ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ကျပ် ၂ ဒသမ ၉ ဘီလျံတန် ရေပေးဝေရေးစီမံကိန်းအတွက် ၂၀၁၆ အောက်တိုဘာလအတွင်းက တင်ဒါခေါ်ယူခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လအတွင်း ပြီးစီးနိုင်ရန် မျှော်မှန်းခဲ့သော်လည်း ယနေ့အချိန်ထိ အပြီးသတ်နိုင်ခြင်း မရှိသေးပေ။
လူဦးရေ နှစ်သောင်းကျော်ရှိ ဟားခါးမြို့၏ ရေပေးဝေရေးစီမံကိန်းမှာ သတ်မှတ်ကာလအတွင်း ပြီးစီးခြင်းမရှိသည့်အတွက် သုံးကြိမ်တိုင် သက်တမ်းတိုးခဲ့ရသည်ဟု စီမံကိန်းနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးပြီး ထုတ်ပြန်ခဲ့သည့် ပြည်နယ်စာရင်းစစ်ချုပ်အစီရင်ခံစာက ဆိုသည်။
စီမံကိန်းအကြိုလုပ်ငန်းများဖြစ်သည့် ကွင်းဆင်းတိုင်းတာခြင်း၊ မြေပုံရေးဆွဲခြင်း၊ ဒီဇိုင်းပုံထုတ်ခြင်း၊ အသုံးပြုမည့်စနစ်အတည်ပြုခြင်း၊ အတတ်ပညာရှင်များ၏ အကြံဉာဏ်ရယူခြင်း၊ လုပ်ငန်းအတွေ့အကြုံရှိပြီး ကျွမ်းကျင်သည့် ကုမ္ပဏီရွေးချယ်ခြင်းမရှိဘဲ ဆောင်ရွက်ခဲ့သည့်အတွက် အဆိုပါရေပေးဝေရေးစီမံကိန်း မအောင်မြင်ရခြင်းဖြစ်ကြောင်းလည်း အစီရင်ခံစာက ဆိုသည်။
အဂတိဖြင့် အရေးယူခံရသော ပြည်နယ်ထွေအုပ်ဦးစီးသည့် စီမံကိန်း
ဟားခါးမြို့ရေပေးဝေရေးစီမံကိန်းအတွက် ဝယ်ယူရေးတင်ဒါ ၂ ခုနှင့် တည်ဆောက်ရေးလုပ်ငန်းတင်ဒါ ၂ ခုခေါ်ယူခဲ့ရာ ရန်ကုန်အခြေစိုက်ကုမ္ပဏီများဖြစ်သည့် K & DL ကုမ္ပဏီနှင့် မိုးကုတ်ရွှေရည်တို့က တင်ဒါအားလုံးကို ရရှိခဲ့သည်။
ထို့နောက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဖြစ်သူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးပြုံးချိုတို့ စီမံကိန်းသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး စီမံကိန်းကို ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်တွင် အပြီးသတ်ဆောင်ရွက်ရန် ဖြစ်သည်။
စီမံကိန်း အချိန်မီပြီးစီးခြင်းမရှိခဲ့သည့်အတွက် ၂၀၁၇ ခုနှစ် မေလအထိ ပထမအကြိမ် သက်တမ်းတိုးခဲ့ပြီး ထိုနှစ်မေလတွင် ဟားခါးမြို့၌ မိုရာမုန်တိုင်းကျရောက်ခဲ့သဖြင့် အောက်တိုဘာလအထိ ဒုတိယအကြိမ် သက်တမ်းတိုးပေးရန် ကုမ္ပဏီက တောင်းဆိုခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုသို့ ဒုတိယအကြိမ် သက်တမ်းတိုးထားစဉ်အတွင်း ရေပေးဝေရေးစီမံကိန်း လုပ်ကိုင်ခွင့်ရကုမ္ပဏီတစ်ခုဖြစ်သည့် မိုးကုတ်ရွှေရည်ကုမ္ပဏီမှ ဒါရိုက်တာ ဦးကျော်စိုးနိုင်နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးပြုံးချိုတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံခဲ့ရသဖြင့် စီမံကိန်းနှောင့်နှေးခဲ့ပြီး တတိယအကြိမ် သက်တမ်းတိုးခဲ့ရသည်ဟု ဆိုသည်။
