ဆောင်းပါး

ချင်းပြည် အစိုးရဖွဲ့နိုင်ရေး တော်လှန်ရေးအင်အားစုများကြား အားပြိုင်နေ

သာယာလှပသော ချင်းတောင်တန်းဒေသတွင် စိုးမိုးနယ်မြေတိုးလာသည်နှင့်အမျှ တော်လှန်ရေးအဖွဲ့များက ကိုယ်ပိုင်အုပ်ချုပ်နိုင်ရန် ကြိုးပမ်းနေကြပြီး သဘောထားကွဲလွဲမှုများ ပေါ်ပေါက်နေသည်။

၂၀၂၁ စစ်အာဏာသိမ်းပြီး သုံးလဝန်းကျင်မှစ၍ လက်နက်ကိုင်ခုခံမှု အစောဆုံးစတင်ခဲ့သည့် နိုင်ငံအနောက်မြောက်ပိုင်း အိန္ဒိယနယ်စပ်မှ တောင်တန်းဒေသ ချင်းပြည်နယ်တွင် တော်လှန်ရေးအင်အားစုများ စိုးမိုးနယ်မြေ ပိုကျယ်ပြန့်လာသည်နှင့်အမျှ ပြည်နယ်အစိုးရဖွဲ့စည်းရန် တာစူနေကြစဉ် အားပြိုင်မှုများလည်း ပေါ်ပေါက်နေသည်။

အာဏာသိမ်းပြီး သုံးနှစ်နီးပါးအတွင်း စစ်ကောင်စီ စစ်ကူပို့နိုင်သော ပြည်နယ်တွင်း လမ်းကြောင်းအများစုကို စိုးမိုးထားချိန်၊ အိန္ဒိယ-မြန်မာ နယ်စပ်မှ ရိခေါဒါရ်၊ လိုင်လင်းပီနှင့် ရေဇွာမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ထားချိန်၊ မကွီအိမ်နူး၊ ဝေဘူလ၊ နှာရိန်၊ ဆူခွာရ်မြို့များမှ စစ်ကောင်စီ တပ်ဆုတ်သွားချိန်တွင် ၂၀ ထက်မနည်းသော ချင်းဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များကြား ပွတ်တိုက်မှုများ တွေ့လာရသည်။

ချင်းတောင်တန်းဒေသတွင် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား လျော့ရဲလာချိန်တွင် ကိုယ်ပိုင်အုပ်ချုပ်၊ ဥပဒေပြု၊ တရားစီရင်နိုင်ရန် အစိုးရတစ်ရပ်ဖွဲ့စည်းရေး ချင်းတော်လှန်ရေးအင်အားစုများ ခြေလှမ်းပြင်နေကြပြီး သဘောထားကွဲလွဲမှုများလည်း ထင်ထင်ရှားရှားဖြစ်ပေါ်နေခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် နီးစပ်သည့် ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြို့နယ်၊ ဒေသအလိုက်စုဖွဲ့ထားသော တော်လှန်ရေးအင်အားစု ၁၇ ဖွဲ့တို့က စစ်ရေးပူးပေါင်းဆောင်ရွက်ရန် အာဏာသိမ်းစ ၂၀၂၁ နိုဝင်ဘာတွင် ချင်းလဲန်းကာကွယ်ရေးကော်မတီ (CJDC) ကို ဖွဲ့စည်းခဲ့သော်လည်း နှစ်နှစ်ကျော်အကြာတွင် အကွဲအပြဲများဖြစ်လာကြသည်။

CJDC မပေါ်ထွန်းမီ ၂၀၂၁ ဧပြီတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ CNF၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ဝန်ထမ်းများ၊ အရပ်ဘက်ကိုယ်စားပြု ကိုယ်စားလှယ်များဖြင့် ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ဖွဲ့စည်း၍ ပြည်နယ်အစိုးရဖွဲ့ကာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ လုပ်မည်ဟု မျှော်မှန်းခဲ့ကြသော်လည်း ယခုအချိန်အထိ အရာမထင်ဖြစ်နေချိန်တွင် CNF ဦးဆောင်သည့် စင်ပြိုင်ခြေလှမ်းထွက်ပေါ်လာသည်။

