ဆောင်းပါး

ဖက်ဒရယ်ပုံစံငယ် မျှော်လင့်ချက်အသစ်နှင့် ရှမ်းပြည်နယ်

၂၀၂၀ ရွေးကောက်ပွဲကြီးအပြီး ထွက်ပေါ်လာသော ပါတီအသီးသီး၏ ရလဒ်များအရ မြန်မာနိုင်ငံ တစ်နံတစ်လျား နယ်မြေဒေသအများစုတွင် လက်ရှိအာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ရည်ညွှန်းသည့် အနီရောင်က ဖုံးလွှမ်းထားသည်။ သို့သော် ရှမ်းပြည်နယ်တွင်မူ အရောင်အသွေးအစုံကို ထွေးရောယှက်တင် မြင်တွေ့နေကြရသည်။

မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု ကနဦးကာလဖြစ်သည့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲနှင့် အရပ်သားအစိုးရတစ်ရပ် မှတ်မှတ်ထင်ထင် ပေါ်ထွက်လာသော ၂၀၁၅ ရွေးကောက်ပွဲအပြီး ကာလများတွင်လည်း ရှမ်းပြည်နယ်၏ အသွင်မှာ ထိုကဲ့သို့ အရောင်အသွေးစုံလင်ခဲ့သည်သာပင်။ 

ပါတီကြီးတစ်ခုတည်းက ကြီးစိုးထားသည့် ပုံစံမျိုးမဟုတ်ဘဲ လွှတ်တော်ထဲတွင် တိုင်းရင်းသားလူမျိုးစုံ၊ ပါတီစုံမှ ကိုယ်စားလှယ်များ စုစုဝေးဝေး ရှိနေခဲ့ကြသည်။ သို့သော် ဆုံးဖြတ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ပိုင်းတို့တွင်မူ အရောင်အသွေးမစုံလင်ခဲ့ပေ။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်များအရ ရှမ်းပြည်နယ်လွှတ်တော်တွင် ယခင်ကာလများ၏ အခြေအနေနှင့် မတူညီသည့် ထူးခြားမှုများ မြင်လာရဖွယ်ရှိနေသည်။ 

ရှမ်းပြည်နယ်လွှတ်တော်သက်တမ်း နှစ်ခုစလုံးတွင် အင်အားအများဆုံးဖြစ်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ယခုရွေးကောက်ပွဲ၌ အနိုင်ရရှိမှု လျော့ကျသွားသလို နေရာတိုးအနိုင်ရလာသည့် NLD သည်လည်း ဥပဒေပြုမဏ္ဍိုင်ဖြစ်သော လွှတ်တော်တွင်သာမကဘဲ ပြည်နယ်အစိုးရဖွဲ့စည်းရာတွင် ပြည်နယ်တွင်း အခြားအနိုင်ရတိုင်းရင်းသားပါတီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် အလားအလာများကို မြင်နေရခြင်းကြောင့် ဖြစ်သည်။ 

NLD ပါတီအနေဖြင့် ဒေသခံတိုင်းရင်းသားပါတီများနှင့် ပိုမို၍ နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်နိုင်လျှင် ရှမ်းပြည်အတွက် တိုးတက်မှုအခြေအနေကောင်းများ မြင်တွေ့လာရနိုင်သလို ရှမ်းပြည်နေ ပြည်သူများ၏ အဓိကလိုလားချက်ဖြစ်သည့် ဒေသတည်ငြိမ်အေးချမ်းရေးကိုလည်း ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ချက်များ ရှိလာသည်။

“ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကတော့ ရလဒ်အပေါ်မှာ စဉ်းစားမှုတွေ ရှိမှာပါ။ ၂၀၁၅ ကထက် ရှမ်းပြည်မှာ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရော တိုင်းရင်းသားပါတီတွေအနေနဲ့ရော ပိုပြီးနီးနီးကပ်ကပ် ဆက်ဆံနိုင်မယ်ဆိုရင်တော့ ရှမ်းပြည်အတွက် ပိုကောင်းနိုင်မယ်” ဟု ရှမ်းပြည်နယ် NLD အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလတ်က  Myanmar Now ကို ပြောသည်။

