အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထီးမယ်ဝါးခီးတိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူသာရှိဟု KNU နှင့် PDF ဆို  

စစ်ကောင်စီက ဗုံးကြဲလေယာဉ်နှင့် ရဟတ်ယာဉ်များပါ အသုံးပြုတိုက်ခိုက်နေသည့် ကရင်ပြည်နယ် လေးကေ့ကော်မြို့တစ်ဝိုက် တိုက်ပွဲများတွင် ၎င်းတို့ဘက်မှ ထိခိုက်ဒဏ်ရာရသူများသာရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူနှင့် PDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဒီဇင်ဘာ ၂၃ မှစ၍ စစ်ကောင်စီက အပြင်းအထန်တိုက်ခိုက်နေရာ လေးကေ့ကော်အဝင် ထီးမယ်ဝါးခီးကျေးရွာတွင် PDF တပ်ဖွဲ့ဝင်အချို့ကျဆုံးသည်ဆိုသော ပြောဆိုချက်များနှင့် ပတ်သက်၍ Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ဒဏ်ရာရသူများသာရှိသည်ဟု အထက်ပါပုဂ္ဂိုလ်များက ဆိုသည်။ 

“အရပ်သားတွေ ထိတယ်။ ဘယ်နှယောက်သေလဲ မသိရသေးဘူး။ ဒဏ်ရာရတဲ့သူတွေရှိတယ်။ ဘယ်နှယောက်မှန်းလည်း မသိဘူး။ ဒဏ်ရာရတာကတော့ သေချာတယ်။ တခြားတော့ မကြားမိဘူး။ မနေ့က နှစ်ခေါက်တောင်ပစ်တာ။ ညခင်းပိုင်းမှာလည်း ပစ်တယ်”ဟု KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောသည်။ 

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားစစ်ဘေးရှောင်များ ထိခိုက်မှုရှိသည်ဟု သတင်းရသော်လည်း အသေးစိတ်မသိရသေးကြောင်းလည်း ပဒိုစောတောနီးက ယမန်နေ့ (ဒီဇင်ဘာ ၂၆) မွန်းလွဲပိုင်းတွင် ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ခရစ္စမတ်ပွဲတော်နေ့ဖြစ်သော ယမန်နေ့တွင် လေးကေ့ကော်အဝင် ထီးမယ်ဝါးခီးဂိတ်ကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့်ပါ အနီးကပ်ပစ်ခတ်ပြီး မြေပြင်စစ်ကြောင်းများဖြင့် ချီတက်တိုက်ခိုက်နေခြင်း ဖြစ်သည်။​

ထီးမယ်ဝါးခီးတိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင် သုံးဦးကျဆုံးကြောင်း လူမှုကွန်ရက်တွင် ဓာတ်ပုံများနှင့်တကွ ရေးသားဖော်ပြနေကြသော်လည်း ၎င်းတို့သုံးဦးစလုံး အသက်ရှင်လျက်ရှိသည်ဟု တိုက်ပွဲဧရိယာအတွင်းရှိနေသူ PDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။​

“Facebook ပေါ်မှာ တက်နေတဲ့ပုံတွေနဲ့ နာမည်တွေက တစ်ခုမှ မဟုတ်ဘူး။ တကယ်ကျသွားတာ တစ်ယောက်မှ မဟုတ်ဘူး။ တကယ်မြေပြင်မှာ ကျဆုံးတာ နှစ်ယောက်ပါပဲ။ အုပ်ကြီးနဲ့ သတင်းသမားပဲ ကျတာ” ဟု အဆိုပါ PDF အဖွဲ့ဝင်က ပြောသည်။ 

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်စဉ် ထိမှန်သေဆုံးခဲ့သည့် ကိုအောင်မျိုးဇင်နှင့် ကိုအေစိုင်းကေဆိုသူနှစ်ဦးကို ၎င်းက ဆိုလိုခြင်းဖြစ်သည်။ 