ICNCC ဖွဲ့စည်းပြီး နှစ်နှစ်နီးပါးအကြာ ၂၀၂၃ ဧပြီတွင် CNF က နုတ်ထွက်သည်။ CNF သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူညီချက် (NCA) တွင် လက်မှတ်ထိုးထားသော်လည်း အာဏာသိမ်းပြီးနောက်တွင် စစ်တပ်ကို ပြန်လည်ရင်ဆိုင်တိုက်ခိုက်နေသည့်အဖွဲ့ဖြစ်သည်။

အာဏာသိမ်းစမှစ၍ ရရာလက်နက်ဖြင့် စစ်ကောင်စီကို ဒေသအလိုက် ခုခံတော်လှန်နေကြသည့် အဖွဲ့များနှင့် ချိတ်ဆက်မှုအားနည်းချက်များရှိခဲ့၍ ICNCC အတွက် ထိုသို့ ထိုးနှက်ချက်များဖြစ်ပေါ်လာသည်ဆိုသည့် အကြောင်းကို အလှည့်ကျ သဘာပတိ ဒေါက်တာကန်တွန်ကလည်း ငြင်းဆန်ခြင်းမပြုပေ။

“အစည်းအဝေးတစ်ခုခုမှာ ၉၀ ရာခိုင်နှုန်းက သဘောတူရင်တောင်မှ ၁ ယောက်က ဒါမလုပ်သင့်သေးဘူးလို့ ဆွေးနွေးရင် လုပ်လို့မရတာတွေ အများကြီးရှိခဲ့တယ်။ အစုအဖွဲ့မစုံလင်ရင် (ဆုံးဖြတ်ချက်) ချလို့မရဘူးဖြစ်တာတို့၊ သူ့ဟာသူ (အစည်းအဝေးလာတက်ပြီး) ကန့်ကွက်နေစရာမလိုဘူး။ အစည်းအဝေးမတက်ကတည်းက ဆုံးဖြတ်လို့မရတာမျိုးလည်း ရှိနေခဲ့တယ်” ဟု ဒေါက်တာ ကန်တွန်က ပြောသည်။

ထို့ကြောင့် ချင်းပြည်အစိုးရတစ်ရပ် ပေါ်ထွက်နိုင်ရန် ICNCC က ရေးဆွဲနေသည့် ချင်းချာတာ (ပဋိညာဉ်) မှာလည်း ဆွေးနွေးရန် အစုအဖွဲ့မစုံလင်သဖြင့် ၂၀၂၂ ခုနှစ်နှောင်းပိုင်းမှစတင်ပြီး လုပ်ငန်းစဉ် ရပ်တန့်လုနီးပါး ဖြစ်သွားရသည်။

ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်ဖွဲ့စည်းသည့် ချင်းပြည်ကောင်စီဝင်အချို့ကို ၂၀၂၃ ဒီဇင်ဘာက တွေ့ရစဉ်။ ဓာတ်ပုံ – ချင်းပြည်ကောင်စီ

ထိုသို့ ဖြစ်နေစဉ် CNF က ၂၀၂၃ ခုနှစ် စက်တင်ဘာတွင် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မတီတစ်ခုကို ဖွဲ့စည်းပြီး နောက် ၃ လအကြာတွင် ပထမအကြိမ် ချင်းပြည်ကောင်စီ (Chinland Council) ညီလာခံခေါ်ယူ၍ အခြေခံဥပဒေပြဋ္ဌာန်းသည်။ ထို့နောက် ချင်းပြည်ကောင်စီကို အတည်ပြုဖွဲ့စည်း၍ CNF က ကိုယ်ပိုင်အုပ်ချုပ်နိုင်ရေး ခြေလှမ်းစတင်လိုက်သည်။ ထိုညီလာခံကို CNF က ကမကထပြုလုပ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များ၊ မြို့နယ်နှင့် ဒေသအစုအဖွဲ့များမှ ကိုယ်စားလှယ်အချို့ တက်ရောက်သည်။