ရွေးကောက်ပွဲရလဒ်နှိုင်းယှဉ်ချက်

ရှမ်းပြည်နယ်တွင် မြို့နယ်စုစုပေါင်း ၅၅ မြို့နယ် ရှိသည့်အနက် ၂၀၂၀ ရွေးကောက်ပွဲတွင် ၄၉ မြို့နယ်၌ ကျင်းပနိုင်ခဲ့သည်။ လုံခြုံရေးအာမခံချက်မပေးနိုင်သည့် အကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့် ဒေသများမှာ ပန်ဆန်း၊ မိုင်းအော၊ ပန်ဝိုင်၊ နားဖန်နှင့် မိုင်းလား စသည့် ‘ဝ’ ဒေသ ၅ မြို့နယ်ဟု အလွယ်ခေါ်ကြသော မြို့နယ်များနှင့် မိုင်းကိုင်မြို့နယ်တို့ ဖြစ်သည်။

ထို့ကြောင့် ပြည်သူ့လွှတ်တော် ၄၉ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ ဖြင့် လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော် ၆၁ နေရာရှိသည်။​ ပြည်နယ်လွှတ်တော် ၉၈ နေရာနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ၇ နေရာ ဖြစ်ရာ ရှမ်းပြည်နယ်လွှတ်တော်အတွက် ရွေးကောက်ခံကိုယ်စားလှယ်စုစုပေါင်း ၁၀၅ ဦးရှိသည်။ 

၂၀၁၅ တွင်မူ ‘ဝ’ ဒေသ ၅ မြို့နယ်အပြင် ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေ၍ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သဖြင့် ပြည်ထောင်စုလွှတ်တော်နေရာ ၆၀၊ ပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ် ၁၀၃ ဦးရှိခဲ့သည်။

ရှမ်းပြည်နယ်တွင် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲနှစ်ရပ်၏ ရလဒ်တို့ကို နှိုင်းယှဉ်ကြည့်လျှင် ပြည်ခိုင်ဖြိုးပါတီက ပြည်နယ်လွှတ်တော်နေရာသာမက ပြည်ထောင်စုတွင်ပါ နေရာရရှိမှု လျော့ကျသွားသလို NLD က လွှတ်တော်နေရာ အသီးသီးတွင် နေရာများတိုး၍ ရရှိလာသည်ကို ယေဘုယျ မြင်တွေ့နိုင်သည်။

ရွေးကောက်ပွဲနေ့မတိုင်မီအထိ မှန်းဆချက်များတွင် အခြားအားကောင်းလာနေသည့် နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပါတီများနည်းတူ ရှမ်းပြည်နယ်တွင်လည်း နယ်ခံပါတီကြီးဖြစ်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ကသာ ပို၍ အနိုင်ရရှိနိုင်မည်ဟု သုံးသပ်ခဲ့ကြသည်။

သို့သော် ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် SNLD သည် ပြည်ထောင်စုလွှတ်တော်နေရာများတွင် ၂၀၁၅ နှင့် တူညီသည့်အရေအတွက်ဖြစ်သော ၁၅ နေရာကိုသာ ပြန်လည်ရရှိခဲ့ပြီး ပြည်နယ်လွှတ်တော်တွင်မူ ၂၆  နေရာဖြင့် နှစ်နေရာသာ တိုး၍ ရရှိခဲ့သည်။

လက်ရှိအာဏာရ NLD ပါတီအနေဖြင့်မူ ၂၀၁၅ တွင် ပြည်ထောင်စု ၁၅ နေရာနှင့် ပြည်နယ် ၂၃ နေရာ ရရှိခဲ့ရာမှ ယခုနှစ် ရွေးကောက်ပွဲတွင်တော့ ပြည်ထောင်စုတွင် ၁၈ နေရာနှင့် ပြည်နယ်၌ ၂၉ နေရာအထိ တိုး၍ အနိုင်ရရှိခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီမှာ ၂၀၁၅ တွင် ပြည်ထောင်စု ၁၉ နေရာနှင့် ပြည်နယ် ၃၃ နေရာအထိ ရရှိဖူးသော်လည်း ယခုနှစ်ရွေးကောက်ပွဲတွင်မူ ပြည်ထောင်စု ၁၆ နေရာနှင့် ပြည်နယ်အဆင့်တွင် ၂၅ နေရာသာ ရရှိခဲ့သည်။

