သတင်း

ချင်းအစိုးရဖွဲ့စည်းမှုကို ချင်းအမတ်တချို့ ကန့်ကွက်

နိုင်ငံရေးလက်ဦးမှုယူပြီး ဖွဲ့လိုက်သည့် ချင်းပြည်အစိုးရ၊ လွှတ်တော်တို့ကို အမတ်တချို့က ကန့်ကွက် ဝေဖန်လိုက်သည်၊ ဝန်ကြီးချုပ်ကမူ နိုင်ငံရေးလက်ဦးမှုယူခြင်းမဟုတ်ဟု တုံ့ပြန်သည်။

ဖေဖော်ဝါရီလဆန်းတွင် ဖွဲ့စည်းလိုက်ပြီး အငြင်းပွားဖွယ်ရာ အခြေအနေများနှင့် ရင်ဆိုင်နေရသည့် ချင်းပြည်အစိုးရ၊ ချင်းပြည်လွှတ်တော်တို့ကို ကန့်ကွက်ကြောင်း ဖွဲ့စည်းရာတွင် ပါဝင်ခြင်း မရှိသည့် အမတ်များက ယမန်နေ့ (ဖေဖော်ဝါရီ ၁၃) တွင် ထုတ်ပြန်သည်။

ချင်းပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် လွှတ်တော်အမတ် ၃၉ ဦးရှိသည်၊ လက်ရှိ ဖွဲ့စည်းထားသည့် ချင်းပြည်လွှတ်တော်တွင် လွှတ်တော်အမတ် ၁၅ ဦးသာ ပါဝင်ပြီး ဒီမိုကရေစီစံနှုန်းများနှင့် ဆန့်ကျင်နေ၍ ကန့်ကွက်ရခြင်းဖြစ်သည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။

အမတ်များမှာ ပြည်ထောင်စုအဆင့် ၁၀ ဦး၊  ပြည်နယ်အဆင့် ၅ ဦး ဖြစ်သည်ဟု ဆိုသည်။

ဒီဇင်ဘာ လဆန်းပိုင်းတွင် ချင်းပြည်ကောင်စီ ပေါ်ပေါက်လာပြီး ဖေဖော်ဝါရီလဆန်းတွင် အစိုးရနှင့် လွှတ်တော်ကို ဖွဲ့စည်းကြောင်း ထိုကောင်စီက ကြေညာခဲ့သည်။

ကောင်စီ မပေါ်ပေါက်မီ နိုဝင်ဘာ ၂၂ တွင် ကျင်းပခဲ့သည့် ချင်းပြည် လွှတ်တော်ကိုယ်စားလှယ်အထူးအစည်းအဝေးတွင် ချင်းတစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးကို အလေးထားပြီး ချင်းပြည်အစိုးရ ဖွဲ့စည်းခြင်းနှင့် အခြားသော မည်သည့်အဖွဲ့အစည်းမှ ဖွဲ့စည်းခြင်း မပြုရန် အားလုံးက သဘောတူ ဆုံးဖြတ်ခဲ့သည်၊ သို့သော်လည်း အချို့က ချင်းပြည်ကောင်စီနှင့် ပူးပေါင်း ပါဝင်သွားပြီး နိုင်ငံရေးလက်ဦးမှုရယူကာ ချင်းပြည်အစိုးရ၊ ချင်းပြည်လွှတ်တော်နှင့် ချင်းပြည်တရားလွှတ်တော်ချုပ်တို့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။

ထုတ်ပြန်ချက်တွင် ကန့်ကွက်သူ အမတ်များ၏အမည် ဖော်ပြမထားဘဲ ချင်းပြည်ကောင်စီတွင် ပါဝင်ခြင်းမရှိသည့် လွှတ်တော်ကိုယ်စားလှယ်များဟုသာ ဖော်ပြထားသည်။