“ကျွန်တော်တို့က စစ်ချည်းပဲ တိုက်နေလို့မရဘူး။ ပြည်သူလူထုလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့အတွက်တော့ အဲ့ဒါတွေ လုပ်နိုင်ဖို့က အစိုးရတစ်ခုလိုတယ်။ တစ်ယောက်တစ်ပေါက်နဲ့ လုပ်လို့မရဘူး” ဟု ချင်းပြည်ကောင်စီ အတွင်းရေးမှူး ၁ ဆလိုင်းထက်နီက ပြောသည်။

သို့သော် ၂၀၂၃ နှစ်ကုန်တွင် CNF ဦးဆောင်ရေးဆွဲ အတည်ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံသည့် ချင်းဒေသ တော်လှန်ရေးအင်အားစုများရှိနေသည်။

CNF ၏ ညီလာခံသည် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့်အပြင် တန်းတူညီမျှမှုမရှိသဖြင့် စည်းလုံးညီညွတ်ရေးကို ကိုယ်စားပြု ဖော်ဆောင်နိုင်မည်မဟုတ်ဟုဆိုကာ မင်းတပ်၊ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့တွင် အခြေစိုက်သည့် နိုင်ငံရေးနှင့် တော်လှန်ရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ခြင်းမရှိပေ။

ထိုသို့ကန့်ကွက်မှုများကြားမှ ကျင်းပခဲ့သည့် CNF က ညီလာခံကျင်းပပြီး ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းကာ ချင်းပြည်ကောင်စီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ထိုအခြေခံဥပဒေအရ ချင်းပြည်ကောင်စီကို ချင်းလွှတ်တော်ကိုယ်စားလှယ်၊ ချင်းအမျိုးသားတပ်ဦး CNF အစုအဖွဲ့ ၂ ခုကို ကိုယ်စားလှယ် ၂၇ ဦးစီ၊ မြို့နယ်နှင့် ဒေသအလိုက် အုပ်ချုပ်ရေးအစုအဖွဲ့ကို ၈၆ ဦးဖြင့် ဖွဲ့စည်းထားသည်။

“ချင်းပြည်ကောင်စီလို့သာ ပြောတာ လက်ရှိ SAC (စစ်ကောင်စီ) နဲ့ မခြားဘဲနဲ့ CNF ကနေ ၂၇ နေရာလောက် ယူထားတယ်။ ကျွန်တော်တို့ အဲဒီဟာမှာ ဖက်ဒရယ်ဒီမိုကရေစီနဲ့ မကိုက်ညီဘူးလို့ မြင်တယ်။ ….. ကျန်တဲ့ သူတို့ (CNF) ဩဇာခံအဖွဲ့အစည်းတွေ ထပ်ထည့်တဲ့အခါကျတော့ စုစုပေါင်းလိုက်ရင် ထက်ဝက်ကျော်လောက်ကို လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထားတဲ့ ကောင်စီလိုမျိုး ဖြစ်တဲ့အခါကျတော့ ဒါမဖြစ်သင့်ဘူးလို့ မြင်တယ်။ အဲဒါကြောင့် မပါဝင်ဖြစ်တာ” ဟု ထိုအစီအမံကို သဘောမတူသည့် ဇိုမီးဖက်ဒရယ်အစည်းအရုံး ပြောခွင့်ရ အမျိုးသားတစ်ဦးက ပြောသည်။

ချင်းညီနောင်ဖွဲ့စည်းကြောင်း ကြေညာချက်။

CNF ၏ ချင်းပြည်ကောင်စီတွင် မပါဝင်သည့် အစုအဖွဲ့များဖြစ်သော တီးတိန်၊ တွန်းဇန်၊ ဖလမ်း၊ မင်းတပ်မြို့နယ် ကိုယ်စားပြု ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်နှင့် ချင်းအမျိုးသားကောင်စီတို့ကလည်း ချင်းညီနောင်အဖွဲ့ကို ၂၀၂၃ ဒီဇင်ဘာလကုန်တွင် ဖွဲ့စည်းလိုက်သည်။

