူးဝင်းနှင့် ကော်မတီအဖွဲ့ဝင် စောရော်ဂျာခင်တို့က KNU ပိုင်သော မုလအိအလင်းကုမ္ပဏီဘက်မှ လက်မှတ်ရေးထိုးခဲ့သည်ကို တွေ့ရှိရသည်။
သို့ရာတွင် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် ပြောင်းလဲချုပ်ဆိုသော လုပ်ငန်းစာချုပ်များ ရှိခဲ့ပြီး၊ KNU ခေါင်းဆောင်များ ပါဝင်လက်မှတ်ရေးထိုးသည့် အထောက်အထားများ မတွေ့ရတော့ပါ။ သို့သော် KK Park မြေနေရာပိုင်ဆိုင်မှုကို ထိန်းချုပ်ထားသူမှာ KNU ဖြစ်ပြီး၊ KK Park လုံခြုံရေးကို KNU က တာဝန်ယူထားသည်ဟု ဧရာတီသတင်းဌာန၏ ဆောင်းပါးတွင် သုံးသပ်ဖော်ပြထားသည်။
သို့ရာတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ BBC မြန်မာပိုင်းနှင့် ဗိုလ်မှူးကြီးစောချစ်သူ တွေ့ဆုံမေးမြန်းခန်းတွင် BBC က ရွှေကုက္ကိုလိပ်စာဖြင့် အလုပ်ခေါ်စာ ထောင်နှင့်ချီ ဆိုရှယ်မီဒီယာတွင် တွေ့မြင့်နေရမှုအကြောင်း မေးမြန်းရာ စောချစ်သူသည် KK Park ဟူ၍ သုံးနှုန်းခြင်း၊ KK Park ကို ကြီးကြပ်နေသူမှာ ဗိုလ်မှူးတင်ဝင်းဟု ထုတ်ဖော်ပြောဆိုခြင်းတို့ကြောင့် မြဝတီတောင်ပိုင်း မယ်ထော်သလေးက KK Park ကို ရည်ညွှန်းသလား၊ ရွှေကုက္ကို၏ အင်္ဂလိပ်အမည် Koke Ko ကို “KK” ဟု သုံးနှုန်း၍ ခေါ်ဆိုခြင်းလား ရောထွေးစရာ ဖြစ်လာပါသည်။
မည်သို့ပင်ဆိုစေ မြဝတီစစ်ပွဲများ ရုတ်တရက် ပေါ်ပေါက်လာလိုက်၊ ချက်ချင်းရပ်တန့်သွားလိုက် ပဟေဠိပုစ္ဆာ နောက်ကွယ်တွင် စစ်တပ်နှင့် ကရင်လက်နက်ကိုင်အဖွဲ့များအကြား အကျိုးစီးပွားရှုပ်ထွေးနေခြင်းက အဓိကအကြောင်းရင်း ဖြစ်နိုင်ပါသည်။
မြဝတီရှင်းတမ်း – ခြုံငုံသုံးသပ်ချက်
နှစ်စဉ် ဒေါ်လာဘီလီယံချီ ကုန်သွယ်မှုတန်ဖိုးရှိသော မြဝတီမြို့သည် စစ်ကောင်စီအတွက် စီးပွားရေးအရ အရေးပါသော မြို့ဖြစ်သည်။ မြို့လုံခြုံရေးအတွက် စစ်ကောင်စီတပ်များနှင့် BGF တပ်များ ပူးပေါင်းတာဝန်ယူထားခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီးချစ်သူ လက်အောက်ရှိ BGF သည် ကရင်ပြည်နယ်တွင် လှိုင်းဘွဲ့၊ ဖာပွန်၊ မြဝတီနှင့် ကြာအင်းဆိပ်ကြီး တပ်နယ် ၄ ခု၊ တပ်ရင်း ၁၃ ရင်း၊ အင်အား ၈,၀၀၀ ကျော်ဖြင့် ဖြန့်ကြက်လှုပ်ရှားနေသည်၊ မြဝတီမြို့နယ်တွင် တပ်ရင်း ၅ ရင်းနှင့် အများဆုံး တပ်စွဲထားသည်ဟု သိရသည်။ ထိုအင်အားသည် ထိုနယ်မြေအတွင်း KNU ၏ အင်အားထက် ပို၍တောင့်တင်းသည်ဟု နားလည်ရသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစပြီး BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူက စစ်ကောင်စီထံမှ လစာနှင့် ရိက္ခာ မယူတော့ဟု လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ရာတွင် “ကရင်အချင်းချင်း ပြန်မတိုက်ချင်ဘူး” ဆိုသည့် နိုင်ငံရေးဆန်သော ရပ်တည်ချက်ကိုပါ ထုတ်ဖော်ပြောဆိုလာသည်။ ထို့ကြောင့် စောချစ်သူ၏ BGF သည် အမှန်တကယ် နိုင်ငံရေးရပ်တည်ချက်ပြောင်းပြီလားဟု စိတ်ဝင်စားလာကြသည်။