ရှမ်းပြည်နယ်အခြေစိုက် အခြားတိုင်းရင်းသားလူမျိုးစုပါတီငယ်များမှာ ၂၀၁၅ အတိုင်းပင် ၎င်းတို့၏ အမာခံနယ်မြေများတွင် ခြားနားမှုများစွာ မရှိဘဲ ပြန်လည်နေရာရရှိခဲ့ကြသည်။

တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) သည်၂၀၁၅ အတိုင်းပင် ယခု ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ပြည်ထောင်စုလွှတ်တော် ၅ နေရာနှင့် ပြည်နယ်လွှတ်တော် ၇ နေရာ အနိုင်ရရှိထားသည်။ 

TNP ပါတီသည် ၂၀၁၅ တွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၅) နှင့် အမှတ် (၁၀) တို့တွင် အနိုင်ရရှိခဲ့ပြီး ယခုနှစ် ရွေးကောက်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် အမှတ် (၁၀) ကို လက်လွှတ်ဆုံးရှုံးလိုက်ရကာ အမှတ် (၅) နှင့် ကပ်လျက် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမှတ် (၈) နေရာကို ပြောင်းလဲအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မူဆယ်၊ နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့နယ်တို့ပါရှိရာ အမျိုးသား မဲဆန္ဒနယ် အမှတ် (၅) နေရာမှာ ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း TNP ပါတီက ပြိုင်ဘက်ပြည်ခိုင်ဖြိုးပါတီကို ပွတ်ကာသီကာ အနိုင်ရရှိခဲ့သည့် နေရာဖြစ်သည်။

TNP ဆုံးရှုံးလိုက်ရသည့် ပင်လောင်း၊ ဟိုပုန်းနှင့် ဆီဆိုင်မြို့နယ်များပါဝင်သော အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၀) ကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) က အနိုင်ရသွားသည်။ PNO သည် ယခုရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော် ၃ နေရာအနိုင်ရပြီး၂၀၁၅ တွင် ရရှိခဲ့သည့် အရေအတွက်အတိုင်း အပြောင်းအလဲမရှိသော်လည်း ပြည်နယ်လွှတ်တော်တွင်မူ ၁ နေရာ တိုးကာ ၇ နေရာ အနိုင်ရထားသည်။

ယခုနှစ်ဆန်းပိုင်းက ‘ဝ’ နှစ်ပါတီ ပေါင်းစည်းထားသည့် ‘ဝ’ အမျိုးသားပါတီက ဟိုပန်တွင် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အမှတ် (၁) ၊ မိုင်းတုံတွင် ပြည်နယ် အမှတ် (၂) နေရာတို့ကို ရရှိခဲ့သည်။ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့်မူ ၂၀၁၅ က ပြည်နယ်လွှတ်တော် ၂ နေရာ ရရှိခဲ့သော်လည်း ယခုနှစ်တွင် မက်မန်းမြို့နယ် အမှတ် (၂) တစ်နေရာတည်းသာ အနိုင်ရသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) က မိုင်းပန်မြို့နယ် ပြည်နယ်အမှတ် (၁) တစ်နေရာသာ ရရှိခဲ့ပြီး ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ (KDUP) မှာမူ ယခုနှစ်တွင် တစ်နေရာမှ အနိုင်မရရှိခဲ့ပေ။

