သတင်း

လေးကေ့ကော်မြို့သစ်အနီးရှိ မဲထော်သလေးရွာ မီးလောင်နေ

လေကြောင်းဖြင့်ပါ အပြင်းအထန်တိုက်ခိုက်ခံနေရသည့် ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်အနီးရှိ မဲထော်သလေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ယနေ့ (ဒီဇင်ဘာ ၂၇) ညနေ ၄ နာရီမှစ၍ မီးလောင်နေကြောင်း KNU တာဝန်ရှိသူနှင့် PDF တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။ 

မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်တစ်ဝိုက်ကို စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်းကတည်းက လက်နက်ကြီးများပစ်ခတ်ကာ စတင်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ရဟတ်ယာဉ်ဖြင့်ပါ တိုက်ခိုက်ခဲ့ရာ KNU ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်နေသည်။ 

စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် မဲထော်သလေးရွာ ထိခိုက်ပျက်စီးမှုအခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက Myanmar Now ကို ပြောသည်။ 

“လက်နက်ကြီးကျတာတော့ မှန်တယ်။ ဘယ်လောက်အထိ ပျက်တယ်စီးတယ်ဆိုတာ ကျွန်တော်မသိနိုင်ဘူး။ လက်နက်ကြီးကျတာတော့ သေချာတယ်” ဟု ပဒိုစောတောနီးက ယနေ့ညနေပိုင်းတွင် ပြောသည်။

မဲထော်သလေးရွာမှ အိမ်များ လက်နက်ကြီးဒဏ်ကြောင့် မီးလောင်လျက်ရှိကြောင်း လေးကေ့ကော်တိုက်ပွဲများအတွင်းရှိနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်တစ်ဦးက ပြောသည်။

“မဲထော်သလေးဘက်မှာတော့ မီးလောင်နေတယ်။ သူတို့ မဆုတ်ခင်လောက်က လက်နက်ကြီးကျလို့ မီးလောင်တာ။ လေယာဉ်နဲ့ကြဲတာရော၊ လက်နက်ကြီးနဲ့ပစ်တာရော အရေအတွက်တော့ မပြောနိုင်သေးဘူး”ဟု ၎င်းက ပြောသည်။ 

အာဏာသိမ်းပြီးနောက် စစ်တပ်က စွန့်ခွာကာ လေးကေ့ကော်တွင် PDF ဘက်မှ ပါဝင်တိုက်ခိုက်ပေးနေသူ CDM တပ်ကြပ်ကြီးတစ်ဦးကလည်း မီးတောက်များတွေ့မြင်နေရကြောင်း၊ မီးပြင်းကြောင်း ပြောသည်။ 

စစ်ကောင်စီတပ်က လက်ရှိအချိန်ထိ လက်နက်ကြီးများဖြင့် ပစ်ခတ်နေဆဲဖြစ်ကြောင်း ယနေ့ည ၇ နာရီအချိန် ဆက်သွယ်မေးမြန်းရာတွင် အဆိုပါ PDF တပ်ဖွဲ့ဝင်က ပြောသည်။ 

အသေးစိတ်မသိရသော်လည်း အိမ်ငါးလုံးခန့် မီးလောင်သွားသည်ဟု ကြားရကြောင်း၊ လေးကေ့ကော်မြို့သစ်အနီးနှင့် မြဝတီမြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ၈ ကြိမ်ခန့် လာရောက်ဗုံးကြဲသည့်ပြင် စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။​

“ပတ်ပတ်လည် လှည့်ပျံပြီးတော့ ပစ်တယ်ပေါ့။ ၁၅ မနစ်လောက်ကြာတယ်။ အဲဒီနောက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ပစ်ပြီး ဆုတ်သွားတယ်။ လက်နက်ကြီးက လေယာဉ်မတိုင်ခင်လည်း ပစ်တယ်။ လေယာဉ်နဲ့ပစ်ပြီးသွားတော့လည်း ပစ်တယ်” ဟု ၎င်းက ရှင်းပြသည်။

လေးကေ့ကော်ဒေသ ယနေ့တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရသေးပေ။

တပ်မဟာ ၆ နယ်မြေအတွင်းရှိ ငြိမ်းချမ်းရေးစံပြမြို့တော် လေးကေ့ကော်မြို့သစ်အနီးတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားနေသည်မှာ နှစ်ပတ်နီးပါးရှိလာပြီဖြစ်ကာ ထိုင်းနိုင်ငံဘက်ခြမ်းနှင့် မြန်မာဘက်ခြမ်း သောင်ရင်းမြစ်ကမ်းဘေး နယ်စပ်တစ်လျှောက်တွင် ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

ဒီဇင်ဘာ ၁၄ ရက်က လေးကေ့ကော်မြို့သစ်တွင် ခိုလှုံနေသည့် စစ်အာဏာရှင်ဆန့်ကျင်သူများကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် အတင်းအကျပ်ဝင်ရောက်ရှာဖွေဖမ်းဆီးရာမှ KNU ဦးဆောင်သော ပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲများ စတင်ဖြစ်ပွားနေခြင်းဖြစ်သည်။ 

ခိုလှုံလာသူများကို လူသားချင်းစာနာထောက်ထားမှု အခြေခံကာ ကာကွယ်စောင့်ရှောက်ပေးနေခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ အချိန်မရွေးဖြစ်ပေါ်လာနိုင်သည့်အတွက် ကုလသမဂ္ဂဦးဆောင်ကာ အရေးပေါ်အစည်းအဝေးကျင်းပပြီး လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန် သတ်မှတ်ပေးရန် တောင်းဆိုကြောင်း KNU က ဒီဇင်ဘာ ၂၀ တွင် ထုတ်ပြန်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button