၂၀၁၅ ခုနှစ်အတွင်းက ရန်ကုန်ရှိ မြေကွက်အရောင်းအဝယ်တစ်ခုနှင့် ပတ်သက်ပြီး ပြည်နယ်ထွေအုပ်ညွှန်ကြားရေးမှူး ဦးပြုံးချိုနှင့် ကုမ္ပဏီဒါရိုက်တာ ဦးကျော်စိုးနိုင်တို့ ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း အဂတိဖြင့် အရေးယူခံခဲ့ရခြင်းဖြစ်သည်။
ထိုသို့ အရေးယူခံရသည့်အချိန်က ဦးပြုံးချိုမှာ ပြည်ထဲရေးဝန်ကြီးဌာနတွင် ဒုတိယအမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ယူနေချိန်ဖြစ်ကာ ထိုသို့အရေးယူခံရပြီးနောက် ချင်းပြည်နယ်သို့ ပြောင်းရွှေ့ခံခဲ့ရပြီး ရေပေးဝေရေးစီမံကိန်းဆောင်ရွက်ချိန်တွင် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဖြစ်ခဲ့သည်။
ဟားခါးရေပေးဝေရေးစီမံကိန်းလုပ်ကိုင်ခွင့်ရ ကုမ္ပဏီနှစ်ခုမှာ မိတ်ဖက်ကုမ္ပဏီများဖြစ်ပြီး စီမံကိန်းကို ဦးဆောင်တာဝန်ယူခဲ့သည့် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးပြုံးချိုနှင့် ပုဂ္ဂိုလ်ရေးဆက်စပ်မှုရှိသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က Myanmar Now ကို ပြောသည်။
“သူတို့က ဆက်စပ်နေတယ်။ သူက ပြည်နယ်အတွင်းရေးမှူးဖြစ်တယ်။ ဟိုကုမ္ပဏီနှစ်ခုက မိတ်ဖက်ကုမ္ပဏီတွေဖြစ်တော့ အဲ့လိုတွေဖြစ်ကုန်တာ။ ရှုပ်ကုန်တာ” ဟု ဦးစိုးထက်က ပြောသည်။
မိုးကုတ်ရွှေရည်ကုမ္ပဏီ ဒါရိုက်တာ ဦးကျော်စိုးနိုင် အဂတိဖြင့် အရေးယူခံရချိန်တွင် စီမံကိန်းလုပ်ငန်းများကို K&DL ကုမ္ပဏီက ဆက်လက်ဆောင်ရွက်ရန် ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက နှုတ်မိန့်ဖြင့် ပြောကြားခဲ့သော်လည်း စီမံကိန်းလုပ်ငန်းခွဲဝေမှုနှင့် ပတ်သက်၍ အတိအကျမသိရကြောင်း အစီရင်ခံစာက ဆိုသည်။
ထို့ကြောင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးစီးဆောင်ရွက်သည့် ဟားခါးရေပေးဝေရေးစီမံကိန်းကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအထိ တတိယအကြိမ် သက်တမ်းတိုးပေးခဲ့ရသည်ဟု ဆိုသည်။
ရေပေးဝေရေးစီမံကိန်းကို ကျွမ်းကျင်အင်ဂျင်နီယာပညာရှင်များရှိသည့် စည်ပင်သာယာရေးကော်မတီကို ဦးဆောင်လုပ်ကိုင်ခွင့်ပေးရန် ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြခဲ့သည်ဟု စီမံကိန်းစတင်ချိန်က ပြည်နယ်စည်ပင်သာယာရေးအဖွဲ့တွင် ညွှန်ကြားရေးမှူးဖြစ်ခဲ့သူ ဦးထလာဟရဲက ပြောသည်။
“ဝန်ကြီးချုပ်ဆီမှာ ကျွန်တော် နှစ်ကြိမ်၊ သုံးကြိမ်ပြောတယ်။ စည်ပင်ကိုပေးပါ။ စည်ပင်က (လုပ်ငန်းအပ်နှံသူအဖြစ်) တိုက်ရိုက်ကိုင်တွယ်မှဖြစ်မယ်။ တင်ဒါရောင်းတာတော့ အစိုးရအဖွဲ့က ရောင်းပါ။ အစိုးရအဖွဲ့က ကြိုက်တဲ့ကုမ္ပဏီကို ပေးပါ။ လုပ်ငန်းကြီးကြပ်တာ စည်ပင်က ကြီးကြပ်မယ်” ဟု စီမံကိန်းကို စည်ပင်က ကိုင်တွယ်သင့်ကြောင်း တင်ပြခဲ့ခြင်းကို ဦးထလာဟရဲက ပြောသည်။