ပေါ်ပေါက်ခဲ့သော ကောင်စီ နှစ်ခု

၂၀၂၁ ဧပြီတွင် ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကို ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။ ရွေးကောက်ပွဲအနိုင်ရအမတ်များ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသော ဝန်ထမ်းများ၊ အရပ်ဘက် ကိုယ်စားပြု ကိုယ်စားလှယ်များဖြင့် ဖွဲ့ခြင်း ဖြစ်သည်။

၂၀၂၃ ဧပြီတွင် CNF က အတိုင်ပင်ခံကောင်စီမှ နုတ်ထွက်သွားခဲ့ပြီး ထိုနှစ် စက်တင်ဘာတွင် ညီလာခံတစ်ရပ် ခေါ်ယူ၊ အခြေခံဥပဒေ ရေးဆွဲ ပြဋ္ဌာန်းပြီးနောက် ချင်းပြည်ကောင်စီ ပေါ်ပေါက်လာသည်။

အတိုင်ပင်ခံကောင်စီ၏ ကန့်ကွက်မှုကြားက ပေါ်ပေါက်လာသည့် ချင်းပြည်အစိုးရအဖွဲ့ကို နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး စသည့် ဝန်ကြီးဌာန ၁၄ ခုဖြင့် ဖွဲ့စည်းထားသည်။

ဝန်ကြီးချုပ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ မတူပီလွှတ်တော်အမတ် ဦးပါထန်းဖြစ်ပြီး ကာကွယ်ရေးနှင့် နိုင်ငံခြားရေး နေရာတို့ကို CNF က တာဝန်ယူထားသည်။

စစ်ရေး အားသာချက်ရနေသည့် ချင်းပြည်တွင်အစိုးရ ဖွဲ့စည်းရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ချင်းပြည်ကောင်စီတွင် CNF က ဥက္ကဋ္ဌနေရာ ယူထား၍ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့အနေဖြင့် အစိုးရအဖွဲ့ ဝန်ကြီးချုပ်တာဝန်ကို လက်ခံယူရခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးပါထန်းက Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့က နိုင်ငံရေးအရ လက်ဦးမှုယူတာ မဟုတ်ဘူးဗျ။ စစ်ရေးအရ မြို့သိမ်းတိုက်ပွဲတွေက ဖော်ဆောင်နေပြီ၊ အဲဒီအခါမှာ နိုင်ငံရေးက နောက်ကောက်ကျန်လို့ မဖြစ်တော့ဘူးဆိုတဲ့ အမြင်နဲ့ ကျွန်တော်တို့က မဖြစ်မနေ ဒီဟာကို လုပ်ရခြင်းဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ချင်းအမျိုးသားအားလုံးအတွက် ဖွဲ့စည်းထားသည့် အစိုးရသာဖြစ်​ပြီး အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်ပါက အများသဘောတူညီချက်ဖြင့် ပြင်ဆင်နိုင်ကြောင်း၊ အားလုံး ပူးပေါင်း ပါဝင်ကြရန် ဖိတ်ခေါ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

“ဒါက CNF အတွက် လုပ်တာမဟုတ်ဘူး။ ချင်းတစ်မျိုးသားလုံး အတွက်လုပ်တာပါ။ CNF အတွက်သာ ဆိုရင်တော့ ကျွန်တော်တို့ လွှတ်တော်အစုအဖွဲ့က ပါစရာမလိုဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ပါမှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။ 

India For Myanmar အဖွဲ့ကို တည်ထောင်သူ ဆလိုင်းဒိုခါရ်က ချင်းပြည်အစိုးရအဖွဲ့တွင် အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်သော်လည်း CNF ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု Myanmar Now ကို ဖြေကြားထားသည်။

အာဏာသိမ်းစစ်တပ်ကို စစ်ရေးအရ အသာစီးယူထားနိုင်သော ချင်းပြည်နယ်သည် ပထမဆုံးအစိုးရဖွဲ့နိုင်ခဲ့သည့် ပြည်နယ်ဖြစ်သော်လည်း သဘောထားမတူညီသည့် အင်အားစုများကို ကိုယ်စားပြုနိုင်ရန် အခက်အခဲများ ရှိနေသေးသည်။

Show More

Related Articles

Back to top button