ချင်းညီနောင်အနေဖြင့် ချင်းပြည်လုံးဆိုင်ရာကိစ္စရပ်များနှင့် ချင်းတစ်မျိုးသားလုံးဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး အဖွဲ့ဝင်များအပေါ် နိုင်ငံရေး၊ စစ်ရေးအရ ကျူးကျော်လာမှုများကို ပူးပေါင်းရင်ဆိုင်မည်ဟု ဆိုထားသည်။

ဖက်ဒရယ်ဒီမိုကရေစီအရေးသွားမည့် ချင်းညီနောင်၏ မူဝါဒနှင့်ကိုက်ညီသည့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ (ICNCC) နှင့် လက်တွဲသွားမည်ဟု ထုတ်ဖော်ပြောကြားထားသည်။

ICNCC လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ ကိုယ်စားလှယ်အချို့မှာ CNF ၏ ချင်းပြည်ကောင်စီတွင် ပါဝင်သွားသော်လည်း တီးတိန်၊ တွန်းဇံ၊ ဖလမ်းတို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့၊ CDM စသည့် ချင်းတော်လှန်ရေးအင်အားစုများဖြင့် ICNCC ကို ဆက်လက်လည်ပတ်လျက်ရှိသည်။

ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် နှောင့်နှေးမှုကြောင့် ဝေဖန်ခံနေရသည့် ICNCC လည်း ၂၀၂၃ နှစ်ကုန်ပိုင်းမှစ၍ ပြောင်းလဲမှုများ အရှိန်ယူလုပ်ဆောင်နေသည်။ ICNCC ကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းကာ ရေးဆွဲလက်စ ချင်းချာတာ (ပဋိညာဉ်) ကိုလည်း ပြန်လည်စိစစ်မှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု ဒေါက်တာကန်တွန်က ဆိုသည်။

ICNCC ၏ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ၏ လုပ်ငန်းတာဝန်များကို လွှဲပြောင်းရယူသွားမည်ဟု CNF ၏ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးသားထားသော်လည်း မည်သည့်ပုဂ္ဂိုလ်၊ ကောင်စီ၊ အဖွဲ့အစည်းကမျှ လုပ်ငန်းတာဝန်များကို ဖျက်သိမ်းပိုင်ခွင့်မရှိကြောင်းနှင့် လွှဲပြောင်းပေးမည်မဟုတ်ကြောင်း ICNCC က ထုတ်ပြန်သည်။

ထိုလုပ်ရပ်မှာ CNF အနေဖြင့် ICNCC ကို အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်သည်ဟု အလှည့်ကျသဘာပတိ ဒေါက်တာကန်တွန်က ဝေဖန်သည်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြည်နယ်အတိုင်ပင်ခံကောင်စီ၏ လုပ်ပိုင်ခွင့်အရ ချင်းပြည်နယ်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားများကို လိုအပ်သလို ဖွဲ့စည်းဆောင်ရွက်သွားမည်ဟု ICNCC က ထုတ်ပြန်ထားသည်။

ထိုအခြေအနေတွင် CNF က အခြေခံဥပဒေပြဋ္ဌာန်း၍ ချင်းကောင်စီဖွဲ့ကာ အုပ်ချုပ်၊ ဥပဒေပြု၊ တရားစီရင်ရေး ကိစ္စများကို ဆောင်ရွက်ရန် သီးခြားခွဲထွက် ကြိုးပမ်းလာခြင်းဖြစ်သည်။

ချင်းပြည်နယ် အခြေစိုက် တော်လှန်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအခြေအနေ

တော်လှန်ရေးအစုအဖွဲ့များကြား သဘောထားကွဲလွဲမှုများက စစ်ရေးနှင့် နိုင်ငံရေး ပဋိပက္ခကို ဦးတည်နိုင်သဖြင့် ညှိနှိုင်းအဖြေရှာကြရန်၊ အခြေခံဥပဒေဆွဲခြင်း၊ မူဝါဒချမှတ်ခြင်းများတွင် ပါဝင်ထိုက်သည့် ကိုယ်စားပြုမှုစုံလင်စေရန်၊ လူထုသဘောဆန္ဒကို ထည့်သွင်းစဉ်းစားရန် ချင်းအရပ်ဘက်အဖွဲ့အစည်းနှင့် ပြည်သူများ ပါဝင်သည့် ချင်းလူထုလှုပ်ရှားမှုက တောင်းဆိုထားသည်။

ထိုသို့ အငြင်းပွားဖွယ်အခြေအနေတွင် CNF ၏ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ချင်းပြည်လွှတ်တော်၊ အစိုးရအဖွဲ့နှင့် တရားလွှတ်တော်ချုပ်တို့ကို ရက်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းရမည်ဖြစ်သဖြင့် ၂၀၂၄ ဖေဖော်ဝါရီ ပထမပတ်တွင် ချင်းပြည်အစိုးရသစ် ပေါ်ပေါက်လာဖွယ်ရှိသည်။

ထို့အတူ CNF ၏ ချင်းအမျိုးသားတပ်မတော်သည် ချင်းပြည်၏ တစ်ခုတည်းသောတပ်မတော်ဖြစ်ကြောင်း အခြေခံဥပဒေတွင် ထည့်သွင်းဖော်ပြချက်နှင့်ပတ်သက်ပြီး အခြားသော ချင်းတော်လှန်ရေးအင်အားစုများက ထောက်ပြကန့်ကွက်မှုများရှိသည်။

CNF ၏ အခြေခံဥပဒေအရ ချင်းပြည်နယ်အစိုးရအောက်တွင် ကာကွယ်ရေးတပ်တစ်ခုတည်း ရှိရမည်ဟူသည့် ထိုအချက်နှင့်ပတ်သက်ပြီး အဖွဲ့ဝင်များကြား သဘောထားကွဲလွဲမှုများ ရှိခဲ့ပြီးနောက် ၂၀၂၃ ဒီဇင်ဘာတွင် ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့အားလုံးနီးပါး ပါဝင်သည့် ချင်းလဲန်းကာကွယ်ရေးကော်မတီ (CJDC) ကိုပါ ဖျက်သိမ်းလိုက်ရသည်။

ထိုအခြေအနေတွင် CNF ၏ ချင်းပြည်ကောင်စီတွင် မပါဝင်သေးသည့်အဖွဲ့များကို ၎င်းတို့နှင့်အတူ ပူးပေါင်းပါဝင်ရန် မျှော်လင့်ထားသည်ဟု ချင်းပြည်ကောင်စီ အထွေထွေအတွင်းရေးမှူး ၁ ဆလိုင်းထက်နီက ပြောသည်။

“အခုက ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုထားပြီဆိုတော့ ကျွန်တော်တို့ဘက်က အဲ့ဒီဥပဒေ လုပ်ထုံးလုပ်နည်း ဘောင်အောက်က ကျွန်တော်တို့က လမ်းကဖွင့်မှာပေါ့နော်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးပါ ဆိုရင်လည်း ကျွန်တော်တို့က ညီလာခံကို နှစ်နှစ်တစ်ကြိမ် ကျင်းပရတာဆိုတော့ အဲ့ဒီမှာပဲ အဲ့ဒီလိုပြန်ပြီးတော့ လုပ်ဖို့ ဖြစ်သွားမှာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

ဆလိုင်းထက်နီသည် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) ၏ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သည်။