“ဒါပေမယ့် ဝန်ကြီးချုပ်က လက်မခံဘူး။ အထွေထွေအုပ်ချုပ်ရေးဌာနကိုပဲ တာဝန်ပေးတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ပြည်နယ်လွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်း
သုံးကြိမ်တိုင် သက်တမ်းတိုးခဲ့သော်လည်း အပြီးသတ်ဆောင်ရွက်နိုင်ခြင်းမရှိသည့် ဟားခါးမြို့ရေပေးဝေရေးစီမံကိန်းကို ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွင်း ပြီးစီးအောင်ဆောင်ရွက်ရေး ပြည်နယ်အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း ပလက်ဝမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးပြေမင်းက ဒီဇင်ဘာ ၄ ရက်တွင် အရေးကြီးအဆို တင်သွင်းခဲ့သည်။
ထိုအရေးကြီးအဆို အတည်မပြုရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်၊ စည်ပင်ဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးတို့က ပြည်နယ်လွှတ်တော်၌ အကြိတ်အနယ်ဆွေးနွေးခဲ့ကြသော်လည်း မဲခွဲဆုံးဖြတ်ပြီးနောက် အဆိုကို လွှတ်တော်က အတည်ပြုခဲ့သည်။
ရေပေးဝေရေးစီမံကိန်းမအောင်မြင်ရခြင်းမှာ စီမံကိန်းဒီဇိုင်းကြောင့်ဖြစ်ပြီး တာဝန်ရှိသူများကို အရေးယူမည်ဟု ပြည်နယ်ဝန်ကြီးချုပ်က လွှတ်တော်၌ ပြောကြားခဲ့သော်လည်း ကုမ္ပဏီ သို့မဟုတ် မည်သည့်ဌာနဆိုင်ရာကို အရေးယူမည်ကိုမူ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ခြင်း မရှိပေ။
စီမံကိန်းနှင့် ပတ်သက်ပြီး စည်ပင်သာယာဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်နှင့် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးထလာဟရဲတို့ တာဝန်ယူ၊ တာဝန်ခံသည့်အနေဖြင့် ရာထူးမှ နုတ်ထွက်ခဲ့ကြပြီးဖြစ်သည်ဟုလည်း ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က လွှတ်တော်တွင် ပြောကြားခဲ့သည်။
စည်ပင်သာယာရေးဝန်ကြီးအဖြစ် ၂ နှစ်ကျော် တာဝန်ယူခဲ့သူ ဆလိုင်းအိုက်ဇက်ခင်မှာ ၂၀၁၈ ခုနှစ် မေလအတွင်း နုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး ဟားခါးစျေးတည်ဆောက်ရေး၊ ဟားခါးမြို့ပြစီမံကိန်းနှင့် ဖလမ်းရေပေးဝေရေးစီမံကိန်းများကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုအရ မိမိဆန္ဒအလျောက် နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက နုတ်ထွက်စဉ် ပြောကြားခဲ့ဖူးသည်။
ဟားခါးရေပေးဝေရေးစီမံကိန်းတွင် တင်ဒါရွေးချယ်ခြင်းမှအစ လုပ်ငန်းပိုင်းအရည်အသွေး ကြီးကြပ်သည့်အဆင့်တိုင်းတွင် အားနည်းချက်များရှိနေပြီး လုပ်ငန်းကျွမ်းကျင်မှုနှင့် အတွေ့အကြုံရှိကုမ္ပဏီကို မရွေးချယ်ခဲ့သည့်အတွက် တင်ဒါစိစစ်ရေးအဖွဲ့တွင် တာဝန်ရှိကြောင်း ပြီးခဲ့သည့်နှစ်အတွင်း ထုတ်ပြန်ခဲ့သည့် ပြည်နယ်စာရင်းစစ်ချုပ်အစီရင်ခံစာက ဆိုသည်။
