သတင်း

ပလက်ဝတွင် ချင်းစည်ပင်ဝန်ကြီးဦးစိုးထက် လိုက်ပါလာသည့်စက်လှေ ပစ်ခတ်ခံရ

ချင်းပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက် လိုက်ပါလာသည့် စက်လှေကို ယနေ့မွန်းလွဲ ၁ နာရီခန့်က ပလက်ဝမြို့နယ် ကုလားတန်မြစ်ကြောင်းအတွင်း ရက္ခိုင့်တပ်တော် AA က ပစ်ခတ်ခဲ့သည်ဟု ဦးစိုးထက်က ပြောသည်။

ဝန်ကြီးသည် နယ်မြေဖွံ့ဖြိုးရေးခရီးစဉ်တစ်ခုအတွက် စက်တင်ဘာ ၅ ကတည်းက ပလက်ဝမြို့သို့ ရောက်ရှိနေခဲ့ပြီး ပလက်ဝမြို့မှပြန်ရန် စက်လှေဖြင့်ထွက်ခွာစဉ် ယခုကဲ့သို့ ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

ပစ်ခတ်ခံရသည့် စက်လှေပေါ်တွင် ဦးစိုးထက်နှင့်အတူ ညွှန်ကြားရေးမှူးရာထူးရှိ အစိုးရဝန်ထမ်း ၃ ဦးခန့် ပါဝင်ပြီး တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရမှု မရှိဟု ဦးစိုးထက်က ပြောသည်။

“မငြိမ်းချမ်းတဲ့ဒေသဆိုတော့ ဒီလိုတော့ ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါတယ်။ ဒါပေမယ့် အခု ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲတွေ အပြန်ခရီးမှာ အဲဒီလိုမျိုး တိုက်တိုက်ဆိုင်ဆိုင် ဖြစ်တယ်ဆိုတော့ …” ဟု ဝန်ကြီးဦးစိုးထက်က ပြောသည်။    

၎င်းတို့ကို AA က စတင်ပစ်ခတ်ခဲ့ပြီးနောက် အနီးအနားတွင်ရှိသည့် တပ်မတော်စခန်းတစ်ခုက AA အဖွဲ့ရှိသည့်နေရာကို ပြန်လည်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များနှင့် နာရီဝက်ခန့်ကြာအောင် အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်ဟု ၎င်းက ဆိုသည်။

AA ကို အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့်အတွက် ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့ကို Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါ။ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။ 

၂၀၁၉ နိုဝင်ဘာတွင်လည်း အိန္ဒိယနိုင်ငံသား ၅ ဦးနှင့်အတူ ချင်းပြည်နယ် အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကို AA အဖွဲ့က ဖမ်းဆီးသွားခဲ့သည်။ ထို့နောက် အိန္ဒိယနိုင်ငံသားများကို ပြန်လွှတ်ပေးခဲ့သော်လည်း ဦးဝှေ့တင်းကို နှစ်လကျော်အကြာ ယခုနှစ် ဇန်နဝါရီလတွင်မှ ပြန်လွှတ်ပေးခဲ့သည်။

Show More

Related Articles

Back to top button