အချိန်တို လပိုင်းအတွင်း ပေါ်ထွက်လာသည့် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်ပြီး ချင်းတော်လှန်ရေးအဖွဲ့များကြား မကျေလည်မှုများရှိနေသော်လည်း ခြေလှမ်းကို ရှေ့ဆက်ရန် CNF ၏ ချင်းပြည်ကောင်စီက ဆုံးဖြတ်ထားပြီးဖြစ်သည်။

CNF ၏ လုပ်ရပ်ကို သဘောမတူနိုင်၍ ချင်းညီနောင်အဖွဲ့တွင် ပါဝင်ပူးပေါင်းခဲ့သည့် မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-မင်းတပ်) မှ ကိုယောမန်ကမူ “ကျွန်တော်တို့ ဘယ်သူ့ထက်မှလည်း ပိုပြီးမလိုချင်ဘူး။ ဘယ်သူ့အောက်မှလည်း လျော့ပြီးမလိုချင်ဘူး။ ကျွန်တော်တို့ ညီအကိုတွေပဲဖြစ်တဲ့အတွက်ကြောင့် အားတူတန်းတူညီတူ မျှမျှတတ လိုချင်တာပါ။ အဲ့လိုအခြေအနေမျိုး မရှိတဲ့အတွက်လည်း ပါဝင်ဖို့ ခက်နေတာပါ” ဟု ဇန်နဝါရီ ၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။

ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည့် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-CNDF

ချင်းဒေသနိုင်ငံရေးအခြေအနေများကို လေ့လာနေသူ ဆလိုင်းဒိုရ်ခါကမူ အင်အားစုများအကြား ယုံကြည်မှုတည်ဆောက်ရေး အားကောင်းမောင်းသန်မဖြစ်မီ CNF ၏ အစိုးရဖွဲ့ရေး၊ ကိုယ်ပိုင်ဥပဒေပြု၊ တရားစီရင်မည့် သီးခြားခြေလှမ်းပေါ်ထွက်လာခြင်းမှာ စိုးရိမ်ဖွယ်ဖြစ်သည်ဟု ပြောသည်။

“ဒီဟာမျိုးတွေကလည်း ဆွေးနွေးညှိနှိုင်းတိုင်ပင်မှု အင်မတန်လိုအပ်တဲ့ကဏ္ဍဖြစ်တယ်။ ဒီဟာကိုမှ အစည်းအဝေး သုံးကြိမ် လောက်ထိုင်ပြီးတော့ အတည်ပြုလိုက်တဲ့အခါကျတော့ လုပ်ငန်းစဉ်ကလည်း မေးခွန်းထုတ်စရာ ဖြစ်ပြီးတော့ တချို့လူတွေအတွက် ယုံကြည်မှုတည်ဆောက်ဆဲကာလမှာ အတည်ပြုတဲ့သဘောမျိုးဖြစ်သွားတယ်” ဟု ဆလိုင်းဒိုရ်ခါက ဆိုသည်။

လက်ရှိအကျပ်အတည်းကို အဖြေရှာနိုင်ခြင်းမရှိပါက အားကောင်းမောင်းသန်ဖြစ်နေသည့် ချင်းဒေသတော်လှန်ရေးလှုပ်ရှားမှုများအပေါ် ထိခိုက်မည်ကို သူက စိုးရိမ်နေသည်။

“ဒီအခြေအနေကို မကျော်လွှားနိုင်ဘူးဆိုရင် နိုင်ငံရေးအင်အားစုတွေကြား ယုံကြည်မှုတွေ အရမ်းကြီး ဆိုးဆိုးရွားရွား ကွဲပြားသွားမယ့်သဘောရှိတယ်။ နိုင်ငံရေးအရ ယုံကြည်မှု ဆိုးဆိုးရွားရွားဖြစ်သွားတယ်ဆိုရင်တော့ ဖက်ဒရယ်ယူနစ်တစ်ခုမှာ အတူတကွနေထိုင်လိုစိတ် မရှိတော့တဲ့ အခြေအနေမျိုးတောင်မှ ဦးတည်သွားနိုင်ခြေရှိတယ်”။

Show More

Related Articles

Back to top button