လက်ရှိ နေရာရထားကြသည့် ပါတီငယ်များအနက် PNO နှင့် ‘ဝ’ အမျိုးသားပါတီတို့မှာ ပြည်ခိုင်ဖြိုးနှင့် မဟာမိတ်ဆက်ဆံရေးရှိသည့် ပါတီများအဖြစ် မှတ်ယူထားကြသည်။ ထိုပါတီနှစ်ခုသည် ဩဂုတ်လအတွင်း ပြည်ခိုင်ဖြိုးဦးဆောင်မှုဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံခဲ့သည့် ၃၄ ပါတီတွင် ပါဝင်ခဲ့သည်။ 

ယခုနှစ် ရွေးကောက်ပွဲမှာ ပြိုင်ဆိုင်မှုပြင်းထန်သလို အကြိတ်အနယ်လည်းရှိသည်ဟု ပြည်ခိုင်ဖြိုးပါတီ၏ ရှမ်းပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာလှစိုင်းက မှတ်ချက်ပြုသည်။

“ကိုယ့်ရှမ်းပြည်နယ်အတွက်ဆိုရင် နိုင်ငံသားတစ်ယောက်အနေနဲ့သော်လည်းကောင်း၊ ပြည်နယ်သားတစ်ယောက်အနေနဲ့သော်လည်းကောင်း အလိုအပ်ဆုံးက ဒေသတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။

တအာင်း (ပလောင်) အမျိုးသားပါတီ TNP ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မိုင်းအောင်မင်းကမူ ပြည်နယ်အဆင့်လွှတ်တော်တွင်ဖြစ်စေ၊ ပြည်နယ်အစိုးရအဖွဲ့တွင်ဖြစ်စေ NLD ပါတီအနေဖြင့် တိုင်းရင်းသားပါတီမှ ကိုယ်စားလှယ်များကို နေရာပေးမည်ဟု မျှော်လင့်ကြောင်းဆိုသည်။ 

“နိုင်တဲ့ တိုင်းရင်းသားပါတီတွေကို ခေါ်ပြီးတော့ နေရာပေးမယ်လို့ ထင်တယ်။ ဒီသက်တမ်းမှာ NLD က ခေါ်သွင်းပြီး သုံးနိုင်မလား၊ အဲဒီလိုတော့ မျှော်လင့်ရတာပေါ့ခင်ဗျာ” ဟု ပြောသည်။

၎င်းသည် ယခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် အမှတ် (၆) ဖြစ်သည့် လားရှိုးခရိုင်တွင် ယှဉ်ပြိုင်ခဲ့ပြီး SNLD ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့သည်။

ပြီးခဲ့သည့် အစိုးရသက်တမ်း နှစ်ကြိမ်စလုံးတွင် လွှတ်တော်ကိုယ်စားလှယ်အများဆုံးဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီကသာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ရာထူးများကို ခန့်အပ်ခွင့်ရရှိခဲ့ခြင်းဖြစ်ရာ ယခုနှစ်မှာတော့ ထိုသို့ အကြီးအကဲများ ခန့်အပ်ရာတွင် ပါတီနောက်ခံထက် ကိုယ်စားလှယ်တို့၏ ကိုယ်ရေးရာဇဝင်နှင့် ဂုဏ်ပုဒ်များအား ကြည့်၍ ရွေးချယ်နိုင်ရန် မိုင်းအောင်မင်းက မျှော်လင့်သည်။

“ရှမ်းပြည်နယ်လွှတ်တော်မှာတော့ စစ်တပ်ကျောထောက်နောက်ခံပြုတဲ့ ပါတီကနေ ရွေးချယ်ထားတဲ့လူတွေပဲ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ ဖြစ်သွားတယ်။ ခုနကလို Personal (ကိုယ်ရေး) ဂုဏ်ပုဒ်တွေ၊ ယုံကြည်ရတဲ့ဟာတွေပေါ် မူတည်ပြီး ရွေးခဲ့တာမျိုး မဟုတ်ဘူး” ဟု ၎င်းက ရှင်းပြသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် NLD က အများစုအနိုင်ရရှိကာ အစိုးရဖွဲ့နိုင်ခဲ့သော်လည်း ရှမ်းပြည်နယ်တွင်မူ ပြည်ခိုင်ဖြိုးက ပြည်ထောင်စုနှင့် ပြည်နယ်အဆင့်တို့တွင် အများဆုံးအနိုင်ရရှိခဲ့သဖြင့် ရှမ်းလွှတ်တော်နှင့် ရှမ်းအစိုးရအဖွဲ့တို့ကို ဖွဲ့စည်းရာတွင် NLD အနေဖြင့် ဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝမရှိခဲ့ဟု ကလောမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၁) တွင် အနိုင်ရရှိထားသည့် ဦးဇော်မင်းလတ်က ပြောသည်။