အသက် ၄၀ အရွယ် ကိုအောင်မျိုးဇင်မှာ စစ်ဘေးရှောင်များအတွက် ထမင်းဟင်းချက်ပြုတ်ပေးသူ (အုပ်ကြီး) ဖြစ်ပြီး အသက် ၃၈ နှစ်အရွယ် ကိုအေစိုင်းကေမှာ လေးကေ့ကော်ဒေသတွင် ခိုလှုံရန် မကြာမီက ရောက်ရှိလာသည့် ဖက်ဒရယ်ဂျာနယ်အယ်ဒီတာဖြစ်သည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြပြီး ခြေထောက်ဖြတ်လိုက်ရသည်အထိ ဒဏ်ရာပြင်းထန်သူများလည်းရှိသည်ဟု အထက်ပါ PDF အဖွဲ့ဝင်က ဆိုသည်။​

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် PDF ပူးပေါင်းအဖွဲ့အနေဖြင့် ထီးမယ်ဝါးခီးဂိတ်ကို လက်ရှိအချိန်ထိ စိုးမိုးထားဆဲဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။​

“လက်နက်ကြီးနဲ့ တအားပစ်လို့ ခဏရှောင်ပေးလိုက်တာ။ မယ်ဝါးခီးက မကျပါဘူး။ KNLA က ဆက်ထိန်းထားပါတယ်။ မနေ့က ပစ်တဲ့ဟာတွေ အကုန်လုံးကလည်း ရမ်းသန်းပစ်တာ” ဟု PDF တပ်ဖွဲ့ဝင်က ဆိုသည်။ 

ထီးမယ်ဝါးခီးနှင့် ပတ်သက်၍ KNU ပြောခွင့်ရ ပဒိုစောတောနီးကလည်း “သတင်းတွေက အမျိုးမျိုးထွက်နေတာပဲ။ ဒါတွေက စစ်သဘောတွေတော့ရှိမှာပေါ့။ အဲဒီလောက်ထိပြောဖို့လည်း စောပါသေးတယ်”ဟု မှတ်ချက်ပြုသည်။ 

ထီးမယ်ဝါးခီးဘက်သို့ ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်းတွင် နယ်ခြားစောင့်တပ်ဖွဲ့ ​(BGF) အဖွဲ့ဝင်များလည်း ပါဝင်ကြောင်း၊ ယမန်နေ့ည ၇ နာရီမှ နံနက် ၃ နာရီအထိ တိုက်ပွဲများဖြစ်ခဲ့သည်ဟုလည်း တိုက်ပွဲအတွင်းရှိနေသူ PDF တပ်ဖွဲ့ဝင်က ဆိုသည်။​

“ညက တစ်ညလုံးဖြစ်တာပဲ။ သူတို့ပိတ်မိနေတဲ့လူတွေ ပြန်အဆုတ်မှာ ဖြစ်ကြတာ။ ညက သူတို့ဘက်က ကျွံသွားတဲ့အဖွဲ့တွေရှိတယ်။ ကျွံတဲ့ကောင်တွေ ပြန်အဆုတ်မှာ ကျွန်တော်တို့စောင့်တိုက်တာ။ ညတိုက်ပွဲဆိုတော့ လူအင်အားနဲ့တော့ မသိဘူး” ဟု ၎င်းက ပြောသည်။​

ယနေ့တွင် လေးကေ့ကော်အနီးတစ်ဝိုက် တိုက်ပွဲအခြေအနေကို မသိရသေးသော်လည်း ကော့ကရိတ် – မြဝတီလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းစစ်ကြောင်း တက်လာသဖြင့် KNLA နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကရင်သတင်းဌာနက KIC က ရေးသားသည်။ 

KNU တပ်မဟာ ၆ နယ်မြေအတွင်း တိုက်ပွဲများဖြစ်ပွားနေသည်မှာ ၁၂ ရက်ခန့်ရှိလာပြီး နေရပ်စွန့်ခွာ၍ ထိုင်းဘက်ခြမ်းနှင့် မြန်မာဘက်ခြမ်း သောင်ရင်းမြစ်ကမ်းဘေး နယ်စပ်တစ်လျှောက်တွင် ဒေသခံ တစ်သောင်းကျော် စစ်ဘေးရှောင်နေရသည်ဟုလည်း KIC သတင်းက ဆိုသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button