ထိုအရေးကိစ္စအတွက် ဇန်နဝါရီလ ၂၃ ရက်နေ့ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းနှင့် ဘားအံမြို့တွင် တွေ့ဆုံဆွေးနွေးမှု အခြေအနေနှင့် ပတ်သက်ပြီး BBC မြန်မာပိုင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် စောချစ်သူက စစ်တပ်ထံမှ လစာနှင့် ရိက္ခာ မယူဟု ဆိုသော်လည်း စစ်တပ်နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မှု မပြုတော့ဟု ပြတ်သားစွာ ပြောဆိုခဲ့ခြင်း မရှိသလို၊ ကရင်အချင်းချင်း ပြန်မတိုက်ချင်ဘူး ဆိုသည့်အတွက် KNU အပါအဝင် ကရင်လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းမည်ဟုလည်း ပြောဆိုခဲ့ခြင်း မရှိပါ။
အဓိပ္ပာယ်မှာ BGF သည် ကြားနေမည်ဆိုသည့်သဘော ဖြစ်သည်။ ထို့ကြောင့် KNU နှင့် PDF ပူးပေါင်းတပ်များ ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇ နှင့် သင်္ယန်းညီနောင်ဗျူဟာတို့ကို ထိုးစစ်ဆင် တိုက်ခိုက်လာသည့်အခါ BGF အကူအညီ မရရှိသော စစ်ကောင်စီတပ်ရင်းများ တစ်ခုပြီးတစ်ခု ကျဆုံးခဲ့သည်။ ထိုအချိန် BGF တပ်များသည် မြဝတီမြို့တွင်းလုံခြုံရေးကိုသာ အဓိကထား တာဝန်ယူပြီး၊ စစ်တပ်နှင့် KNU အကြား တိုက်ပွဲများတွင် ကြားနေဟန် ပြခဲ့သည်။
နောက်ဆုံး မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ပါ ကျသွားပြီး၊ KNU က မြဝတီ၏ အုပ်ချုပ်ရေးကို တာဝန်ယူမည်ဟု ကြေညာလိုက်သည်။ ထိုအခါ စစ်ကောင်စီသည် BGF ကို ပြန်လည်ဆွဲဆောင်စရာ အကွက်ပေါ်သွားနိုင်ပါသည်။ ထို့ပြင် BGF က မကူညီလျှင် ၎င်းတို့၏ အသက်သွေးကြောဖြစ်သော ရွှေကုက္ကိုမြို့သစ်ကို ဗုံးကြဲမည်ဟု ခြိမ်းခြောက်သည့် သတင်းများထွက်ပေါ်လာသည်၊ ထိုသတင်းထွက်ပြီးနောက် အမှတ် ၂ တံတားအောက် တိုက်ပွဲများ ရုတ်တရက် ရပ်တန့်သွားသည်၊ နောက်ဆုံးတွင် စစ်ကောင်စီက ခလရ ၂၇၅ ကို ပြန်လည်ထိန်းချုပ်နိုင်ရန် BGF အကူအညီ ယူခဲ့ရသည်။
ဤသို့ဖြင့် မြဝတီတွင် အင်အားအကြီးဆုံးဖြစ်သော BGF နှင့် KNU ကရင်လက်နက်ကိုင်နှစ်ဖွဲ့ ပူးပေါင်းနိုင်စွမ်းမရှိခဲ့ကြောင်း၊ စစ်ကောင်စီသည် မြဝတီမြို့ကို အလုံးစုံ လက်လွတ်ဆုံးရှုံးရတော့မည့်အချိန်အထိ ကရင်လက်နက်ကိုင်နှစ်ဖွဲ့ ပေါင်းစည်းမသွားစေရန် သွေးခွဲနိုင်ခဲ့ကြောင်း လေ့လာသုံးသပ် တင်ပြလိုက်ပါသည်။