NLD သည် ၂၀၁၅ ရွေးကောက်ပွဲအလွန် ရှမ်းပြည်နယ်အစိုးရဖွဲ့စည်းရာတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များကို ဝန်ကြီး ၃ နေရာ ပေးခဲ့သည်။ ၎င်းတို့မှာ လက်ရှိ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း (ကိုးကန့်လူမျိုး)၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး (ပအိုဝ်းလူမျိုး) နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းလုံကျော် (တအာင်း/ပလောင်) တို့ ဖြစ်ကြသည်။

“အခုရွေးကောက်ပွဲအလွန် ရှမ်းပြည်နိုင်ငံရေးကို ဖော်ဆောင်မယ့်အပိုင်းမှာတော့ ရရှိထားတဲ့ ရလဒ်တွေကို ဂဏန်းပေါင်းကြည့်ရင် ဘယ်လိုလုပ်လို့ ရမလဲဆိုတာ စဉ်းစားလို့ရမှာပါ” ဟု ဦးဇော်မင်းလတ်က ဆိုသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၌ SNLD ပါတီဝန်းရံသူများနှင့် ပါတီကိုယ်စားလှယ်လောင်းများက အောက်တိုဘာ ၂၀ တွင် အင်အားပြလှည့်လည်ခဲ့စဉ် (ဓာတ်ပုံ- ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်)

မေ့ထား၍ မရသည့် သုံးပုံတစ်ပုံ 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၁ (ဃ) အရ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၌ ရွေးကောက်တင်မြှောက်ခံရသည့် အရပ်သားကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့် ညီမျှသော တပ်မတော်သားကိုယ်စားလှယ်အရေအတွက်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးသွင်းကာ ခန့်အပ်ရသည်။ 

၂၀၁၅ ရွေးကောက်ပွဲရလဒ်များအရ ရှမ်းပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ် ၁၀၃ ဦးရှိရာ ယင်း၏ သုံးပုံတစ်ပုံအဖြစ် တပ်မတော်သားကိုယ်စားလှယ်အရေအတွက်က ၃၄ ဦးရှိခဲ့သည်။

ရွေးကောက်ခံကိုယ်စားလှယ် ၁၀၃ ဦးအနက် ၃၃ ဦးက တပ်မတော်အရာရှိဟောင်းများဖြင့် ဖွဲ့စည်းထားသည့် ပြည်ခိုင်ဖြိုးပါတီမှဖြစ်သည်။ သို့ဖြစ်၍ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများရွေးချယ်ရာတွင်လည်းကောင်း၊ လွှတ်တော်တွင်း၌ အကြောင်းအရာအဖုံဖုံကို ဆွေးနွေးဆုံးဖြတ်ရာတွင်လည်းကောင်း ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်သားကိုယ်စားလှယ်များ၏ အဆုံးအဖြတ်ကသာ မဲအသာဖြင့် အခရာကျခဲ့သည်။

ရှမ်းပြည်နယ်လွှတ်တော်တွင် လက်ရှိရွေးကောက်ခံထားရသူ အရပ်သားကိုယ်စားလှယ်ပေါင်းက ၁၀၅ ဦး ရှိရာ ယင်း၏ သုံးပုံတစ်ပုံအဖြစ် တပ်မတော်သားကိုယ်စားလှယ်က ၃၅ ဦးရှိလာမည်ဖြစ်သည်။ ရွေးကောက်ပွဲရလဒ်များအရ ပြည်ခိုင်ဖြိုးပါတီသည် ၂၅ နေရာသာ အနိုင်ရထားသော်လည်း တပ်ကိုယ်စားလှယ် ၃၅ ဦးနှင့် ပေါင်းပါက ၆၀ ဦး ရှိလာမည်ဖြစ်သည်။

