ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လက်ခတ်တောင်ကြောပေါ်တွင် အခြေစိုက်ထားသည့် စစ်ကောင်စီ စခန်းကုန်းကို ယနေ့ (ဇူလိုင် ၂၁ ရက်) နံနက်ပိုင်းတွင် သိမ်းယူခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်က ပြောသည်။
“ဒီမနက်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းပို့လာပါတယ်၊ အတည်ပြုလို့ရပါတယ်” ဟု ပဒိုစောလစ္စတန်က ဆိုသည်။
တိုက်ပွဲအတွင်း ရှေ့ထွက်မိုင်း၊ နင်းမိုင်းများ၊ ကျည်ဆန်များနှင့် လက်နက်ကြီးကျည်များ သိမ်းဆည်းရမိခဲ့ကြောင်းကို ရှေ့တန်းမှ ပေးပို့လာသည့် မှတ်တမ်းဓာတ်ပုံအရ သိရှိရသည်၊ အရေအတွက်ကို စာရင်းပြုစုဆဲဖြစ်သည်ဟု ဆိုသည်။
“ပစ္စည်းတွေ သိမ်းပြီး ကိုယ့်လူတွေက နေရာရွှေ့တာပဲ။ လေကြောင်းက သတိထားရမယ်လေ။ စာရင်းတော့ လုပ်နေတုန်းပဲ” ဟု ပဒိုစောလစ္စတန်က ပြောသည်။
စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိသည်၊ သင်္ဃန်းညီနောင်နှင့် ဖလူးဒေသတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များက တိုက်ပွဲဖြစ်ပွားရာ လက်ခတ်တောင်ကြောပေါ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ကာ စစ်ကူပေးခဲ့သည်ဟု KNU ဘက်က ဆိုသည်။
မြဝတီမြို့ တောင်ဘက် လေးမိုင်ခန့်အကွာတွင် ရှိသည့်၊ မြို့၏ လုံခြုံရေးအတွက် အချက်အချာကျသည့် လက်ခတ်တောင်တွင် စစ်ကောင်စီတပ်က နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်များနှင့်အတူ အခြေချ တပ်စွဲထားသည်။
ထိုစခန်းကို KNU လက်အောက်ရှိ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings စသည့် ပူးပေါင်းတပ်ဖွဲ့က ဇူလိုင်လဆန်းပိုင်းကတည်းက ဝိုင်းပတ် တိုက်ခိုက်နေခြင်းဖြစ်သည်။
လက်ခတ်တောင်သည် စစ်ရေးအရ ဗျူဟာကျသည့် နေရာဖြစ်သောကြောင့် တိုက်ခိုက်သိမ်းပိုက်ရခြင်း ဖြစ်သည်ဟု ကော်ဘရာစစ်ကြောင်း ဗျူဟာမှူး ဗိုလ်ဒါဘောက ပြောဆိုခဲ့ကြောင်း သံလွင်ခက်မီဒီယာ၏ သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။
ကော်ဘရာစစ်ကြောင်းက စခန်းသိမ်းနိုင်ကြောင်း ညနေပိုင်းတွင် သတင်းထုတ်ပြန်လိုက်ပြီး တိုက်ပွဲအတွင်း ၎င်းတို့ဘက်မှ ၆ ဦး ဒဏ်ရာရသည်ဟု ထုတ်ပြန်ချက်တွင် ရေးထားသည်။
တပ်မဟာ (၆) နယ်မြေအတွင်း၌ ဇွန်လအတွင်း တိုက်ပွဲပေါင်း ၃၀ နီးပါး ဖြစ်ပွားခဲ့ကြောင်း KNU ဗဟိုက ဇူလိုင် ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ဇွန် ၁ မှ ၃၀ အထိ တိုက်ပွဲကြီး ၅ ကြိမ်နှင့် တိုက်ပွဲငယ် ၂၄ ကြိမ် ဖြစ်ပွားကာ စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး တစ်ဦး၊ ဒုဗိုလ်မှူးကြီး တစ်ဦး အပါအဝင် ၄၆ ဦး သေဆုံးခဲ့ကြောင်း KNU က ဆိုသည်။
ထိုကိန်းဂဏန်းများနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း တိုက်ပွဲဖြစ်ရပ်များကို သတင်းအမှောင်ချထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)