စီမံကိန်းလုပ်ငန်းပြီးစီးမှုကို သေချာမစိစစ်ဘဲ ငွေထုတ်ပေးခဲ့သူ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးတွင်လည်း တာဝန်ရှိသည်ဟု စာရင်းစစ်ချုပ်အစီရင်ခံစာက မှတ်ချက်ပြုထားသည်။ ထို့ပြင် ပစ္စည်းဝယ်ယူရေး ကြိုတင်ငွေထုတ်ပေးရာတွင် စာချုပ်ပါအချက်အလက်နှင့် ကိုက်ညီခြင်းမရှိသည့်အပြင် ဝယ်ယူသည့် ပစ္စည်းများအပေါ် အရည်အသွေးကြီးကြပ်စစ်ဆေးမှုလည်း အားနည်းခဲ့သည်ဟု ဆိုသည်။
ပိုက်များဝယ်ယူရာတွင် ကုမ္ပဏီနှစ်ခု၏ ခန့်မှန်းခြေစာရင်းထက် ကျပ်သိန်း ၃၀၀၀ ကျော်ဖိုး ပိုမိုဝယ်ယူခဲ့ပြီး ပိုလျှံရေပိုက်များမှာ ပြန်လည်အသုံးပြုရန် ခက်ခဲသည့်အတွက် “နိုင်ငံတော်ဘဏ္ဍာငွေ ဖြုန်းတီးရာရောက်သည်” ဟု စာရင်းစစ်ချုပ်အစီရင်ခံစာက ဆိုသည်။
ကန်ပက်လက်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးကွီးထန်းက “ကုမ္ပဏီက ဒီဇိုင်းမရှိဘဲနဲ့ ခန့်မှန်းပြီးတော့ လုပ်သွားတာ။ ရွာမှာ ခန့်မှန်းပြီး အလုပ်လုပ်တဲ့ ပုံစံမျိုးဖြစ်နေတယ်” ဟု ထောက်ပြသည်။
စီမံကိန်းနှင့် ပတ်သက်၍ သက်ဆိုင်ရာကုမ္ပဏီများကို ဥပဒေကြောင်းအရ အရေးယူရန် လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြဆွေးနွေးခဲ့သော်လည်း သတ်မှတ်ကာလအတွင်း စီမံကိန်းမပြီးပြတ်ခြင်းအပေါ် ကုမ္ပဏီများက ဒဏ်ကြေးပေးဆောင်ပြီးဖြစ်ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောသည်။
လက်ရှိတွင် စီမံကိန်းနှင့် ပတ်သက်၍ စွမ်းရေထွက်လေးခုမှ ရေသွယ်ရေးလုပ်ငန်းသာ ကျန်ရှိနေပြီး မြို့တွင်း ရေဖြန့်ဝေရေးနှင့်ဆိုင်သော လုပ်ငန်းများ ပြီးပြတ်ပြီဖြစ်ကာ စီမံကိန်းအတွက် မူလလျာထားသည့် ကျပ် ၂ ဒသမ ၉ ဘီလျံအပြင် ကျပ်သိန်း ၉၇၀၀ ကျော် ထပ်မံသုံးစွဲခဲ့ရသည်ဟုလည်း ၎င်းက ပြောသည်။
ကုမ္ပဏီနှစ်ခုလုံးမှ ဒါရိုက်တာများသည် ငွေကြေးကိစ္စများ ရှင်းလင်းပြီးဖြစ်သည့်အတွက် အရေးယူဆောင်ရွက်ရန် မသင့်ကြောင်းလည်း ဦးစိုးထက်က ဆိုသည်။
“ငွေအပေးအယူတွေ အကုန်လုံးပြီးသွားပြီ။ သူတို့လည်းပြောရရင်တော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေဖြစ်တယ်လေ။ Win – Win (နှစ်ဖက်အကျိုးရှိခြင်း) ပေါ့။ အရေးယူဆောင်ရွက်ဖို့ မသင့်တော့ဘူးလို့ ကျွန်တော်တို့ဘက်ကတော့ စဉ်းစားတာပေါ့ ”ဟု ဦးစိုးထက်က Myanmar Now ကို ပြောသည်။
မတူပီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်ကမူ “ဘာလို့ တရားမစွဲရဲတာလဲ အစိုးရဘက်က။ သူတို့မှာ အနှောင်အဖွဲ့တွေ ပါနေလို့လား။ ကျွန်တော်တော့ အဲလိုပဲ သံသယဖြစ်တော့တယ်။ အနှောင်အဖွဲ့ရှိလို့ပဲ တရားမစွဲတာလား” ဟု ပြောသည်။