တစ်ဖန် နှစ်ပါတီပေါင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၉ ဦးရှိမည့် PNO နှင့် ‘ဝ’ အမျိုးသားပါတီတို့ကလည်း ပြည်ခိုင်ဖြိုးနှင့် နီးကပ်သည့်ဆက်ဆံရေး ရှိနေပြန်ရာ နေရာစုစု‌ပေါင်း ၁၄၀ ဝန်းကျင်ရှိသည့် ပြည်နယ်လွှတ်တော်၌ ပြည်ခိုင်ဖြိုးပါတီကသာ အသာစီးရနေမည်ဖြစ်သဖြင့် အားပြိုင်မှုက ပိုမိုပြင်းထန်လာနိုင်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ လုပ်ပိုင်ခွင့်ပြဋ္ဌာန်းချက်များအရ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်း ရေးဆွဲပြဋ္ဌာန်းခြင်း၊ ယစ်မျိုးခွန်၊ စည်ပင်ခွန်နှင့် ပြည်နယ်တိုင်းအဆင့် ရင်းနှီးမြှုပ်နှံမှုဖြင့် ရရှိသည့် အကျိုးအမြတ်များ၊ ဝန်ဆောင်မှုလုပ်ငန်းများမှသည် ရေအားလျှပ်စစ်သုံးစွဲခ၊ သစ်တောထွက်ပစ္စည်းအချို့အပေါ် ကောက်ခံသည့်အခွန် စသည်တို့နှင့် ဆက်စပ်သည့် ဥပဒေပြုရေးများ လုပ်နိုင်သည်။

ယင်းလုပ်ပိုင်ခွင့်များက အခြားဖက်ဒရယ်ပြည်ထောင်စုစစ်စစ်နိုင်ငံများ၏ ပြည်နယ်အဆင့် ပြဋ္ဌာန်းခွင့်များနှင့် နှိုင်းယှဉ်လျှင် လွန်စွာ လုပ်ပိုင်ခွင့်နည်းပါးနေသေးသည်ကို ၂၀၀၈ ဖွဲ့စည်းပုံ၏ အားနည်းချက်တစ်ရပ်အဖြစ် ပညာရှင်များ မကြာခဏ ထောက်ပြခဲ့ကြပြီး ဖြစ်သည်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်ကမူ ထိုသို့လုပ်ပိုင်ခွင့်ရရှိမှု နည်းပါးသည့်တိုင်အောင် ဖက်ဒရယ်စနစ်သို့ သွားမည်ဆိုလျှင် ပြည်ထောင်စုအဆင့်လွှတ်တော်များက အရေးကြီးသကဲ့သို့ ဒေသဆိုင်ရာလွှတ်တော်များ၏ အခန်းကဏ္ဍမှာလည်း အရေးကြီးသည်ဟု ပြောသည်။  

ရွေးကောက်ပွဲနေ့က လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာတွင် ဒေသခံများ ဆန္ဒမဲပေးရန် စီတန်းစောင့်ဆိုင်းနေစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now) 

ဖက်ဒရယ်ပုံစံငယ် ဖြစ်လာနိုင်မလား

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကျင်းပပြီး လေးရက်မြောက်ဖြစ်သည့် နိုဝင်ဘာ ၁၂ တွင် အာဏာရ NLD ပါတီက “နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” ခေါင်းစဉ်ဖြင့် တိုင်းရင်းသားပါတီ ၄၈ ခုထံ အိတ်ဖွင့်ပေးစာ ပေးပို့ထားကြောင်း ထုတ်ပြန်ခဲ့သည်။

တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် NLD ၏ ရည်မှန်းချက်များနှင့် တူညီသည်ဖြစ်ရာ NLD အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားပါတီများအနေဖြင့်လည်း NLD က ဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ယင်းအိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ဒီမိုကရေစီဖက်ဒရယ်လမ်းသို့ သွားရာတွင် ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ရသည့် ပါတီများသို့ အိတ်ဖွင့်ပေးစာ ပေးပို့ခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအတွက် ပထမဆုံးလှမ်းလိုက်သည့် ခြေလှမ်းဖြစ်သည်ဟုလည်း NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က Myanmar Now ကို ပြောကြားခဲ့သည်။

ထိုကဲ့သို့ အခင်းအကျင်းများ ရှိနေရာတွင် လာမည့် လွှတ်တော်သက်တမ်း၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင်ဖြစ်စေ၊ ပြည်နယ်လွှတ်တော်တွင်ဖြစ်စေ မြန်မာနိုင်ငံ၏ သက်တမ်းရင့်ပါတီကြီး နှစ်ခုဖြစ်သည့် NLD နှင့် SNLD တို့အကြား မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြင်တွေ့လာရနိုင်မည်ဟု ယူဆချက်များ ရှိလာသည်။

သို့ရာတွင် SNLD ပါတီ၏ ပြောခွင့်ရ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်ကမူ “အဲဒါက NLD အပေါ်မှာ အများကြီး မူတည်ပါတယ်ခင်ဗျာ။ နောက် ဒီအချိန်က ပြောဖို့အတွက်က သိပ်ကို စောပါသေးတယ်၊ NLD ကိုယ်၌က အစိုးရမဖွဲ့ရသေးဘူး” ဟု Myanmar Now ကို ပြောသည်။

SNLD ၏ တွဲဖက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်ကလည်း ယင်းကိစ္စနှင့် ပတ်သက်၍ NLD ဘက်က တရားဝင်ကမ်းလှမ်းလာလျှင်ပင် မည်သို့တုံ့ပြန်ရမည်ကို ပါတီတွင်း တိတိကျကျ မဆွေးနွေးရသေးကြောင်း ဆိုသည်။ 

“ကျွန်တော်တို့ ဘာမှ မဆွေးနွေးရသေးဘူးဗျ၊ လွှမ်းခြုံပြီးတော့တော့ ဘာမှသိပ်မပြောချင်သေးဘူး” ဟု ၎င်းက ဆိုသည်။

အရောင်အသွေးစုံလင်နေသည့် ရှမ်းပြည်နယ်၏ ရလဒ်မှာ ၂၀၁၅ တွင်လည်း ရရှိခဲ့ဖူးသည် ဖြစ်၍ ဒေသခံတိုင်းရင်းသားပါတီများနှင့် လက်တွဲဖော်ဆောင်ရန် NLD သည် အခွင့်အရေးတစ်ကြိမ် ရရှိခဲ့ပြီး ဖြစ်သည်။

သို့သော် NLD အနေဖြင့် ထိုစဉ်က ပြည်နယ်အုပ်ချုပ်ရေးပိုင်းတွင်ဖြစ်စေ၊ ဥပဒေပြုရေးပိုင်းတွင်ဖြစ်စေ တိုင်းရင်းသားပါတီများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ အာဏာခွဲဝေမှု အားနည်းခဲ့ရာ နောက်ပိုင်းတွင် ယင်းနှင့် တိုင်းရင်းသားပါတီ၊ အဖွဲ့အစည်းများကြား ဆက်ဆံရေး အေးစက်ခဲ့သည်။

ယခုနှစ် ရွေးကောက်ပွဲမကျင်းပမီနှင့် ကျင်းပအပြီး ကာလများတွင်တော့ အမျိုးသားညီညွတ်ရေးအစိုးရဟူသည့် စကားရပ်ကို NLD ဘက်က တွင်တွင်ပြောလာသည်ကို ထူးခြားချက်အဖြစ် မြင်တွေ့လာရသည်။

ရှမ်းပြည်နယ်အခင်းအကျင်းအတွက် SNLD နှင့်သာမက အခြားတိုင်းရင်းသားပါတီငယ်များနှင့်ပါ ပူးပေါင်းရန် လိုအပ်သည်ဟု ရပ်စောက်မြို့နယ် ပြည်နယ်မဲဆန္ဒနယ် အမှတ် (၂) တွင် အနိုင်ရထားသည့် NLD ပါတီ ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်စိန်က ပြောသည်။

“ကျွန်တော်တို့အနေနဲ့ SNLD နဲ့ ပေါင်းဖို့လိုမယ်။ နောက်ပြီး ကျန်တဲ့ လူမျိုးငယ်ပါတီငယ်လေးတွေနဲ့လည်း ပေါင်းဖို့လိုတာပေါ့။ အဲဒီလိုပေါင်းလိုက်ရင် လွှတ်တော်မှာ ဒီမိုကရက်တစ်အင်အားစုကတော့ အားကောင်းလာမယ်ဗျ” ဟု ၎င်း၏ အမြင်ကို ဖွင့်ဟသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းရှိ နမ့်ဆန်မြို့နယ်တွင် ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) က အနိုင်ရရှိခဲ့သည့် မိုင်းဝင်းထူးကမူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်သရွေ့ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ လက်ရှိအတိုင်းပင် ဖြစ်လိမ့်မည်ဟု သုံးသပ်မိကြောင်းဆိုသည်။ 

“ဘယ်ပါတီပဲ အရှုံးအနိုင်ဘယ်လိုပဲ ပြောင်းလဲမှုဖြစ်သွားသည်ဖြစ်စေ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကတော့ ဒီပုံစံအတိုင်းပဲ သွားမယ်လို့ မြင်ပါတယ်” ဟု ဆိုသည်။

မိုင်ဝင်းထူးအပါအဝင် ရှမ်းပြည်နယ်သား နိုင်ငံရေးသမားနှင့် လွှတ်တော်ကိုယ်စားလှယ်မျက်နှာသစ်များကတော့ ဒေသခံပြည်သူများနည်းတူ တိုက်ပွဲကင်းစင်ရေး၊ ဒေသတည်ငြိမ်ရေးတို့ကို အဓိကတောင့်တကြသည်။

ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း စုံလင်စွာရှိသလို တစ်ဖက်တွင်လည်း တပ်မတော်၏ စစ်ဌာနချုပ်၊ တပ်ရင်းတပ်ဖွဲ့များမှသည် ပြည်သူ့စစ်အဖွဲ့ပေါင်းစုံအထိ ကျယ်ကျယ်ပြန့်ပြန့် တည်ရှိရာဒေသကြီး ဖြစ်သည်။ 

သာမန်ကာလျှံကာ ထိတွေ့တိုက်ပွဲငယ်များမှအစ၂၀၁၉ ဩဂုတ်လတွင်မှ ထပ်မံဖြစ်ပွားထားသည့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နှင့် တပ်မတော်တို့ကြား တင်းမာပြင်းထန်သော တိုက်ပွဲများအထိ နယ်မြေမအေးချမ်းမှုများ ရုတ်ခြည်း ပေါ်ပေါက်လာနိုင်သည့် အခြေအနေတွင် ရှိနေသေးသည်။ 

ထိုကဲ့သို့ အခင်းအကျင်းများကြား ထပ်မံအာဏာရရှိလာဦးမည့် NLD အနေဖြင့် ဘက်စုံထောင့်စုံမှ စဉ်းစားသုံးသပ်ကာ ငြိမ်းချမ်းရေးအတွက်ပါ သက်ရောက်မှုကောင်းများရှိနိုင်မည့် အာဏာခွဲဝေမှုပုံစံတစ်ရပ်ကို စမ်းသပ်ကြည့်သင့်သည်ဟု စိုင်းထွန်းအောင်လွင်က မှတ်ချက်ပြုသည်။

 “နိုင်ငံရေးဘောင် ပိုချဲ့တဲ့အနေနဲ့ စမ်းသပ်ကြည့်သင့်တယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

Show More

Related Articles

Back to top button